Saturday, June 5, 2010

အသည်းကွဲမြို့တော်

နှင်းပန်းအိမ်

ကျမတို့နေထိုင်ရတဲ့ ဒုက္ခသည်စခန်းလေးက မနှစ်ကနဲ့ မတူဘူး။ သိပ်ကိုပူလာတယ်။ မိုးလည်း မရွာဘူး။ ခါတိုင်းဆို ရွာလိုက်တဲ့မိုး။ တောတောင်တခုလုံးက မိုးရေနဲ့ ရွှဲရွှဲစိုလို့။ တခါတလေ မြူခိုးတွေကြောင့် ပတ်ဝန်းကျင်တခုလုံးကို ဘာမှမမြင်ရတော့ဘူး။ မိုးမှုန်တွေက လေထဲမှာလွင့်လို့။ ရုပ်ရှင်ဗီဒီယိုထဲကလို အထူးပြုလုပ်ချက် လုပ်ထားတာ မဟုတ်ဘူး။ ဒါ သဘာဝအတိုင်း ဖြစ်နေတာ။ သဘာဝတရားနဲ့ နီးနီးကပ်ကပ် လက်ရေတပြင်တည်း နေရတဲ့ ဒုက္ခသည်စခန်းလေ။

သစ်ရွက်ကြွေသံ၊ သစ်ရွက်တွေ သစ်ပင်တွေကို လေတိုးသံတွေက စည်းချက်ညီညီ။ စည်းချက်အတိုင်းဆို အလွမ်းပါတဲ့ စည်းချက်တွေပေါ့။ စိမ်းဖန့်တဲ့ သစ်ပင်သစ်တောတွေကြားက ဒုက္ခသည် ကျမတို့ဘဝတွေ အလွမ်းတွေထဲ စီးမျောနေရပါတယ်။ လူတွေတင် မဟုတ်ဘူး၊ တဲအိမ်လေးတွေပါ လွမ်းလို့ တူပါရဲ့။ ငြိမ်သက်လို့။ ဒါ အိပ်မက်မဟုတ်ဘူး။ အထီးကျန်အားငယ်နေရတဲ့ ဒုက္ခသည်တဲအိမ်လေးတွေက လူ့အဖွဲ့အစည်းအကြီးကြီးနဲ့ ကင်းကွာနေရတာမို့လား။

ဒီအတွေ့အကြုံ၊ ဒီခံစားချက်က ဒုက္ခသည်ပန်းချီကားကို ဆွဲမယ်ဆိုရင် အခြေခံကောက်ကြောင်းတွေပဲ ဖြစ်ပါလိမ့်မယ်။ ဘဝဆိုတာ အိပ်မက်များစွာနဲ့ ဖွဲ့စည်းထားတာပါ။ စိတ်ကူးယဉ်တာတွေ၊ ဖြစ်ချင်တာတွေ၊ မဖြစ်ချင်တာတွေ၊ ဖြစ်နိုင်တာတွေ၊ မဖြစ်နိုင်တာတွေ၊ ချစ်ခြင်းတွေ၊ ခွဲခွာခြင်းတွေ၊ မျက်ရည်တွေနဲ့ အိပ်မက်ကို ဒုက္ခသည်တွေ နေ့နေ့ညည မက်နေရပါတယ်။ မိုးက ဟန်ရေးတပြပြ။ လောကသဘာဝအတိုင်း ပွင့်ကြဖူးကြ၊ မွှေးကြကြိုင်ကြတာဆိုပေမယ့် ဒုက္ခသည်တွေ မှီခိုနေရတဲ့ အိမ်ရှင်နိုင်ငံရဲ့ သောကအပူကိုလည်း မေ့ထားလို့ မရပြန်ဘူး။ အိမ်ရှေ့ပူ အိမ့်နောက်မချမ်းသာဆိုတဲ့ ဗမာစကားပုံအတိုင်း မိမိဘဝနဲ့ယှဉ်ပြီး ခံစားရပါသေးတယ်။

ကျမတို့ နေထိုင်တဲ့ ဒုက္ခသည်စခန်းထဲမှာ PRE .. ပရီနံပါတ်နဲ့ နေထိုင်သူ ဒုက္ခသည်အသစ်လေးတွေ ၆ဝဝဝ လောက် ရှိပါတယ်။ ဒုက္ခသည် အသစ်လေးတွေရှေ့မှာ ဒုက္ခသည်လူဟောင်းတွေ ရှိပါတယ်။ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်ထဲက စခန်းထဲ ရောက်နေတဲ့သူတွေပါ။ သူတို့နဲ့အတူ ရောက်သူတွေ ထောင်ချီပြီး ထွက်သွားကြပြီ။ သူတို့ထဲက မိသားစု ၄ဝဝ လောက် ရှိပါသေးတယ်။ ဒုက္ခသည်အသစ်တွေကို ထိုင်းပြည်ထဲရေး လက်ခံလိုက်ပြီဆိုရင် MPO ရမယ်လို့ ပြောကြတယ်။

MPO ရမှ ဒုက္ခသည်စခန်းထဲကို ဒုက္ခသည်တွေ အခြေချပြောင်းရွှေ့နေထိုင်ရေးအတွက် နိုင်ငံတချို့က ခေါ်ကြပါတယ်။ အများဆုံး ခေါ်တာက အမေရိကန်ပါ။ အမေရိကန် ခေါ်ယူတဲ့အခါ OVERSEAS PROCESSING ENTITY ARRIVAL ဆိုတဲ့ OPE ကို အရင်ဖြတ်ရပါတယ်။ OPE အဆင့် အောင်မြင်ပြီးရင် ဒုက္ခသည်စာမေးပွဲကို တဆင့်ပြန်ဖြေရပါတယ်။ DEPRTURE OF HOMELANT SECURITY ဆိုတဲ့ DHS ကို ဖြေရတာပါ။ DHS အောင်မြင်ရင် အမေရိကန်နိုင်ငံရဲ့ လက်ခံစာကို လပိုင်းလောက်စောင့်ပြီးရင် ရပါပြီ။ နာမည်တူ၊ လက်ဗွေတူဆိုတဲ့ အဖြစ်မျိုးဆိုရင်လည်း အချိန်အကန့်အသတ်မရှိ ကြာတတ်ပါတယ်။

အားလုံး ရှင်းလင်းရင် သိပ်မကြာခင်မှာပဲ ထွက်ဒိတ်ကို ဒုက္ခသည်စခန်းရုံးရှေ့မှာ စာကပ်ထားပါတယ်။ ဒီလိုဆိုရင် တတိယနိုင်ငံကို အခြေချပြောင်းရွှေ့နေထိုင်မယ့်သူက ကိုယ်အခြေချနေထိုင်မယ့် နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံကို သင်တန်းတက်ရပါတယ်။ ဒီသင်တန်းမှာ လေယာဉ်စီးရင် ခံစားရမယ့် လေယာဉ်အတွေ့အကြုံကိုပါ သင်တန်းပေးပါတယ်။ သင်တန်းတက်ရတဲ့ ဒုက္ခသည်တွေထဲမှာ ကလေးငယ်တွေပါရင် ကလေးငယ်တွေကို ထိန်းပေးမယ့်သူတွေ ရှိပါတယ်။ ဒီကလေးထိန်းတဲ့ သူတွေကလည်း ဒုက္ခသည်တွေပါပဲ။ တနေ့မှာ ဘတ် ၈ဝ-၁ဝဝ ရပါတယ်။ ဒါကလည်း နေ့တိုင်း ထိန်းရတာ မဟုတ်ပါဘူး။ သင်တန်းရှိတဲ့ ရက်မှာပဲ ထိန်းရတာပါ။

ဒုက္ခသည်ဘဝမှာ နှစ်များစွာ နေထိုင်ခဲ့တဲ့ နေရာလေးဟာ ဟိုတုန်းက စိတ်ဖိစီးမှုတွေကြောင့် စိတ်ဒဏ်ရာတွေနဲ့ အကျည်းတန်ခဲ့သမျှ နောင် ဘယ်လိုမှ ပြန်တွေ့စရာမလိုတော့တဲ့အတွက် အလွမ်းတွေနဲ့ မြင်သမျှ လှနေတော့တာ။ နောင် ပြန်ဆုံဖို့ရောက်ဖို့ မလွယ်တဲ့ နေရာဒေသမှာ အမှတ်တရဓာတ်ပုံတွေ ရိုက်ကြတယ်။ လာ-ဟူး-ကြာဆိုတဲ့ ဈေးနေ့လေးကိုလည်း မမေ့မလျော့ ဓာတ်ပုံရိုက်ကြတာပဲ။ ရာသီနဲ့ယှဉ်ပြီး တွေ့ရတဲ့ ဈေးတန်းလေးက ခါတိုင်းနဲ့ မတူတော့ဘူး။

မြေပြင်မှာ ချရောင်းနေတဲ့ ရာသီပေါ် အသီးအနှံလေးတွေကလည်း စားချင်စဖွယ်။ အခုလို မိုးဦးမှာ ဖလံတောင်မွှေး နုနုစိမ်းစိမ်းလေးတွေ၊ ဒညင်းသီးနုနုလေးတွေ၊ ဝါးပင်တွေဘေးက တူးတာမဟုတ်ဘဲ မြေကြီးထဲက တူးထားတဲ့ မျှစ်စိမ်းစိမ်းတွေကို အခွံခွာထားလို့ ဖွေးဖွေးလှုပ်နေတယ်။ ရာသီမသိ ပန်းနဲ့မညှိရဘဲ အသီးအနှံနဲ့ ညှိနေရတဲ့ ဒုက္ခသည်စခန်းလေးပါ။

ဒီလိုနဲ့ တတိယနိုင်ငံကို အခြေချပြောင်းရွှေ့သွားတဲ့ လူဟောင်းတွေ တတိတိ ထွက်ခွာသွားနေရတဲ့ အချိန်မှာ Hold (ဆိုင်းငံ့) ၊ Reject (ငြင်းပယ်) တွေက စိတ်ဒဏ်ရာတွေနဲ့ ကိုယ့်ကံကြမ္မာကို မေ့ပျောက်နေရပါတော့တယ်။ ဘယ်အချိန် ဒုက္ခသည်စခန်းက ထွက်ခွာရမယ်ဆိုတာ မသိနိုင်တဲ့ သူတွေပါ။ ကိုယ့်မိခင်နိုင်ငံကိုလည်း ပြန်လို့မရ၊ အိမ်ရှင်နိုင်ငံမှာလည်း တရားဝင်ရပ်တည်ပြီး လုပ်ကိုင်စားလို့မရနဲ့ ဒုက္ခသည်အဖြစ်နဲ့ လောကဓံဆီမှာ လည်စင်းခံနေရပါတော့တယ်။

ဒုက္ခသည်တယောက်ရဲ့ နိစ္စဓူဝတွေကို နားထောင်ကြည့်ပါဦး။ တောကြက်၊ အိမ်မွေးကြက်တွေ အသံနဲ့ မနက်အာရုံကို နိုးထရပါတယ်။ စခန်းထဲမှာ ပဲပြုတ်၊ ကောက်ညှင်းပေါင်း၊ အီကြာကွေးဆိုတဲ့ အသံနဲ့ မနက်အာရုံကို နိုးရတာပဲ။ အိပ်ယာကနိုး၊ မနက်အစာပြေအတွက် ငွေသုံးနိုင်သူက အီကြာကွေး၊ ကောက်ညှင်းပေါင်းစား၊ မတတ်နိုင်သူကလည်း ထမင်းကြမ်း အစာပြေစား။ ပြီးတာနဲ့ ပလပ်စတစ်ဘုံးအပြာ၊ အဖြူလေးတွေကို ထမ်းပိုးနဲ့ရှို၊ ပုဆိုးနဲ့သိုင်းပြီး သောက်ရေခပ် ထွက်ကြတယ်။ စခန်းတွင်း ဘုံဘိုင်က ထုံးများလို့ ထမင်းချက်သောက်ရေအတွက် တောင်ကျရေကို အားပြုနေရတယ်။ ဒီတော့ တောင်ကျရေရှိတဲ့ နေရာကို နေ့စဉ် သွားပြီး တနိုင်တပိုင် ထမ်းကြပိုးကြ၊ ရွက်ကြနဲ့ ရေခပ်ရတယ်။ မိုးဦးကျ အခုလိုအချိန်မှာ ဖလံတောင်မွှေးလည်း ရေခပ်ရင်း ရှာကြတယ်။

အိမ်ပြန်ရောက်တော့ ထမင်းချက်ပြုတ်ရင်း ရေဒီယိုသတင်း နားထောင်ရတယ်။ မြန်မာပြည်သတင်းတွေ နားထောင်ပြီး အပူချိန်မြင့်နေတဲ့အချိန် အမိအဖဆွေမျိုးတွေ၊ မိတ်ဆွေတွေ၊ ပြည်သူတွေ ဘယ်လိုနေပါ့မလဲလို့ ပူရသေးတယ်။ နိုင်ငံရေးရာသီဥတုရော၊ သဘာဝရာသီဥတုပါ မြန်မာနိုင်ငံမှာ သိပ်ကို ပူပြင်းနေတာမို့လား။ မီးမလာရေမလာနဲ့ အပူဒဏ်ကို လည်စင်းခံနေရတဲ့ မြန်မာပြည်သူတွေအတွက် ရေအလှူရှင်တွေကို ကျမတို့က သာဓုခေါ်ရပါတယ်။ သူတပါးအကူအညီကို ကိုယ့်အကူအညီ၊ သူတပါးနာမည်ကို ကိုယ့်နာမည်၊ သူတပါးပေးဆပ်မှုကို ကိုယ့်ပေးဆပ်မှုအဖြစ် ဆိုင်းဘုတ်ပြောင်း ခေါင်းစီးပြောင်းတတ်သူ အလံတခု အရင်းပြုထားတဲ့ ကြံ့ခိုင်ရေးတွေ ရေအလှူရှင်တွေကို ဒုက္ခပေးနေတာကိုလည်း နားမသက်သာစရာ ကြားနေရပါတယ်။

ဒီကြံ့ခိုင်ရေးတွေကို စစ်အာဏာရှင်က အကာအကွယ်ပေးနေတယ်။ စစ်အစိုးရက သူတို့ အကျိုးစီးပွားနဲ့ အမုန်းတရားအောက်မှာပဲ ဥပဒေကို ပြဋ္ဌာန်းတာပါ။ ကျမတို့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် ရှိနေသရွေ့ နိုင်ငံရေးအကျဉ်းသား၊ လက်နက်ကိုင် တော်လှန်ရေး၊ စစ်ရေးနိုင်ငံရေး ဒုက္ခသည်တွေ မပြတ်ရှိနေမှာပါ။

ကျမတို့ ဒုက္ခသည်စခန်းမှာ ရေအတွက် မပူရပါဘူး။ ဒုက္ခသည်စခန်းအတွင်းမှာ ဘုံဘိုငုတ်တိုင်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေမှာ ရေသိုလှောင်စရာ ရေတိုင်ကီ၊ အုတ်ကန်မရှိတဲ့အတွက် ရေချိန်မှတ်ပြီး ရေထည့်ရပါတယ်။ ဒါကြောင့် အိမ်တိုင်းမှာ ရေချိန်လေးတွေ ကပ်ထားရတယ်။ အလှည့်ကျရေချိန် တနေ့ ၄ ကြိမ် ရပါတယ်။ ပလပ်စတစ်အိတ်ကို ပီနံအိတ်စွတ်၊ ဝါးနဲ့ကွတ်ပြီး ရေအိတ်လုပ်ထားတဲ့အထဲ ရေထည့်ရတာပါ။ ဒီတော့ ရေဆိုတာ မရှိမဖြစ်မို့ ကိုယ့်အချိန်တိုင်း ရေလိုချင်ကြသူချည်းပါ။ နေ့စွဲမှားပြီး ရေချိန်မှားတပ်မိလို့ တခါတရံ ပြဿနာသံ စကားကျယ်ကျယ်လောင်လောင်တွေလည်း ကြားရတတ်ပါတယ်။ ဒီလိုပြဿနာတွေထဲမှာ ငရုတ်သီးညှော်ပြဿနာကလည်း ဒုက္ခတခုပါ။ အစပ်ဆိုတာ ခံတွင်းမြိန်တာမို့ ငရုတ်သီးကြော်က မပြတ်ဘူး။ တဲအိမ်လေးတွေကလည်း ပွတ်သီးပွတ်သပ်မို့ ညှော်တာပါ။ တခါတရံ ဘာမှ ပြဿနာမဖြစ်ပေမယ့် တခါတရံတော့ ဒါကလည်း မခံမရပ်နိုင်တဲ့ အငေါ့အထေ့လေးတွေ ဖြစ်ရပါတော့တယ်။ မပြည့်စုံမှု၊ စိတ်ဖိစီးမှုကြောင့် ဆူပွက်လာတဲ့ ဒုက္ခထုထည်ကို နှုတ်နဲ့ပဲ ဖြိုဖျက်နေရတယ်ဆိုတာကို နားလည်ပြီး အပြန်အလှန် ခွင့်လွှတ်နေကြရပါတယ်။

စခန်းတွင်း အုပ်ချုပ်ရေးအဆင့်ဆင့်မှာ လမ်းမှူး၊ လမ်းလူကြီး၊ လုံခြုံရေးတာဝန်ရှိသူဆိုတာ ရှိပါတယ်။ လမ်းမှူးနဲ့အတူ လုံခြုံရေးတာဝန်ရှိသူများက ကျမတို့ စခန်းတွင်း လိုက်နာရမယ့် စည်းကမ်းတွေကို ဟန်းစပီကာနဲ့ ကြေညာပေးတယ်။ ဝမ်းရောဂါ၊ ကြက်ငှက်တုတ်ကွေးရောဂါ ကာကွယ်ရေးအတွက် အသိပေးကြေညာချက်တွေ ထုတ်ပြန်တယ်။ ကျန်းမာရေး ပညာပေးဟောပြောပွဲတွေ လာရောက်နားထောင်ဖို့ အသိပေးတယ်။ ၃ နှစ်အောက် ကလေးတွေ တလတခါ ကီလိုချိန်ဖို့ ကြေညာပေးတယ်။ တလတခါ ရိက္ခာထုတ်ဖို့ အရင်ဆုံး လူစစ်ပါတယ်။ ရပ်ကွက် ၁ ကနေ ၁၆ အထိ ရှိတာမို့ လူစစ်-ရိက္ခာထုတ်က ရိက္ခာရုံမှာ ပြတ်တယ်မရှိပါဘူး။ ရိက္ခာရုံက ကျမတို့ တဲအိမ်လေးတွေနဲ့ အတော်ဝေးပါတယ်။ လူစစ်ခေါ်တတ်တာက မနက် ၉ နာရီ ချက်ချိန်ပြုတ်ချိန်ကြီးမို့ ထမင်းအိုးဟင်းအိုးထားပြီး ပြေးရတာ များပါတယ်။ အရောင်စုံ၊ အရွယ်စုံ၊ အသွေးစုံ၊ အနိမ့်အမြင့် ဖြတ်သန်းရတဲ့ ဘဝမတူညီမှုတွေက ဒီအချိန်မှာ တပြေးညီသွားတတ်ပါတယ်။

ရိက္ခာလူစစ်ပြီး မကြာခင် ဆန်ထုတ်ရတတ်ပါတယ်။ တခါတရံတော့လည်း မနက်လူစစ် ညနေဆန်ထုတ်ရပါတယ်။ ဒီလိုဆိုရင် ဆန်ထုတ်ပြီး လှည်းသမားကို အိမ်အရောက် ၁ဝ ဘတ်ပေးရင် ကိုယ်ထမ်းစရာ မလိုတော့ဘူး။ ကျမတို့ မြန်မာပြည်က စပါးကျီလို့ တင်စားရတဲ့ စိုက်ပျိုးရေးနိုင်ငံပါ။ ဆန်ဆိုတာ အမျိုးအစားစုံ၊ နွေစပါး၊ မိုးစပါးဆိုပြီး ဈေးသတ်မှတ်တယ်။ မိုးစပါးက ဆန်ကြောမာတယ်။ သိုလှောင်လို့ ကောင်းတဲ့အတွက် မိုးစပါးကို ပိုကြိုက်ကြတယ်။ ဆန်ဆို ကိုယ့်ဝင်ငွေပေါ် မူတည်ပြီး ဆန်ချော၊ ဆန်ကောင်း စားကြတယ်။ တောင်ပျံ၊ ပေါ်ဆန်မွှေး၊ ကောက်ကြီး၊ ပေါ်ကျွဲ၊ ဧရာမင်း၊ မနော်ဟရီ၊ ဧည့်မထ အစရှိတဲ့ ဆန်တွေ ဘယ်လိုလဲဆိုတာကို သတိရမိသေးတယ်။ ကျမတို့ စားနေရတဲ့ ဆန်က သုံးလွန်းတင်။ ကျမက ရေနွေးဆူအောင် တည်ပြီးမှ ဆန်ခတ်ချက်တယ်။ ထမင်းနပ်ရင် ထမင်းအိုး အပေါ်ဖုံးမှာ မီးသွေးခဲလေးတင်ပြီး နှပ်ထားလိုက်တာ။ ဒီနည်းက ကျမတို့ အဘွား ဇကွဲထမင်းချက်တဲ့ နည်းလေ။ မှတ်မိနေတဲ့ ကျမအတွက် ဟန်ကိုကျလို့။

မနက်စာညစာကို တောတောင်ထဲ၊ ရွာထဲ၊ ကန့်ထဲ အသီးအရွက်ကို ဟင်းဖြစ်အောင် ချက်စားပြီး ညနေ လမ်းလျှောက်ထွက်ကြတယ်။ အင်ဖက်အမိုး နိမ့်နိမ့်လေး ၁၂ ပေလောက်ရှိတဲ့ ဝါးတဲလေးထဲမှာ ညောင်းချိနေတဲ့ သူတွေအဖို့ အမိုးအကာမရှိတဲ့ ကောင်းကင်ကျယ်ကျယ်အောက်မှာ လမ်းလျှောက်ရတဲ့ အရသာကို ခုံခုံမင်မင် ရှိကြတယ်။ စိတ်လက်ပေါ့ပါး စိတ်လက်ကြည်လင်သွားတယ်ဆိုတာ ညနေခင်း လေပြေအောက် လမ်းလျှောက်ဖူးသူတွေ သိကြမယ်။

ကျမနေတဲ့ ဒုက္ခသည်စခန်းရဲ့ တောတောင်ရှုခင်းက သိပ်ကို သာယာပါတယ်။ တောပန်းတောင်ပန်းတွေရဲ့ ရနံ့က သင်းသင်းပျံ့ပျံ့၊ တောင်ကုန်းပေါ်ကနေ စခန်းထဲကို လှမ်းကြည့်ရင် တဲအိမ်လေးတွေက ပြားဝပ်လို့။ ရွာမယ်ဟန် တပြင်ပြင်နဲ့ ခြိမ်းခြောက်နေတဲ့ မိုးတပေါက်နှစ်ပေါက်ကျပြီး မကြာခင် သက်တန့်ရောင်စုံ ခုံးခုံးလေး ပေါ်လာတတ်တယ်။ တောင်တွေနောက်က သက်တန့်ကိုကြည့်ပြီး ဝမ်းသာအားရ အော်ဟစ်တတ်တဲ့ ကလေးတွေရဲ့ အသံက တောတောင်တွေပေါ်မှာ ပဲ့တင်ထပ်နေတယ်။ တောတောင်ရဲ့ နှလုံးခုန်သံကိုလည်း ကျမတို့ နားထောင်ကြတယ်။ ကျမတို့ ဒုက္ခသည်တွေကို တဒင်္ဂမှာ ကောင်းကင်က ပုခက်ကြိုးလွှဲပေးပြီး မြေကြီးက ကြင်ကြင်နာနာနဲ့ ချော့သိပ်တော့တာပဲ။ ကျမတို့ခေါင်းပေါ်က တိမ်တွေကလည်း ကျမတို့ကို အားကျပြီး တောင်တွေကြားမှာ ပုခက်စီးနေကြတာပေါ့။ တောပန်းတောင်ပန်းတွေရဲ့ ရနံ့ကလည်း ကျမတို့ကို အမောပြေအောင် လုပ်ပေးသေးတာ။

”အမျိုးအမည်မသိတဲ့ ပန်းတွေမို့ ဘာပန်းတွေရယ်လို့ သိနိုင်တတ်ပြီ။ မငုံတချို့ ငုံတချို့နှင့် မှုန်လို့စီ” ဆိုတဲ့ ဝိဇယပြဇာတ်ထဲက စလေဦးပုညရဲ့ စာတွေလည်း သတိရနေမိတယ်။ နေလုံးက တောင်တွေနောက် ပုန်းလျှိုးသွားမှ ကျမတို့တွေ ကိုယ့်ဝပ်ကျင်းလေးတွေရှိရာ ပြန်လာကြတယ်။ ည ၉ နာရီအထိပဲ မီးထွန်းခွင့်ရှိတဲ့ ဒုက္ခသည်စခန်းလေးဟာ အိပ်ချင်ချင်၊ မအိပ်ချင်ချင် အိပ်ပျော်အောင် ကြိုးစားရတယ်။ ညလူခြေတိတ်ချိန်မှာ ခံစားချက်တွေ ဖွင့်ထုတ်တတ်တဲ့ ABSDF က ရဲဘော်တဦးရဲ့ ရင်ထဲက ထွက်ပေါ်လာတဲ့ ခံစားချက်သီချင်းသံက ကြားရသူ ကျမတို့ကို အတွေးတွေနဲ့အတူ ခံစားချက်မျိုးစုံ ပေးတော့တယ်။ ၂ဝဝ၅ ခုနှစ်ကတည်းက ဒုက္ခသည်စခန်းကို ရောက်နေတဲ့ ရဲဘော်တဦး။ သူ့ရဲ့ ဘဝဖြတ်သန်းမှုက တတိယနိုင်ငံ အခြေချပြောင်းရွှေ့နဲ့ ငြိနေတယ်။

ဘယ်နေ့ဘယ်အချိန် ဘယ်ကာလမှ ဒုက္ခသည်စခန်းထဲက ထွက်ခွာရမှန်း မသိတဲ့သူ။ သူ့သီချငိးသံကြားရင် ကျောင်းသားက သူပုန်ဖြစ်ရတဲ့၊ စာသင်ခန်းတွေပိတ်၊ အကျဉ်းထောင်တွေဖွင့်တဲ့ စစ်အာဏာရှင်ကို ကျမ တူးတူးခါးခါး နာကျည်းလာတယ်။ သူ့ရဲ့ ငယ်ရွယ်နပျိုမှုကို တောတွင်းလက်နက်ကိုင် တော်လှန်ရေးမှာ ပေးဆပ်ခဲ့ရတယ်။ သူ့ရဲ့ လူလတ်ဘဝကို ဒုက္ခသည်စခန်းထဲမှာ ပေးဆပ်နေရတယ်။ သူ့ရင်ထဲက ခံစားချက်ကို ကျမ သိလည်း သိချင်တယ်။ ဒါပေမဲ့ မမေးရက်ဘူး။ သူ့ခံစားချက် ဖြစ်ပေါ်လာဖို့ အကြောင်းတရားတွေက ဘယ်လောက်များ ကြေကွဲဝမ်းနည်းစရာတွေ ပါလိုက်မလဲ။ ”ထိခိုက်မှုတွေ များလွန်းလို့ ကျနော့်မှာ ဘယ်ဒဏ်ရာက ပိုနာတယ်လို့ ရွေးမပြောတတ်တော့ဘူး” လို့ ပြောလာရင် ကျမ ဘယ်လိုမှ နားထောင်ရက်မှာ မဟုတ်ဘူး။

ဒီလိုနဲ့ ကျမတို့ ဒုက္ခသည်တွေ မိုးလင်းမိုးချုပ် လောကဓံနဲ့ အသက်ရှင်လုပ်တန်း ကစားနေရတယ်။ ဒုက္ခသည်စခန်းမှာ ဝါနှစ်ခါဆိုပြီးတဲ့ ကျမ အရင်ရောက်နှင့်သူတွေ ဒုက္ခသည်တွေရဲ့ စိတ်ဒဏ်ရာကို ကိုယ်ချင်းစာနာနိုင်ခဲ့ပါတယ်။ ကျမတို့ ဒုက္ခသည်အသစ်တွေက တတိယနိုင်ငံ အခြေချနေထိုင်ရေးအတွက် အင်တာဗျူးဖို့ဝေး ထိုင်းပြည်ထဲရေးကပေးတဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုတဲ့ MPO တောင် မရသေးဘူး။ လူဟောင်းတွေလို ကျမတို့ ဘဝစာမေးပွဲ မဖြေရသေးသလို ခက်ခဲတဲ့ မေးခွန်းတွေနဲ့ မဆုံရသေးဘူး။ ကျမတို့ လူ့အဖွဲ့အစည်းကြီးမှာ မကြားရ၊ မကြုံရတဲ့ အဖြစ်အပျက်တွေလည်း အများကြီး ရှိပါတယ်။ မိသားစု၊ ဇနီးမောင်နှံ၊ သားသမီးနဲ့ မိဘ ချစ်ခြင်းတွေ အနာဂတ်တွေကိုလည်း တခြားသူဆီမှာ ပုံအပ်ထားရတာ။ အိမ်ထောင်ဦးစီးရဲ့ ဘဝဖြတ်သန်းမှုက တတိယနိုင်ငံရဲ့ အခြေချပြောင်းရွှေ့နေထိုင်ရေးမှာ လက်မခံနိုင်စရာ၊ သံသယဖြစ်စရာဖြစ်လို့ နှောင့်နှေးကြန့်ကြာနေရတယ်။

ဒီလိုကြန့်ကြာနေသူတွေရဲ့ ဘဝကလည်း နာကြင်ကြေကွဲစရာ။ အချိန်ကြာလာတာနဲ့အမျှ သူတို့သားသမီးတွေ ဒုက္ခသည်စခန်းထဲမှာ တဖြည်းဖြည်း အရွယ်ရောက်လာတော့ သူတို့ရဲ့ ပညာရေး၊ လက်ရှိစားဝတ်နေရေး၊ ကျန်းမာရေးက မိသားစုချစ်ခြင်းမေတ္တာကိုပါ ထိခိုက်လာရတယ်။ ကိုယ့်နဲ့အတူ အေးအတူပူအမျှ ဒုက္ခကို မျှဝေခံစားခဲ့တဲ့ ဘဝတူတွေထဲက တတိယနိုင်ငံကိုရောက်လို့ အခြေကျနေပြီ။ ရာသီတွေ အလီလီပြောင်းပေမယ့် ကိုယ်က မသွားရသေးဘူး။ ဒီတော့ အိမ်ထောင်ဦးစီးက သူဘာလုပ်ရမလဲ။ သူ့ဘဝရဲ့ သမိုင်းဖြတ်သန်းမှုဖြစ်စဉ်ကို သူ လည်စင်းခံမယ်။ သူ့မိသားစုကို သူနဲ့ ခွဲထုတ်မယ်လို့ ပိုင်းဖြတ်တယ်။ စခန်းထဲကို UN ရောက်လာရင် သွားတွေ့ပြီး သူတို့ကို အကျိုးအကြောင်း ပြောပြတယ်။

သူ့ရဲ့ လက်ရုံးရည်၊ နှလုံးရည်နဲ့ သူ့မိသားစုကို သူ့ဘိုင်အိုနဲ့မတွဲဘဲ ခွဲထုတ်ဖို့ အကြံပြုတယ်။ ဒုက္ခသည်စခန်းမှာ အချိန်ပြည့် ပရဟိတအလုပ်တွေလုပ်ပြီး ခေါင်းပေါ်ကျောပေါ်မှာ ရာသီကုန် မပြတ်ရောင်းပြီး ဘဝရပ်တည်နေရတဲ့ မင်းသားကြီး နို့ဖိုး ဖိုးချစ်က သူ့စိတ်ဒဏ်ရာကို အရက်နဲ့ ဒဏ်ကြေဆေးလိမ်းသလို လိမ်းတယ်။ သူမူးနေရင်တော့ သူ့မိန်းမနဲ့ ကလေးတွေကို သူ့ဒုက္ခသည်ဘဝထဲက ခွဲထုတ်မယ်။ သူကတော့ ဒုက္ခသည်စခန်းထဲမှာပဲ ထားတဲ့အထိ နေတော့မယ်တဲ့။ သူမမူးရင်တော့ သားသမီး ၅ ယောက်နဲ့ သူ့မိန်းမကို မခွဲနိုင်ဘူး။ ”ငါတို့ ပြန်ဆုံဖို့ ဘယ်လွယ်မလဲ။ ငါ နေပူမရှောင် မိုးရွာမရှောင် လုပ်ကြွေးမယ်။ ဘယ့်လောက်ပင်ပန်းပါစေဟယ်။ မိသားစုနဲ့တော့ မခွဲနိုင်ဘူး။ ခွဲရရင် ငါ သေမှာ” လို့ သူ့ဝမ်းနည်းမှု၊ နာကျင်မှုကို ချပြတယ်။ တဖက်က မိသားစုအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာ၊ တဖက်က သူ့မိသားစု ဒုက္ခသည်ဘဝက လွတ်မြောက်ပြီး တတိယနိုင်ငံ အခြေချနေထိုင်ရေးဆိုတဲ့ အားပြိုင်မှုတွေနဲ့ သူ့စိတ်တွေ လွန်ဆွဲနေရတယ်။ ကြာတော့ သူ့ခန္ဓာကိုယ်လေးဟာ တဖြည်းဖြည်း ပါးလှပ်လာတယ်။

ABSDF က ရဲဘော်တဦးကတော့ သားသမီးမရှိပေမယ့် သူ့ဇနီးကို သူ့ဒုက္ခသည်ဘဝထဲက ခွဲထုတ်ပေးလိုက်တယ်။ သူက ဒုက္ခသည်စခန်းထဲမှာ ရင်တွင်းဒဏ်ရာနဲ့ အတွင်းကြေ ဖြစ်နေချိန်မှာ သူ့ဇနီးက ကမ္ဘာ့ခေါင်မိုးလို့ခေါ်တဲ့ အမေရိကန်ကို ရောက်သွားရပြီ။ သူနဲ့ သူ့ဇနီးက တယ်လီဖုန်းပေါ်မှာ အင်တာနက်ပေါ်မှာပဲ တွေ့နိုင်တော့တယ်။ ဒီတော့ လူချင်း ဘယ့်လောက်ဝေးဝေး စိတ်ချင်းနီးအောင် အကြောင်းတရား၊ အကျိုးတရားတွေနဲ့အတူ နည်းပညာတွေကလည်း ဘယ့်လောက်ထိအောင် လုပ်ပေးနိုင်ပါ့မလဲ။ လင်စုံမယားဘက် အသိုက်အမြုံဆိုတဲ့ စကား ဘယ့်လောက်လေးနက်တယ် ဆိုတာ ခံစားဖူးသူတိုင်း သိမှာပါ။

ဒုက္ခသည်ဆိုတာ ကိုယ့်ဘဝ ကိုယ်မပိုင်ဘူး။ ကိုယ့်ကံကြမ္မာ ကိုယ်မပိုင်ဘူး။ ကိုယ့်အနာဂတ် ကိုယ်မပိုင်ဘူး။ ဒုက္ခသည်ဆိုတဲ့ ဇာတိအဖြစ် ရရှိခြင်းကိုက လက်ပစ်ကူးခန်းတွေချည်းပါပဲ။ ကဗျာတပုဒ်ထဲကလို ဘဝပလပ်ခေါင်းနဲ့ ကံကြမ္မာပလပ်ပေါက် မတည့်မချင်း ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေ အသည်းကွဲနေရဦးမှာ ..။

No comments: