Tuesday, June 8, 2010

စပါး ငါးကန်

ငြိမ်းဝေ

၁၉၉၁ ခုနှစ်၊ မေလ …။

“ဒိုင်း.. ဒိုင်း… ဒိုင်း ”
ရွာလယ်လမ်းဆီက သေနတ်သံ ၃ ချက် ဆက်တိုက်ကြားရသည်။ တရွာလုံး ခွေးဟောင်သံများ ဆူညံသွားရ၏။ ကိုမောင်လှက တဲပေါက်ဝတွင် ရပ်လျက် နားစွင့်သည်။ နောက်ထပ်ပြီး သေနတ်သံ မကြားရ။ ခွေးဟောင်သံများ ဆူညံနေသည့်ကြားမှ ရွာဆော် ကိုအေးရဲ့ အော်သံက သောင်ပုရွာပေါ် လွှမ်းသွား၏။

“သောင်ပုရွာ ရွာသူရွာသားအပေါင်းတို့ခင်ဗျား.. တအိမ်တယောက် အိမ်ထောင်ဦးစီးကိုယ်တိုင် ရွာလူကြီး ဦးလှရွှေအိမ်ရှေ့ အခုချက်ချင်း လာရောက်ကြပါရန် နှိုးဆော်အပ်ပါတယ်ခင်ဗျား..” ရွာဆော် ကိုအေးရဲ့ အော်သံနောက်က သေနတ်သံတချက် ကြားရပြန်သည်။

ချက်ချင်းဆိုသလို ခွေးဟောင်သံများက ရွာအောက်ပိုင်းကို ရွေ့သွား၏။ ရွာဆော် ကိုအေးရဲ့အော်သံကလည်း တဖြေးဖြေးဝေးသွား၏။ ကိုမောင်လှ နေရာမှာတွင် ရပ်ကာ ငိုင်နေမိသည်။ ရွာလူကြီးအိမ် လူစုခိုင်းတဲ့ကိစ္စ သေနတ်ဖောက်ပြီး လူစုတာတော့ မကောင်းပါဘူး .. ဟု တွေးမိသည်။

“ကဲ ကိုမောင်လှ ထမင်းလေးတော့ ခပ်မြန်မြန်စားလိုက်ဦး။ ဟိုမှာ ဘယ်လောက်ကြာမယ်ဆိုတာ မပြောနိုင်ဘူး။ ဒါ မြိုးဆိုးစစ်တပ်ဂိတ်က စစ်သားတွေပဲဖြစ်မယ်။ တော်ကြာ နောက်ကျနေရင်လည်း ပြဿနာ လုပ်ခံနေရဦးမယ်၊ ခပ်မြန်မြန်စားပြီး သွားလိုက်ပေါ့” မနှင်းဆီက ပါးစပ်ကလည်း ကိုမောင်လှကို နှိုးဆော်၊ လက်ကလည်း ထမင်းပွဲပြင်သည်။ ကလေးတွေကိုလည်း မမုန်းတို့တဲဘက် သွားကစားကြရန် ပြောလိုက်၏။

လင်သားဖြစ်သူ ကိုမောင်လှကမူ မျက်နှာမကောင်း။ အစည်းအဝေး မသွားလို့ကလည်း မဖြစ်။ ပြီးခဲ့သည့် လထဲက ရွာ့အရှေ့ဘက် အင်းစပ်တွင် ၄ ညပုန်းအိပ်ပြီး ချောရှောင် ချောပုန်းခဲ့ရသည်။

ထို့နောက် တရွာလုံးညှိပြီး ချောကြေးစုကာ ရွာလူကြီးမှတဆင့် အထက်ကို ပို့လိုက်ကာမှ ရွာကို ချော မဖမ်းတော့ဘူးဆိုသည့် ကတိ ရခဲ့သည်။ အခုလည်း သေနတ်ဖောက်ပြီး လူစုခိုင်းပုံထောက်တော့ အရေးကြီးကိစ္စ တခုခုပဲဟု တွေးမိသည်။ ချောဆင့်တဲ့ကိစ္စတော့ မဖြစ်တန်ကောင်းပါရဲ့ဟု ဖော့ပြီး တွေးမိသည်။

“ကဲ ငါသွားလိုက်ဦးမယ်။ ကြာနေရင်လည်း စိတ်ပူမနေနဲ့။ တရွာလုံး ကြုံရတဲ့ကိစ္စ၊ ကိုယ်တယောက်ထဲ ကွက်ပြီး ခေါ်တာမှ မဟုတ်တာ။ ကလေးတွေ ပြန်ခေါ်လိုက်ပါတော့ကွာ၊ ထမင်းကျွေးလိုက်ပါတော့”
ခမောက်ပင် မဆောင်းနိုင်ဘဲ တဲပေါ်က ဆင်းချသွားသည့် လင်သားဖြစ်သူ ကိုမောင်လှ၏ ကြောပြင်ကိုကြည့်ကာ မနှင်းဆီ မသိမသာ သက်ပြင်းချသည်။

ရေအိုးစဉ်ကျေးရွာအုပ်စုတွင် ရွာ ၅ ရွာရှိသည့်အနက် သူတို့ သောင်ပုရွာကိုမှ အထက်က အငြှိုးကြီးနေလေသလားဟု စိုးရိမ်စိတ်နှင့် တွေးမိသည်။ လွန်ခဲ့သည့် ဆန္ဒပြပွဲတွေ တအုပ်စုလုံး လုပ်ကြတုန်းက သောင်ပုသားတွေက အတက်ကြွဆုံး ဖြစ်ခဲ့သည်။ သည့်နောက်ပိုင်း စစ်တပ်က ရွာကို ခဏခဏလာကာ ကင်းဖမ်းသည်။ ကင်းစောင့်တုန်း အိပ်ငိုက်လျှင်၊ ပျက်ကွက်လျှင် ကင်းသမားကို ဒဏ်အမျိုးမျိုးပေးသည်။ ပြီးခဲ့တဲ့တနေ့ကဆိုလျှင် ကင်းမိသည့် ရွာသားများကို လက်ပိုက်ပြီး တန်းစီကာ ကြိမ်နှင့် ရိုက်သည်။ အသက် ၆ဝ အရွယ် ဦးလေးမောင်အုံး ဆိုလျှင် ကြိမ်ဒဏ်ကြောင့် အခုထက်ထိ အိပ်ယာထဲက မထနိုင်သေး။

လင်သားဖြစ်သူ ကိုမောင်လှ အတွက်လည်း စိတ်အမြဲ ပူရသည်။ ကိုမောင်လှက ရွာတွင် ကာလသားခေါင်း။ ဆန္ဒပြပွဲတွေ ဖြစ်တုန်းကဆိုလျှင် ရွာက ကျောင်းဆရာနှင့်တွဲကာ သပိတ်ခေါင်းဆောင် လုပ်သည်။ ဆန္ဒပြပွဲတွေပြီးသွားတော့ အိမ်ကို စစ်တပ်က ဝိုင်းမည်ဟု သတင်းရသဖြင့် မကြာခဏဆိုသလို တောထဲသွားအိပ်ခဲ့ရသည်။ အခုလည်း ဘယ်အတွက်ကြောင့်များ အရေးတကြီး အစည်းအဝေးခေါ်ပါလိမ့်ဟုတွေးကာ မနှင်းဆီ စိတ်ပူသည်။


(၂)
ရွာလူကြီး ဦးလှရွှေအိမ်ရှေ့ တွင် ရွာသားတွေ စုပြီး ထိုင်နေကြသည်။ အိမ်ရှေ့ မြေကွက်လပ်ထိပ်တွင် လူ ၂ ယောက် ကုလားထိုင်တလုံးစီနှင့် ထိုင်နေကြ၏။ တယောက်က ရွာလူကြီး ဦးလှရွှေဖြစ်ပြီး ကျန်တယောက်က မြို့ဆိုး စစ်တပ်ဂိတ်တွင် တာဝန်ကျနေသည့် ဂိတ်မှူး တပ်ကြပ် ဆရာ မောင်မောင်တင်မြင့် ဖြစ်သည်။
မြေကြီးပေါ် ငုတ်တုတ်စုထိုင်နေကြသူ ရွာသားများက တယောက်ချင်းစီထကာ နာမည်အော်ပြောနေရ၏။

ရွာသားတယောက်က အော်ပြောနေသည့် ရွာသားများ၏ အမည်ကို စားပွဲတွင်ထိုင်ကာ လိုက်မှတ်ရေးနေ၏။ စားပွဲနောက် တလံခန့် အကွာတွင် ရွာလူကြီးနှင့် ဘေးချင်းယှဉ်ထိုင်နေသူ တပ်ကြပ်မောင်မောင်တင်မြင့်က စကားတွတ်ထိုးနေကြသည့် ရွာသားများကို မျက်နှာထားတည်တည်နှင့် ကြည့်နေ၏။ နာမည်အော်ပြောနေသံ ရပ်သွားသောအခါ ရွာလူကြီး ဦးလှရွှေ ထိုင်ရာက ထသည်။

“ဒီကနေ့ အခုလို တရွာလုံး လူစုခိုင်းရတာက မြို့ဆိုးဂိတ် ဂိတ်မှူး ဆရာကြီး မောင်မောင်တင်မြင့်က တရွာလုံးကို ရှင်းပြစရာ ကိစ္စရှိလို့ လူစုခိုင်းလိုက်တာပါပဲ။ အခု ဆရာကြီးပြောတာ သေသေချာချာ နားထောင်ကြပါ”ဦးလှရွှေရဲ့ စကားဆုံးတော့ ဂိတ်မှူး တပ်ကြပ် ဆရာ မောင်မောင်တင်မြင့် ထိုင်ရာက ထရပ်သည်။ လက်ထဲက ကာဘိုင်သေနတ် အသင့်ကိုင်ထားလျက်နှင့်ပင် မတ်မတ်ရပ်သည်။

ငုတ်တုတ်ထိုင်နေကြသည့် ရွာသားများကို မျက်နှာထားတည်တည်နှင့်ပင် စကားစပြောသည်။

“အခု အုတ်တွင်းမြို့မှာ တမြို့နယ်လုံး စီးပွားရေး အထူးစီမံကိန်းတခု အကောင်အထည်ဖော်ဖို့ ရှိတယ်။ စပါးငါးကန် တည်ဆောက်မယ့် စီမံကိန်းပဲ။ အဲဒါ အုတ်တွင်းတမြို့နယ်လုံး ကျေးရွာအုပ်စု ၄၂ အုပ်စု အကုန်လုံး လုပ်အားပေးကြရမယ်။ တအိမ်တယောက် လုပ်အားပေးရမယ်။ သောင်ပုရွာအနေနဲ့ ဒီကနေ့ကစပြီး တပတ်အတွင်း အုတ်တွင်းမြို့ကို အရောက်သွားရမယ်။ ရောက်ရှိကြောင်း သတင်းပို့ရမယ်။ ဟိုမှာ တာဝန်ရှိတဲ့သူတွေ တာဝန်ချပေးတဲ့ ကိုတာအတိုင်း စပါးငါးကန် တူးကြရမယ်။ သတ်မှတ်ထားတဲ့ ကိုယ့်ကိုတာ ပြီးအောင် တူးပြီးမှသာ ရွာပြန်ခွင့်ရှိမယ်။ မရှင်းတာရှိရင် မေးပါ ဒါပဲ” တပ်ကြပ် လုပ်သူက စကားကို ခတ်ပြတ်ပြတ်ပြောပြီး ကုလားထိုင်မှာ ထိုင်ချလိုက်သည့်တိုင် ရွာသားများက ငြိမ်ချက်သားကောင်းနေကြ၏။

သူတို့ မျှော်လင့်မထားသည့် သတင်းကို ကြားလိုက်ရသဖြင့် မင်တက်မိသွားကြရ၏။ သို့သော် ချက်ချင်းဆိုသလို စကားသံတွေ ဆူညံလာရပြန်သည်။ တယောက်တပေါက် ထင်မြင်ချက်တွေပြောနေကြ၏။

“သားသမီးအထောက်အခံမရှိတဲ့ မုဆိုးမအိမ်တွေအတွက်ကော ခင်ဗျ” တပ်ကြပ်လုပ်သူက ထိုင်ရာက ထရပ်သည်။

လူအုပ်ထဲက မရဲတရဲ ထမေးသူကို ခပ်တင်းတင်းပင် ကြည့်သည်။ လူအုပ်က တပ်ကြပ်နှင့် ထမေးသည့် ရွာသားကို မော့ကြည့်နေကြ၏။

“မုဆိုးမအိမ်လည်း မချန်နိုင်ဘူး။ လူကိုယ်တိုင် မလိုက်နိုင်ရင် လူငှားထည့်ရမယ်။ ဒါက အရေးကြီးတဲ့ စီမံကိန်း၊ တမြို့နယ်လုံးအတွက် စီးပွားရေးအထူးစီမံကိန်း” ငုတ်တုတ်ထိုင်နေသူ အားလုံးလိုလို ခေါင်းကို အောက်သို့ ငုံ့ထားလိုက်ကြ၏။

အခြေအနေက ထင်ထားသည်ထက် ဆိုးနေသည်ကို သဘောပေါက်သွားကြသည်။ သို့သော် မဖြစ်မနေ မေးရမည့် မေခွန်းတွေက ရှိနေသေးသည်။

ကာလသားခေါင်း ကိုမောင်လှ ထိုင်ရာက ထရပ်သည်။ လူတွေက စကားတွတ်ထိုးနေရာမှ အနည်းငယ် ငြိမ်ကျသွား၏။

“အုတ်တွင်းကို သွားရမယ်ဆိုတာက ခရီးစရိတ်တို့ စားစရိတ်တို့က အထက်က စီစဉ်ပေးမှာလား၊ ပြီးတော့ ရွာမှာက အိမ်ပေါက်စေ့ ပေါက်တူးတို့ တူရွင်းတို့ ရှိတာမဟုတ်ဘူး၊ အဲဒါတွေကော ဘယ်လိုစီစဉ်ပေးမှာလဲခင်ဗျ” ရွာသားတွေအားလုံး ကိုမောင်လှကို ကျေးဇူးတင်ထောက်ခံသောအားဖြင့် လူတိုင်း အပြုံးမျက်နှာနှင့် မော့ကြည့်ကြသည်။

ကိုမောင်လှ နေရာတွင် ပြန်မထိုင်ချမီ တပ်ကြပ် မောင်မောင်တင်မြင့်က ထရပ်လိုက်သည်။ ကိုမောင်လှကို မထီလေးစားမျက်နှာနှင့် ကြည့်သည်။

“အဲဒါတွေအားလုံး ကိုယ့်အစီစဉ်နဲ့ကိုယ် စီစဉ်ကြရမှာပဲ။ ဟိုမှာ ဘယ်နှရက်ကြာမယ်။ ဘယ်လို နေရာချထားမယ် ဆိုတာတွေ ကျုပ် မသိဘူး။ ကျုပ်တာဝန်က ရေအိုးစဉ်ကျေးရွာအုပ်စု တအုပ်စုလုံး တအိမ်တယောက် သတ်မှတ်ထားတဲ့ရက်အတွင်း အုတ်တွင်းကို ရောက်သွားဖို့ပဲ။ အခု အိမ် ၁ဝ အိမ်မှာ တတွဲစီ တွဲပေးလိုက်မယ်။ အတွဲလိုက်ခေါင်းဆောင်တွေက ကိုယ့်အတွဲထဲက လူတွေနဲ့အတူ အုပ်တွင်းကို သွားဖို့ပဲ။ အဲဒါ သေသေချာချာ စီစဉ်ကြဖို့ကိုပဲ ကျုပ်ပြောနိုင်တယ်” စိတ်အားတက်ကြွစွာ မော့ကြည့်နေသည့် လူအုပ်မှာ အသံတွေ ငြိမ်ကျသွားရ၏။

မည်သူမျှ စိတ်မချမ်းသာနိုင်ကြတော့။ သို့သော် ရှောင်လွှဲလို့ကလည်း မဖြစ်နိုင်။ အခြေအနေက တရွာလုံးအတွက် ဘေးကျပ်နံကျပ် ဖြစ်နေသည်။

“ဆရာကြီးကို တခုတော့ တောင်းပန်ချင်ပါတယ်။ ဒီိလိုပါ၊ ကျနော်တို့ရွာမှာ စုပေါင်းအလှူတခု ရှိနေပါတယ်။ အလှူရက်နဲ့ အုတ်တွင်းကို အရောက်သွားရမယ့်ရက်က တိုက်နေပါတယ်။ ဒါကြောင့်မို့ အုပ်တွင်း ရောက်ရမယ့်ရက်ကို နည်းနည်းနောက်ဆုတ်ပေးလို့ မရဘူးလား ဆရာကြီး” ရွာလူကြီး ဦးလှရွှေက တပ်ကြပ်မောင်မောင်တင်မြင့်ကို လှည့်ကြည့်သည်။

တပ်ကြပ်လုပ်သူက ကာဘိုင်သေနတ်ကို စားပွဲပေါ် တင်ထားလိုက်သည်။ ရှေ့အနည်းငယ်တိုးကာ ရင်ကို ခပ်မတ်မတ်ထားပြီး ရပ်သည်။ လူတွေအားလုံး စိတ်ဝင်တစား မော့ကြည့်နေကြ၏။

“ဒီမယ် ကျုပ်ပြောမယ်၊ ဒီကိစ္စက သောင်ပုရွာတရွာထဲအတွက် လုပ်တဲ့ကိစ္စ မဟုတ်ဘူး၊ တမြို့နယ်လုံး အကျိုးအတွက် လုပ်တာ။ ပြီးတော့ ကလေးကစားသလို လုပ်လို့မရဘူး။ တိုင်းက စီမံကိန်းချပြီးမှ လုပ်ထားတဲ့အလုပ်။ ခင်ဗျားတို့တိုင်းပြည်အတွက် ဒီလောက်ကလေးမှ မလုပ်နိုင်ကြဘူးလား၊ မလုပ်ချင်ကြဘူးလား။ ပြီးတော့ ခင်ဗျားတို့အကျိုးလေဗျာ။ ခင်ဗျားတို့ ဒီလောက်တောင်မှ တိုင်းပြည်အကျိုး ရပ်ရွာအကျိုး မလုပ်ဆောင်နိုင်ဘူးဆိုရင် ဒီမြို့နယ် ဒီရွာထဲမှာ မနေကြနဲ့ပေါ့။ ရွာပြင်ထွက်နေကြလို့ပဲ ကျုပ်ပြောချင်တယ်” လူတွေအားလုံးလိုလို ခေါင်းကိုယ်စီငုံ့ကာ တိတ်ဆိတ်သွားကြသည်။

မတ်တပ်ရပ်ပြီး တောင်းပန်စကားပြောခဲ့သည့် ဦးအောင်ပန်းက ရုတ်တရက် ပြန်မထိုင်သေးဘဲ တပ်ကြပ်မောင်မောင်တင်မြင့်ကို ကြက်သေသေပြီး ကြည့်နေသေး၏။ တပ်ကြပ်လုပ်သူ ပြောလိုက်သည့် စကားများကို မကြားလိုက်သလို နဝေတိမ်တောင် ဖြစ်နေသေးသည်။ ခဏကြာမှ ထိုင်ရမလို၊ ထရမလိုနှင့် နေရာတွင် ပြန်ထိုင်ချလိုက်သည်။

အစည်းအဝေးပွဲပြီးတော့ သောင်ပုရွာသားတွေအားလုံး ခေါင်းကိုယ်စီငုံ့ကာ အသံတိတ်ဆိတ်စွာ အိမ်ပြန်သွားခဲ့ကြသည်။

ထိုညက သောင်ပုရွာကလေးမှာ ယခင်ရက်များကလို မဟုတ်ဘဲ ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်လွန်း နေခဲ့၏။


(၃)
ရန်ကုန်-မန္တလေး ကားလမ်းမကြီး ဘေးနှစ်ဖက်တွင် လူတွေ ထောင်ချီပြီး ကားစောင့်နေကြသည်။
ကိုမောင်လှတို့ လူ ၁ဝ ယောက်အုပ်စုက ကားလမ်းဘေးသို့ မနက် ၉ နာရီခန့်တွင် ရောက်လာခဲ့ကြ၏။ သူတို့လူအုပ်က မနက် ၆ နာရီခန့်ကတည်းက ရွာမှ ထွက်လာခဲ့ကြသည်။ မနက် တုံးမောင်းခေါက် ကတည်းက ချက်ကြပြုတ်ကြ ပြင်ဆင်ကြရသည်။ ထမင်းထုပ်ကိုယ်စီ အထုပ်အပိုးကိုယ်စီနှင့် ထွက်ခဲ့ကြသည်။ ရေခန်းခြောက်နေသည့် သူကြီးမအင်းကွင်းကြီးကို ဖြတ်ခဲ့ကြသည်။ ရွာမကြီးရွာနှင့် ထုံးအိုင်ရွာတို့ကို ကျော်လာခဲ့ကြသည်။

အမှန်စင်စစ် ကိုမောင်လှတို့လူစု အုတ်တွင်းကိုသွားဖို့ ပြင်ဆင်ခဲ့သည်ကပင် တပတ်ကျော် ကြာခဲ့သည်။ တရွာလုံးနီးပါး ကိုယ့်အတွဲနှင့်ကိုယ် သွားနှင့်ကြသည့်တိုင် သူတို့အတွဲက တော်တော်နှင့် မထွက်နိုင်ကြသေး။ ခန့်မှန်းခြေ တပတ်လောက် ကြာနိုင်သည်ဟုဆိုသဖြင့် ကိုယ့်အတွက် ရိက္ခာနှင့် အိမ်မှာကျန်ရစ်သူ မိသားစုအတွက် ရိက္ခာကိစ္စ အဆင်ပြေအောင် စီစဉ်ကြရသည်။ တရွာလုံး ပေါက်တူး၊ တူရွင်း၊ မြေသယ်ခြင်း ဘယ်မှာမှ သွားငှားလို့ မရနိုင်။ ညောင်ခြေထောက်ကို လူကြုံနှင့် ပေါက်တူးတလက်တော့ ငွေစုပြီး မှာလိုက်ရသည်။ မြေသယ်ခြင်းကို ကိုယ့်ဘာသာ ယက်သည်။

တကယ် ခရီးထွက်ကြမယ်လုပ်တော့ သူတို့အဖွဲ့ထဲ ပါနေသည့် မုဆိုးမ ဒေါ်မေဥက လူငှားပြီး ထည့်လိုက်မည့်ကိစ္စ အဆင်မပြေလို့ သူကိုယ်တိုင်ပဲ လိုက်မည်ဟုဆိုသဖြင့် စောင့်ကြရပြန်သည်။ ဒေါ်မေဥက အတူနေ လူမမယ် ကလေး ၂ ယောက်အတွက် နေရေးစားရေး စီစဉ်နေရပြန်သဖြင့် နောက်ထပ် ၂ ရက် ကြန့်ကြာသွားရပြန်သည်။ သူတို့လူစု ရွာကထွက်တော့ တရွာလုံးမှာမှ နောက်ဆုံးထွက်သည့် လူစုလို ဖြစ်ခဲ့သည်။ သတ်မှတ်ထားသည့် ရက်မတိုင်ခင် တရက်အလိုတွင်မှ ရွာက ထွက်နိုင်ကြသည်။

ကားလမ်းပေါ်ရောက်တော့ သူတို့ထက်အရင် ရောက်နှင့်နေကြသည့် တခြားရွာသားတွေကို တွေ့လိုက်ရ၏။ လူတွေ နေပူအောက်တွင် အုပ်စုလိုက် ထိုင်စောင့်နေကြ၏။ လာသမျှ လိုင်းကားဟူသမျှ ထန်းညက်ခဲ ပုရွက်ဆိတ်ဝိုင်းခဲသလို စုပြုံလုယက်ပြီး တက်နေကြသည်။ သူတို့လူအုပ်က သူများနည်းတူ ကားစောင့်ကြသည်။ ကားပေါ်တက်လျှင် လူအုပ်မကွဲရန် သတိပေးထားကြသည်။ ပါလာသည့် ရိက္ခာထုပ်များ ကိုယ့်တာဝန်ကိုယ် ခွဲဝေသတ်မှတ် တာဝန်ပေးထားကြသည်။

“ကိုမောင်လှရေ အခြေအနေကတော့ သိတ်မကောင်းဘူးဗျ။ ကျုပ်တို့တော့ ကားရဖို့ တော်တော်လုပ်ရမယ်နဲ့ တူတယ်။ ဟို သစ်ပင်အောက်က လူအုပ်က ရွှေမင်းအောင်ရွာကဗျ။ သူတို့က ကားလမ်းပေါ် မနေ့ညနေကတည်းက ရောက်နေတာတဲ့ဗျား။ ရောက်လာသမျှကား ဘယ်ကားမှ ရပ်မပေးနိုင်ကြ။ ထပ်တင်လို့ မရအောင် လူတွေပြည့်နေလို့ လမ်းဘေးမှာပဲ ညအိပ်လိုက်ရတယ်လို့ ပြောတယ်”
အုပ်တွင်းတမြို့နယ်လုံးက ကျေးရွာအုပ်စု ၄၂ အုပ်စု။ အုတ်တွင်းမြို့ကို လုပ်အားပေးထွက်ကြရသည်။ လူ ၂ သောင်း လုပ်အားပေးဖို့ သတ်မှတ်ထားသည်ဟု ရွာလူကြီး ဦးလှရွှေက သူကြားထားသည့် သတင်းကို ပြောပြခဲ့၏။ ကိုမောင်လှက သူ့လူ ၁ဝ ယောက်တတွဲ အုပ်စုထဲတွင် မုဆိုးမ ဒေါ်မေဥ ပါလာသည့်အတွက်လည်း စိတ်ပူနေသည်။ လူတွေ သည်လောက် တိုးကြိတ်ပြီး ကားတွေပေါ် လုတက်နေရပုံ ဆိုရင်တော့ အုတ်တွင်းကို သည်ကနေ့ နေ့ချင်းမှ ရောက်နိုင်ပါ့မလားဟု တွေးသည်။

နေမွန်းလွဲသွားသည့်တိုင် ကိုမောင်လှတို့လူအုပ် ကားမရသေး။ ကားတွေကလည်း ပြေးနေကျ လိုင်းကားတွေတင်မက ကြားကားမျိုးစုံကိုပင် လူတွေက တားစီးနေကြသည်။ နောက်တော့ ဘယ်လိုကားပဲလာလာ စစ်ကားတွေကလွဲပြီး ကားဟူသမျှ အကုန်တားကြသည်။ တောင်းပန်တိုးရှိုးပြီး စီးလို့ရသလောက် တက်စီးလိုက်ပါသွားကြသည်။

ကိုမောင်လှက လူအုပ်ခွဲကာ ကားပေါ်တက်လို့ရတဲ့သူက အရင်သွားနှင့်ဖို့ အကြံပြုသည်။ သို့သော် အုတ်တွင်းကို ရောက်ဖူးသူက ၅ ယောက်ပဲ ပါသည်။ ရောက်ဖူးသည်ဆိုသော်လည်း မြို့လယ်ခေါင်ကလွဲပြီး လည်လည်ဝယ်ဝယ် နေရာအနှံ့ရောက်ဖူးကြသူများ မဟုတ်ကြ။ အခုပဲ နေစောင်းနေပြီ။ သည်အချိန် ကားရလို့ အုတ်တွင်းကို ရောက်သည်ဆိုသည်ပဲထား၊ မိုးချုပ်မှ ရောက်မှာ သေချာသည်။ အချိန်မတော် တည်းဖို့ခိုဖို့ အခက်တွေ့မည်။ ထို့ကြောင့် လူအုပ်ခွဲပြီး သွားဖို့စိတ်ကူးကို စွန့်လွှတ်လိုက်ကြရ၏။ သည်ကြားထဲ မုဆိုးမ ဒေါ်မေဥ အတွက်ကိုလည်း ထည့်စဉ်းစားနေရသေးသည်။ အသက်က ၅ဝ ကျော်၊ ကျန်းမာရေးက သိပ်မကောင်း။

ကံအားလျော်စွာ ကုန်ကားကြီးတစင်းပေါ် ကိုမောင်လှတို့လူအုပ် အောင်မြင်စွာ လိုက်ပါလာနိုင်ခဲ့ကြသည့်အခါ နေပင် အတော်စောင်းခဲ့ပြီ။ မည်သို့ပင်ဖြစ်စေ လူအုပ်မကွဲဘဲ ကာတကားတည်း အတူတူ လိုက်လာနိုင်ခဲ့သည့်အတွက်မူ ကိုမောင်လှ စိတ်အေးရ၏။ အုတ်တွင်းကို အချိန်မတော်မှ ရောက်မှာဖြစ်သည့်တိုင် ဟိုရောက်မှ သူများနည်းတူ ကြည့်စီစဉ်ရမှာပဲဟု တွေးလာခဲ့၏။


(၄)
ကိုမောင်လှတို့ လူ ၉ ယောက် သတ်မှတ်ထားသည့် မြေကျင်းတူးခဲ့သည်မှာ ၄ ရက်ရှိပြီ။ မြေကျင်းအနေအထားက သူတို့ လူ ၉ ယောက် အပြင်းအထန်တူးမှသာ ၇ ရက်လောက်နှင့်ပြီးမည်ဟု ခန့်မှန်းသည်။ သို့သော် လူတွေက အလုပ်ပင်ပန်း၊ အစားအသောက်က မကောင်း၊ နေရအိပ်ရသည်ကလည်း အဆင်မပြေသည့်အတွက် ၄ ရက်မြောက်နေ့ရောက်တော့ အင်တိုက်အားတိုက် မတူးနိုင် မသယ်နိုင်ကြတော့။

သတ်မှတ်ထားသည့် မြေကျင်း အတိုင်းအတာက တကျင်းနှင့်တကျင်း ဆက်နေသည်။ တမိုင်ပတ်လည် မြေကွက်လပ်တခု၏ ဘေးမြေသားကို ကျင်းဖြစ်အောင်တူးပြီး တူးလို့ရသည့်မြေသားကို အလယ်ခေါင်သို့ ဖို့ကြရ၏။ ၁ဝ ယောက် တအုပ်စုအတွက် သတ်မှတ်ပေးထားသည့် ကျင်းက ပေ ၂ဝ အကျယ်၊ ထုက ၆ ပေဖြစ်သည်။ အခု ၄ ရက်မြောက်ခဲ့ပြီ။ ကျင်းတဝက်ပင် ရောက်အောင် မတူးနိုင်သေး။

“ကိုမောင်လှ ကျုပ်တို့တော့ ဒေါ်ကြီးမဥ အတွက် တခုခုတော့လုပ်ကြမှ ဖြစ်မယ်ထင်တယ်ဗျ”

ကိုမောင်လှက မြေခြင်းတောင်းကို ဘေးသို့ ပစ်ချလိုက်ပြီးမှ သူ့ကို ရပ်ကြည့်နေသည့် တရွာတည်းသား ကိုအေးကို ပြန်ကြည့်သည်။

“ဘာဖြစ်လို့လဲဟ၊ ငါ ကြည့်ရတာ မနေ့ကထက်တောင် ဒီကနေ့မနက် ပိုပြီး ထူထူထောင်ထောင် ဖြစ်လာသလားလို့”

“ဘယ်ကလာ တညလုံး ကျုပ်ဘေးနားကပ်ပြီး အဖျားတက်နေတာ။ မနက်ကျတော့ ခင်ဗျားတို့ကို အားနာတယ်ဆိုပြီး အစောကြီး ထမင်းထချက်တာ။ ဒေါ်ကြီးမဥ အခြေအနေကောင်းရဲ့လားလို့ ကျုပ်ကမေးတော့ သူက ငိုနေတာဗျ။ ကျုပ်လည်း ဆက်မမေးရဲတော့ဘူး။ ထမင်းကြမ်းစားနေတုန်း ကျုပ် သူ့ကို အကဲခတ်နေတာ။ သူက ကျုပ်တို့ကိုလည်း အားနာ၊ နေကလည်း မကောင်း၊ အလိုလိုမှ အစကတည်းက ခပ်ယဲ့ယဲ့ပဲဟာ။ ဒီအတိုင်းသွားရင် လဲသွားနိုင်တယ်ဗျ”

ကိုမောင်လှ တချက် ငိုင်သွားသည်။ သူတို့လူအုပ် လူ ၁ဝ ယောက် အလုပ်တာဝန်ခွဲကြသည့်အခါ ဒေါ်မေဥကို သူတို့စခန်းချရာ သစ်ပင်ဘေးတွင် ထမင်းချက်အဖြစ် ချန်ထားရစ်ခဲ့ကြ၏။ ကျန်နေခဲ့သည့် အဝတ်အစားနှင့် ပစ္စည်းပစ္စယတချို့ မပျောက်ပျက်ရအောင် စောင့်ခိုင်းရ၏။

သောက်ရေ သုံးရေကလည်း မြို့ထိပ်က ဘုန်းတော်ကြီး ကျောင်းဝန်းထဲက ရေတွင်းတတွင်းထဲနဲ့၊ ဘယ်နည်းနဲ့မှ မလောက်ငနိုင်။ လူတွေက ထောင်သောင်းချီပြီး ရှိနေသည်။ ထို့ကြောင့် ၁ဝ မိနစ်ခန့် လျှောက်သွားလျှင် ရောက်သည့် စစ်တောင်းမြစ်ဆီ အလှည့်လိုက် ရေသွားခတ်ကြရ၏။ အလှည့်လိုက် ကိုယ်လက်ဆေးကြော ရေပတ်တိုက်ကြရ၏။ ရောက်သည့်နေ့မှစပြီး ၄ ရက်မြောက်သည်အထိ မည်သူမျှ ရေမချိုးနိုင်သေး။ မနက် စောနိုင်သမျှ စောအောင် အလုပ်ဆင်းကြရသည်။ ညနေ မိုးချုပ်မှ အလုပ်က ပြန်တက်သည်။ သတ်မှတ်ပေးထားသည့် မြေကျင်းအရွယ်အစား ပြီးမြောက်အောင် ခပ်မြန်မြန်တူးကြသည်။ သို့မှသာ ရွာကို မြန်မြန်ပြန်နိုင်မည်။

သူတို့ ၉ ယောက်က အလုပ်တွေ ဖိလုပ်လေလေ၊ ဒေါ်မေဥက သူတို့ကို အားနာလေလေ။ မနက်အစောကြီးထ၊ ထမင်းချက်ရုံတင်မက မြစ်ထဲရေခပ်တော့လည်း လိုက်သည်။ နေ့လည်ပိုင်း သူတို့အလုပ်ဆင်းနေချိန်မှာလည်း မြစ်ထဲ ရေသွားခပ်လိုက်သေးသည်။ သူတို့အဝတ်အစားများကအစ မြစ်ထဲတွင် လျှော်ဖွပ်လာခဲ့သည်။ သို့နှင့် ရောက်ပြီး ၃ ရက်မြောက်တော့ ဒေါ်မေဥ အိပ်ယာထဲ လဲတော့သည်။ အပြင်းဖျားတော့သည်။

“ငါလည်း အဲဒါပဲ စဉ်းစားနေတာပါကွာ။ ငါတို့ဘေးက အဖွဲ့ခေါင်းဆောင်ကို ငါမေးကြည့်တယ်ကွ။ သူတို့က လူ ၉ ယောက်ပဲ တွေ့လို့ ငါမေးကြည့်တာ။ သူတို့အထဲက လူတယောက်က နေမကောင်းလို့ ဒဏ်ငွေဆောင်ပြီး ရွာပြန်သွားရတယ်တဲ့။ ဟို ကြီးကြပ်ရေးစခန်းမှာ သွားပြောရင် လူငှားထည့်ဖို့ ဒဏ်ငွေဆောင်ရင် ပြန်လို့ရတယ်လို့ ပြောတယ်။ အဲဒါ ငါ ဘယ်လို လုပ်ရမှန်းမသိလို့။ ဒေါ်ကြီးမဥမှာ ဘယ်လိုလုပ်ပြီး ဒဏ်ငွေဆောင်ဖို့ ပိုက်ဆံရှိမှာလဲကွာ။ မရှိလို့ဘဲ ဒီအထိ လိုက်လာခဲ့ရတာပဲဟာ”

နှစ်ယောက်သား ပေါက်တူးကိုယ်စီ၊ တောင်းကိုယ်စီ ပြန်ကောက်ကြ ယူကြသည်။ မည်သည့် စကားမျှတော့ မဆက်နိုင်ကြတော့။ မြေကျင်းတူးရင်းက ကိုမောင်လှ စဉ်းစားသည်။ ဒေါ်မေဥကို သည်အတိုင်းထားလို့တော့ မဖြစ်ဟု တွေးသည်။ တခြား သောင်ပုရွာသားတချို့နှင့် လိုက်လံတိုင်ပင်ကာ ငွေအလှူခံကာ ဒေါ်မေဥအတွက် ဒဏ်ငွေ စိုက်ဆောင်ပေးရလျှင် ကောင်းမလားဟု စဉ်းစားသည်။ ညကျလျှင်တော့ ကျန်သည့်လူများနှင့် တိုင်ပင်ကြည့်ဦးမည်ဟု တွေးသည်။
(၅)
အလုပ်ဆင်းခဲ့ကြသည်မှာ ၇ ရက် ပြည့်လာခဲ့ပြီ။ လူတွေ နေထိုင်မကောင်းဖြစ်မှာ စိုးသည့်အတွက် အလုပ်ချိန်ကို လျှော့ချထားလိုက်ကြရ၏။ သည်ကြားထဲ လိုက်လံအလှူခံလို့ ရသည့်ငွေနှင့် ဒဏ်ငွေဆောင်ကာ ဒေါ်မေဥ ရွာကို ပြန်လွှတ်လိုက်ရပြီး နောက်ပိုင်း ကျန်သူများအဖို့ အလှည့်လိုက် ထမင်းချက်ကြရသည်။ သောက်ရေသုံးရေခပ်ရသည့် ကိစ္စကလည်း အလုပ်ကြီးတခု ဖြစ်နေသည်။ တာဝန်ရှိသူများက သည်လောက်လူတွေ အများကြီးကို တနေရာထဲမှာ စုခိုင်းထားပြီးမှတော့ သောက်ရေသုံးရေ ကိစ္စလောက်တော့ စဉ်းစားစီစဉ်ပေးဖို့ ကောင်းသည်ဟု တွေးသည်။ အခုတော့ လူတွေအားလုံး သစ်ပင်တွေအောက် ခြုံတွေဘေး ဖြစ်သလိုနေ၊ ဖြစ်သလိုအိပ်၊ ဖြစ်သလို အပေါ့အလေး သွားနေကြရ၏။ ရက်အနည်းငယ်ကြာလာတော့ ပတ်ဝန်းကျင် အနံ့အသက်ကအစ မကောင်းအောင် ဖြစ်လာရ၏။

“မောင်အေးရေ ညတုန်းက ရွှေလင်ပန်းက လူတယောက် ဆုံးသွားတယ်တဲ့။ အဲဒါ အလောင်းကို ရွာပြင်မှာသေတဲ့ အလောင်းမို့ ရွာကလည်း အဝင်မခံမယ့်အတူတူ တော်တော်လေးလည်း ဆင်းရဲလို့ ဒီမှာပဲ အာဂန္တုအသုဘအနေနဲ့ ချမယ်လို့ ပြောတယ်။ မနက်က အစောကြီး မင်းတို့တောင် မနိုးသေးဘူး။ အဲဒီအုပ်စုခေါင်းဆောင်က အလှူလိုက်ခံနေတာ။ အလောင်းကတော့ ဘုန်းကြီးကျောင်းထဲမှာ ပြင်ဆင်ထားတယ်တဲ့။ အဲဒါ ဘယ်လိုလုပ်ရရင် ကောင်းမလဲ။ ငါတို့မှာလည်း ငွေက ဘယ်သူ့မှာမှ မရှိသလောက် ပြောင်နေပြီ”

“အဲဒီကိစ္စ ကျုပ်သိပါတယ်။ နာရေးဆိုတော့ မထည့်လို့ ဘယ်ဖြစ်မလဲ။ ဒီလိုလုပ်မယ်၊ ကျုပ် ဟို ကြီးကြပ်ရေးရုံးမှာ အလုပ်သမား လိုက်ငှားပေးနေတဲ့ အလုပ်ပွဲစား စာရေးနဲ့ သွားမေးကြည့်မယ်။ ကျုပ်က ဒါပြီးရင် ရွာမပြန်ချင်သေးဘူး။ ရွာပြန်လည်း ဘာအလုပ်မှ မရှိဘူး။ ဒီမှာပဲ မြေကျင်းလိုက်ပေါက်ဖို့ စဉ်းစားထားတာ။ အဲဒါ ငွေနည်းနည်း ကြိုထုတ်လို့ ရလို့ရငြား၊ ရမယ်ဆိုရင်တော့ ကျုပ် နိုင်သလောက် စိုက်ထည့်လိုက်ပါ့မယ်”

သူတို့နှစ်ယောက် စကားမပြတ်သေးခင် မြေကျင်းတူးနေသူတွေအားလုံး ကုန်းပေါ်ကို လှမ်းမော့ကြည့်နေကြသဖြင့် ကိုမောင်လှတို့လည်း မော့ကြည့်ကြရသည်။ လူတစု ကားလမ်းမပေါ်က ဆင်းကာ စပါးငါးကန် တူးဖော်နေကြသည့် နေရာဆီ ဦးတည်ပြီး လာနေကြ၏။ ကားလမ်းမပေါ်တွင် ကားကလေးတချို့ ရပ်ထားသည်ကိုလည်း တွေ့ရ၏။ ထို့ကြောင့် အထက်က လူကြီးတဦးဦး ရောက်လာခြင်းဖြစ်မည်ဟု ကိုမောင်လှ ချက်ချင်း သိသည်။

သူတို့ မြေကျင်းတူးနေရာတည့်တည့်ကို လူတစု ရောက်လာသည်။ အနိမ့်ပိုင်းက လူတွေ မျက်စေ့တဆုံး မြေကြီးတူးနေကြသည်ကို လှမ်းကြည့်ရင်း ကုန်းမြင့်ပေါ်တွင် လမ်းလျှောက်လာနေကြသည်။ ရှေ့ဆုံးက လူကို ဘေးမှ လူတယောက်က ထီးမိုးပေးထား၏။ ဘေးနားက လူတယောက်ကလည်း အနိမ့်ပိုင်း မြေတူးနေကြသူတွေဆီ လက်ညှိုးတထိုးထိုးနှင့် တစုံတရာ ရှင်းလင်းပြောဆိုလာနေသည်။

အလုပ်လုပ်ရင်း လူတိုင်းလိုလို ကုန်းမြင့်ပေါ် လှမ်းကြည့်နေကြသည်။ ထီးတော်မိုးအောက်က လူက လမ်းကို မြန်မြန်မလျှောက်ဘဲ မကြာခဏ ရပ်ပြီးကြည့်သည်။ နေပူကွင်းကြီးအောက် လူတွေ ထောင်သောင်းချီပြီး ပုရွက်ဆိတ်များလို လှုပ်လှုပ်ရွရွ အလုပ်လုပ်နေကြသည်ကို ရပ်ကြည့်နေသည်။

“ဟေ့ကောင် မောင်ပု ဘာရပ်ကြည့်နေတာလဲ။ ကိုယ့်အလုပ်ကို ဖြောင့်ဖြောင့်လုပ်စမ်း။ မြန်မြန်ပြီး မြန်မြန်ပြန်ဖို့ပဲ အရေးကြီးတယ်။ အလကား အချိန်ဖြုန်းနေလို့ မဖြစ်ဘူး”

လူတိုင်းလိုလို ပေါက်တူးကိုယ်စီကိုင်ရင်း ရပ်ကြည့်နေကြရာမှ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ကိုမောင်လှက အသံကြားရာဆီ လှမ်းကြည့်တော့ သူတို့နှင့် မြေကျင်းချင်းဆက်နေသည့် တခြားရွာသားတယောက်ကို တွေ့ရသည်။ ထိုလူက တစုံတရာ ခတ်တိုးတိုး ပြောလိုက်ပြန်သည်။ လူတွေ ဆူညံနေသဖြင့် ဘယ်သူမှ သဲသဲကွဲကွဲ မကြားလိုက်ရ။ သို့သော် သူ့ဘေးနားက လူတွေကမူ တဝေါဝေါနှင့် ပွဲကျသွားကြသည်။ သူတို့ပြောနေဆိုနေကြသည်များကိုမူ ကုန်းထိပ်ပေါ်ကလူတွေက အလှမ်းဝေးသဖြင့် ကြားနိုင်ကြမည်မဟုတ်။

“ခင်ဗျားကလည်း ဘယ်က မောင်ပုကိုများ ပြောလိုက်သလဲလို့ လက်စသတ်တော့ ကုန်းထိပ်က ရပ်ကြည့်နေတဲ့ ဟို မောင်ပုကို ပြောတာကိုးဗျ။ ဟုတ်ပ၊ အလကား ရပ်ကြည့်နေလို့ အမြတ်မရှိဘူး။ လုပ်ကြဟေ့ ကိုယ့်အလုပ် ကိုယ်လုပ်ကြ”

လူတွေ ခပ်တိုးတိုး ရယ်မောနေကြပြန်သည်။ ကိုမောင်လှက ပေါက်တူးကို လေထဲသို့ လွှဲမြှောက်လိုက်သည်။ သူ့စိတ်ကမူ အလုပ်ထဲ၌ မရှိ။ အိမ်တွင် ကျန်ရစ်ခဲ့သည့် ဇနီးသည် မနှင်းဆီနှင့် သားသမီး ၃ ယောက်ထံ စိတ်ရောက်နေသည်။ အိမ်မှာ အဆင်ပြေမှ ပြေကြပါ့မလားဟု တွေးပူမိသည်။


(၆)
သူတို့လူစု ကြီးကြပ်ရေးစခန်းမဏ္ဍပ်ထဲက ထွက်တော့ မနက် ၉ နာရီနီးပါး ရှိနေပြီ။ မဏ္ဍပ်ထဲတွင် လူတွေ ပြည့်ကျပ်လျက်။ မဏ္ဍပ်အပြင်ဘက်တွင်လည်း လူတွေ ဥဒဟို သွားလာလျက်။ မဏ္ဍပ်အမိုးပေါ်တင်ထားသည့် ဓာတ်စက်က လုပ်အားပေးသူများ သိရှိရန် ကိစ္စများကို အော်ပြောနေသည်။

ကိုရင်မောင်တို့အုပ်စုက မနေ့ညနေကတည်းက အလုပ်သိမ်းနိုင်ခဲ့သည်။ သည်ကနေ့မနက်ကျတော့ မြေကျင်း လိုက်လံစစ်ဆေးသူများကို သွားခေါ်ကာ တူးပြီးသား မြေကျင်းကိုပြသည်။ အပ်သည်။ သူတို့ပေးသည့် စာရွက်တရွက်ပေါ်တွင် တာဝန်ကျေပွန်ကြောင်း အုပ်စုခေါင်းဆောင်က လက်မှတ်ထိုးရသည်။ ကိစ္စအားလုံးပြီးပြန်တော့ ကြီးကြပ်ရေးမဏ္ဍပ်ကို လာရဦးမည်ဟုဆိုသဖြင့် သွားကြရပြန်သည်။

သူတို့လူစု ရွာပြန်ဖို့ ပြင်ကြဆင်ကြတော့ ဘေးက အလုပ်မပြီးသေးသည့် တခြားရွာသားများက သူတို့ကို ငေးကြည့်နေကြသေးသည်။ ၁ဝ ရက်နီးပါး အတူနေ၊ အတူအိပ်၊ အတူစား၊ အတူအလုပ်ဆင်းခဲ့ကြသူများ ဖြစ်သဖြင့် သူတို့အားလုံး ဘဝတူတွေအဖြစ် ရင်းနှီးခဲ့ကြသည်။ ထို့ကြောင့် အလုပ်မပြီးသေးသည့် ကျန်ရစ်သူများအတွက် ကိုမောင်လှတို့ကလည်း စိတ်မကောင်းဖြစ်ရသည်။ အထုပ်အပိုး ပြင်ဆင်နေကြရင်းက ကျန်ရှိနေသေးသည့် ဆန်တပြည်ခန့်ကို ဘေးနားက ရွာသားများထံ ပေးပစ်ခဲ့သည်။ သူတို့အားလုံး ရွာပြန်ကြသည့်တိုင် မောင်အေးတယောက်ကတော့ ကျန်ရှိနေဦးမှာဖြစ်ကြောင်း ပြောကြရသည်။ မောင်အေးက ရွာမပြန်နိုင်သေးဘဲ ကျန်နေသေးသည့် သောင်ပုရွာ လူအုပ်နှင့် သွားနေမည်ဟုဆိုကာ နေရာရွှေ့သည်။ ကိုမောင်လှတို့က မဏ္ဍပ်ဆီ အထုပ်အပိုးထမ်းပြီး သွားကြရပြန်သည်။

မဏ္ဍပ်ထဲတွင် လူတချို့ မြေကြီးပေါ်တွင် ဝိုင်းစုထိုင်နေကြသည်ကို တွေ့ရသည်။ သူတို့ကိုလည်း မဏ္ဍပ်ထဲတွင် နေရာယူ ထိုင်ကြရန် တာဝန်ရှိသူတွေက နေရာချသည်။ သူတို့အရင် ထိုင်နေကြသူများမှာလည်း တာဝန်တာထမ်းတွေပြီးလို့ နေရပ်ကို ပြန်ကြမည့်သူများပင် ဖြစ်သည်။ လူတွေအားလုံး ပင်ပန်းနွမ်းနယ်နေသည့် မျက်နှာများနှင့်။ ရွှံ့နှင့်ဖုံများ လူးပေနေသည့် အဝတ်အစားကိုယ်စီနှင့်။ လူတချို့ဆိုလျှင် စောင်ခြုံလျက်။ နေမကောင်းဖြစ်နေသည့် ပုံပမ်းနှင့်။

ကိုမောင်လှတို့က ရွာပြန်ချင်လှပြီ။ အခု ဘာကိစ္စနဲ့ သူတို့ကို မဏ္ဍပ်ထဲ ထိုင်ခိုင်းထားတာပါလိမ့်။

ကိုမောင်လှက လည်တဆန့်ဆန့် လုပ်သည်။ စားပွဲကိုယ်စီ ကုလားထိုင်ကိုယ်စီထိုင်နေကြသည့် တာဝန်ရှိပုဂ္ဂိုလ်များကို လိုက်ကြည့်သည်။ နာရီဝက်လောက်ကြာမှ မဏ္ဍပ်ထဲ လူမဆန့်လောက်အောင် ဖြစ်လာကာမှ လူ ၃-၄ ယောက် ဝတ်ကောင်းစားလှနှင့် မဏ္ဍပ်အတွင်း ဝင်လာသည်။ စားပွဲတွင် ထိုင်နေသူတွေအားလုံး ထိုင်ရာက ထရပ်ကာ ကြိုဆိုကြသည်။ မြေကြီးပေါ် ထိုင်နေကြသည့် ရွာသားများက ထိုင်ရမလို ထရမလို ဖြစ်သွားကြသည်။

လူ ၂ ယောက်က မဏ္ဍပ်အမိုးပေါ် တင်ထားသည့် အော်လံကို ဖြုတ်သည်။ မဏ္ဍပ်ထဲက လူအုပ်ဘက် အော်လံကို လှည့်ထားလိုက်သည်။ လူတယောက်က စကားပြောခွက်ကို ကိုင်ကာ စကားစပြောသည်။

“အခု ခင်ဗျားတို့က လုပ်အားပေးတာဝန်တွေ အောင်မြင်အောင် လုပ်အားပေးပြီးကြလို့ ကိုယ့်နေရပ်ကို ပြန်ကြမယ့်သူတွေ။ အဲဒါ မြို့နယ် …. က …. ကျေးဇူး … ပြော …”

ဓာတ်စက်သံကမကောင်း။ လူတွေက ဆူညံနေစဉ် အော်လံကြီးကလည်း လူတွေဖက်အနီးကပ်ပြီး တည့်တည့်လှည့်ထားသဖြင့် ပြောနေသည့်စကားကို ခရေစေ့တွင်းကျ ပီပီသသ မကြားကြရ။ မြို့နယ်က လူကြီးတယောက် စကားပြောလိမ့်မည် ဆိုတာလောက်ပဲ သဘောပေါက်ကြရ၏။

ထို့နောက် နောက်ထပ် လူတယောက် စကားပြောခွက်ကိုင်ရင်း မတ်တတ်ရပ်ကာ စကားပြောပြန်သည်။

“အခု ခင်ဗျားတို့ဟာ အုတ်တွင်းတမြို့ နယ်လုံး အားကိုးအားထားပြုကြရတော့မယ့် စပါးငါးကန် တူးဖော်ရေးစီမံကိန်းကြီးကို ကိုယ်တိုင်ကိုယ်ကျ အကောင်အထည်ခဲ့ကြတဲ့ သူတွေဖြစ်တယ်။ ခင်ဗျားတို့ အခု တူးဖော်ခဲ့တဲ့ စပါးငါးကန်တွေဆိုတာ တမြို့နယ်လုံးက လုပ်အားပေး လူဦးရေ ၂ သောင်းနဲ့ အကောင်အထည်ဖော်နေတာ ဖြစ်တယ်။ ခင်ဗျားတို့ အခု တူးခဲ့တဲ့ ရေမြောင်းတွေဟာ အလည်ခေါင်ကုန်းမြေတွေကို ဝိုင်းပတ်ထားတာ ခင်ဗျားတို့အားလုံး တွေ့ခဲ့ကြမှာပဲ။ အဲဒီရေမြောင်းတွေဟာ မိုးကျရင် ရေပြည့်လာမှာဖြစ်ပြီး အဲဒီရေမြောင်းတွေက ငါးမွေးမြူတဲ့ကန်တွေ ဖြစ်လာလိမ့်မယ်။ အလည်ခေါင်မှာတော့ စပါးစိုက်မှာဖြစ်တယ်။ ဒါကြောင့်မို့ ဒါကို စပါးငါးကန် စီမံကိန်းလို့ နာမည်ပေးထားတာ ဖြစ်တယ်..။ ဒီစီမံကိန်းဟာ ….”

ကိုမောင်လှ နေရာတွင်ပင် ငုတ်တုတ်ထိုင်ရင်း နားထဲက မကြားတချက် ကြားတချက်။ စကားလုံးတွေက မပီတချက် ပီတချက်။ သူ့စိတ်ကတော့ ရွာကို ပြန်ရောက်သွားလိုက်၊ မဏ္ဍပ်ထဲ ပြန်ရောက်လာလိုက်။ တနာရီနီးပါးကြာသည်အထိ ဓာတ်စက်နဲ့ စကားပြောနေသူက နိဂုံးမချုပ်နိုင်သေး။

“နိုင်ငံတော်ရဲ့ တပ်မတော်အစိုးရဟာ လူထုရဲ့ စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေအေးချမ်းသာယာရေးကို နေ့မအားညမအား ဆောင်ရွက်နေတဲ့အချိန်၊ ဒီစပါးငါးကန်စီမံကိန်းဟာ တနိုင်ငံလုံးရဲ့ စံပြစီမံကိန်းကြီးတခု၊ အမျိုးသားရေး စီမံကိန်းကြီးတခုအဖြစ် အကောင်အထည် ဖော်တာဖြစ်တယ် …”

လူတွေက ငုတ်တုတ်ထိုင်နေရင်း ဆေးလိပ်မီးညှိသူညှိ။ တယောက်ကိုတယောက် မီသူမီ။ ချောင်းခြောက်ဆိုးသူဆိုး။ စကားပြောသူပြော။ ငုတ်တုတ်ကြီး မေ့မျောနေသလို မျက်လုံးမှိတ်ပြီး နားထောင်သူက နားထောင်။

ကိုမောင်လှ သတိရလို့ ပတ်ဝန်းကျင်ကိုကြည့်တော့ သူလည်းပဲ အများနည်းတူ မဏ္ဍပ်အပြင်ဘက် ရောက်နေသည်ကို တွေ့ရသည်။ ဟောပြောပွဲ ဘယ်အချိန်က ပြီးသွားသည်ကိုပင် သတိမထားလိုက်ခဲ့။ ဘယ်လိုနည်းနဲ့ မဏ္ဍပ်အပြင်ဘက် ထွက်လာခဲ့သည်ကိုလည်း သတိမပြုမိခဲ့။

သူတို့လူစု ကားလမ်းဆုံ ကားဂိတ်ကို ပင်ပမ်းကြီးစွာ လျှောက်လာခဲ့ကြသည်။ မည်သူမျှ စကားမပြောနိုင်ကြတော့။ ကားလမ်းဆုံကို ခပ်ဝေးဝေးကတည်းက လှမ်းမြင်နေရသည်။ လူတွေ ကားလမ်းဆုံ နေပူအောက် ဟိုတစု၊ သည်တစုထိုင်ရင်း ကားစောင့်နေသည်ကို တွေ့ရ၏။

(မှတ်ချက်။ ။ အုတ်တွင်းမြို့အနီးက စပါးငါးကန်စီမံကိန်းကြီး အကောင်အထည်ဖော်ခဲ့သည်မှာ ၁၉ နှစ် ရှိပါပြီ။ ယခုအခါ အုတ်တွင်းမြို့နှင့် စစ်တောင်းမြစ်ကြား ကောနေသည့် အင်းကွင်းကြီးထဲတွင် မျက်စေ့တဆုံး ပြိုကျပျက်စီးလျက်ရှိသော၊ ငါးတကောင်တမြီးမှ မရှိသော စပါးငါးကန်စီမံကိန်း ရေကန်ကြီးများ၊ စပါးတပင်မှ မရှိဘဲ ခြုံနွယ်ပိတ်ပေါင်းများနှင့် ပြည့်နေသည့် မြေကွက်ကြီးများကို လူတိုင်း တွေ့မြင်နိုင်ကြပါသည်။)



No comments: