Saturday, June 12, 2010

နို့ညှစ်မှားသူများ

ဝရဇိန်

ဒီကိစ္စတော့ မပြောတော့ဘူး။ အရေးတယူပြောလောက်တဲ့ ကိစ္စလည်းမဟုတ်ဘူးလို့ ယူဆပြီး မပြောဘဲနေလာခဲ့တယ်။ ဒါပေမယ့် တိတိကျကျ ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ် ထောက်ပြဝေဖန်တဲ့သူပဲ မရှိလို့လေလား၊ ဒါမှမဟုတ် ဘယ်သူပဲ ထောက်ပြဝေဖန်ပါစေ ငါတို့ကတော့ “ကျားကျား … မီးယပ်ပဲ” ဆိုသလို

ကြွေးကြော်အော်ဟစ်နေကြတာလေလားတော့မသိ။ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မယ်ဆိုတာချည်းပဲ ပြောနေကြတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ အဓိကအကြောင်းပြချက်တချို့ကို ထပ်တလဲလဲပြနေကြတဲ့ အသံတွေက နည်းနည်းပိုပြီး ဆူဆူညံညံ ကျယ်ကျယ်လောင်လောင် ဖြစ်လာနေတယ်ထင်လို့ “ဆိုရေးရှိက ဆိုအပ်လှ၏၊ ဆိုစများလျား၊ ထားပချေမိ၊ ငါ့ဝန်ရှိခဲ့” ဆိုတဲ့ထုံး နှလုံးမူပြီး အခုဆောင်းပါးကို ရေးလိုက်ရတာဖြစ်တယ်။

သူတို့ ထပ်တလဲလဲ ပြနေကြတဲ့ အကြောင်းပြချက်တွေထဲက ပထမဆုံးတခုက “ပြည်သူတွေမှာ ထည့်စရာ ဒီမိုကရေစီမဲပုံး မရှိမှာစိုးလို့ နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေရော၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေဟာ မတရားမှန်း သိသိကြီးနဲ့ ရွေးကောက်ပွဲဝင်ဖို့ ကျုပ်တို့ ဆုံးဖြတ်လိုက်ရတာဖြစ်တယ်” ဆိုတဲ့ အကြောင်းပြချက်ဖြစ်တယ်။

သူတို့ဆိုလိုတာက မြန်မာပြည်သူတွေဟာ နအဖရဲ့ မတရားမှုမှန်သမျှကို သိကြတယ်။ ဒါကြောင့် ပြည်သူတွေဟာ နအဖကို ဖယ်ရှားချင်ကြတယ်။ ဖယ်ရှားနိုင်မယ့် တခုတည်းသော နည်းလမ်းကလည်း ရွေးကောက်ပွဲနည်းလမ်းဖြစ်တယ်။ အဲဒီနည်းလမ်း အသုံးပြုပြီး ဖယ်ရှားဖို့ဆိုရင် ရွေးကောက်ပွဲမှာ နအဖဘက်တော်သားတွေရဲ့ မဲပုံးတွေချည်း ရှိနေလို့မဖြစ်ဘူး။ နအဖကို ဆန့်ကျင်တဲ့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ မဲပုံးတွေရှိဖို့ မဖြစ်မနေလိုအပ်တယ်။ ဒါကြောင့် အဲဒီလိုအပ်ချက်အရ သူတို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရတာဖြစ်တယ် ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။

ဒုတိယအကြောင်းပြချက်က နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ တခုတည်းသော နည်းလမ်းက လွှတ်တော်ထဲမှာ ပြင်ဆင်ဖို့ဖြစ်တယ်။ အဲဒီလိုလုပ်နိုင်ဖို့ လွှတ်တော်ထဲကို ရောက်ဖို့လိုတယ်။ ဒါကြောင့် လွှတ်တော်ထဲကို ရောက်နိုင်ဖို့ ရွေးကောက်ပွဲဝင်ရတာဖြစ်တယ်လို့ ဆိုတယ်။

တတိယအကြောင်းပြချက်က ရှိပြီးသားပါတီအနေနဲ့ တရားဝင် နိုင်ငံရေးစင်မြင့် ပျောက်မသွားစေဖို့ (တနည်း) တရားဝင် နိုင်ငံရေးပါတီတခုရဲ့ ပြောရေးဆိုခွင့် ပျောက်မသွားစေဖို့ ဒါမှမဟုတ် မရှိသေးတဲ့ ပါတီတရပ်အနေနဲ့ဆိုရင်လည်း နိုင်ငံရေးစင်မြင့်တခု political space တခုရရှိစေဖို့ ရွေးကောက်ပွဲဝင်ရတာ ဖြစ်တယ်လို့ ဆိုတယ်။

အခြားသောအကြောင်းပြချက်တွေလည်း ရှိသေးပေမယ့် အခုပြောခဲ့တဲ့အချက်တွေနဲ့ ကြောင်းတူသံကွဲတွေချည်းမို့ ပြောမနေတော့ဘူး။ အဲဒီအကြောင်းပြချက်တွေကို ဂျာနယ်တွေထဲမှာ၊ ရေဒီယိုအင်တာဗျူးတွေမှာ ထပ်တလဲလဲ ဖတ်ရကြားရဖန်များလာတော့ တခြားသူတွေတော့ ဘယ်လိုခံစားရမယ် မပြောတတ်ဘူး။ မိမိကတော့ “ခက်တော့ ခက်နေပြီ” လို့ပဲ ရေရွတ်မိတယ်။ တမျိုးလည်း စဉ်းစားမိတယ်၊ သူတို့ရဲ့အတွေးအခေါ်တွေက ကိုယ်လိုက်မမီနိုင်လောက်အောင်ပဲ မြင့်လွန်းနေတာများလားပေါ့။

နအဖက ဒီနှစ်ထဲမှာ မဖြစ်မနေ ကျင်းပပေးမယ်လို့ ကြုံးဝါးနေတဲ့ ရွေးကောက်ပွဲ (ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း ပထမဆုံးဖြစ်လာမယ့် အဲဒီရွေးကောက်ပွဲမှာ ကတ်သီးကတ်သတ်ရမယ့် လေးငါးလလောက်လေးအတွင်း ၀န်ကြီးချုပ် ဦးဆောင်တဲ့ အာဏာရပါတီကို ဖရိုဖရဲ အပြိုပြိုအလဲလဲ အတိုက်အခံပါတီတွေက ဘယ်လိုစည်းရုံး၊ ဘယ်လိုဖွဲ့စည်း၊ ဘယ်လိုမဲဆွယ်၊ ဘယ်လိုရန်ပုံငွေရှာပြီး ဘယ်လိုအနိုင်ရအောင် ပြိုင်ဆိုင်ကြမလဲဆိုတာတော့ စဉ်းစားရခက်တဲ့ ပဟေဠိတပုဒ်) မှာ ပါဝင်ယှဉ်ပြိုင်ကြမယ်လို့ ပြောထားတဲ့ ပါတီတွေကို အခြေခံအားဖြင့် (၃) မျိုးခွဲနိုင်တယ်။

ပထမတမျိုးက လူဝတ်လဲထားတဲ့ ဗိုလ်သိန်းစိန်တို့ရဲ့ ကြံ့/ဖွံ့ပါတီ။

ဒုတိယတမျိုးက ၂၀၀၈ အခြေခံဥပဒေ နိုင်ငံတကာမှာ လူရာဝင်စေရေးဆိုတဲ့ နအဖရဲ့ ရည်ရွယ်ချက်အတွက် နအဖက နည်းသဏ္ဌာန်ပေါင်းစုံနဲ့ ပေးကမ်းထောက်ပံ့ လူရာသွင်းပေးထားတဲ့ ပါတီတွေ …။

တတိယတမျိုးက ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် ရွေးကောက်ပွဲသည်သာ တခုတည်းသော နည်းလမ်းဖြစ်တဲ့အတွက် ရွေးကောက်ပွဲနဲ့ ဆက်စပ်နေတဲ့ ၀န်းကျင်အနေအထားအားလုံး မည်သို့မျှလွတ်လပ်မှုမရှိ တရားမျှတမှုမရှိသည်ဖြစ်စေ ရွေးကောက်ပွဲ ၀င်ကိုဝင်ရမယ်လို့ ကြွေးကြော်ထားတဲ့ ပါတီတွေ …။

အဲဒီသုံးမျိုးမှာ ပထမနှစ်မျိုးအကြောင်းက ပြောစရာသိပ်မရှိဘူး။ ဗိုလ်သိန်းစိန်တို့ပါတီက စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲရေးအတွက် မိုးကျရွှေကိုယ် (၂၅) ရာခိုင်နှုန်းကို အားဖြည့်ဖို့ လွှတ်တော်ထဲကို မရောက်ရောက်အောင် (By hook or by crook) သွားမယ့် ပါတီ။ ရှင်းတယ်။

ဒုတိယအမျိုးအစားကလည်း ဘယ်လိုပဲ နာမည်လှလှတွေ တပ်ထားပြီး မီးရှုးမီးပန်းရောင်စုံတွေ ပစ်လွှတ်ပြနေပါစေ။ သူတို့ရည်ရွယ်ချက်က တခုတည်း။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မှုအတွင်းမှာ သူတို့ရဲ့ ပုဂ္ဂလိကအကျိုးစီးပွားကို ရသလောက် တူးဆွရှာဖွေရယူရေးပဲ။ ဒီဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ အကြောင်းပြချက်တွေကို ဒီပါတီတွေကလည်း အော်ကောင်းအော်ကြလိမ့်မယ်။ ဒါပေမယ့် စိတ်ထဲကမပါဘဲ လူကြားကောင်းအောင် အော်ကြတာဖြစ်တယ်ဆိုတာကို နည်းနည်းလေး အကင်းပါးသူတိုင်းက သိကြတယ်။ ဒါကြောင့် ဒီပါတီမျိုးတွေအကြောင်းလည်း အချိန်ကုန်ခံပြီး ဆွေးနွေးနေစရာမလိုဘူး။

တတိယအမျိုးအစားပါတီတွေကတော့ သူတို့ရဲ့ အဲဒီအကြောင်းပြချက်တွေကို တကယ်ပဲ ရိုးရိုးသားသား ခံယူကိုင်စွဲနေကြတာများ ဖြစ်မလားဆိုတဲ့ အတွေးကြောင့် ဒီဆောင်းပါးကို ရေးဖြစ်တာဖြစ်တယ်။

သူတို့ရဲ့ ပထမအကြောင်းပြချက်ကို ပြန်ကြည့်ကြရအောင်။ မလွဲမသွေ ကျင်းပတော့မှာဖြစ်တဲ့ ရွေးကောက်ပွဲမှာ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေ ထည့်စရာ မဲပုံးမရှိမှာစိုးလို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရတာဖြစ်တယ်တဲ့။ ကဲ … တကယ့်လက်တွေ့မှာ ပြည်သူတွေဟာ ရွေးကောက်ပွဲမှာ ထည့်စရာ ဒီမိုကရေစီမဲပုံးမရှိမှာ အမှန်တကယ်ပဲ စိုးရိမ်တကြီး ဖြစ်နေကြသလားဆိုတာကို ဓမ္မဓိဋ္ဌာန်ကျကျ ၀ိုင်းစဉ်းစားကြည့်ကြစို့။

မိမိ စုံစမ်းလေ့လာသိရှိရသလောက် နအဖက ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာပြည်သူလူထုအများစုကြီး (Most of the people) သိနေကြတဲ့ အသိတခု၊ ပြောနေကြတဲ့ စကားတခွန်းပဲရှိတယ်။ အဲဒါကတော့ “လိမ်ဦးမှာပဲ” ဆိုတာဖြစ်တယ်။ ၉၀ ရွေးကောက်ပွဲကစလို့ နှစ်ပေါင်း (၂၀) အတွင်း စစ်အုပ်စုရဲ့ အကြိမ်ကြိမ်အထပ်ထပ် လိမ်တာညာတာ အနိုင်ကျင့်တာ စော်ကားတာခံခဲ့ကြရပြီးဖြစ်တဲ့ မြန်မာပြည်သူတွေဟာ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကို လုံးဝစိတ်မ၀င်စားဘူး။ ဒီရွေးကောက်ပွဲက သူတို့ဘ၀အခြေအနေ တိုးတက်မြင့်မားရေးအတွက် ဘာမှလည်း ဖြစ်လာမှာမဟုတ်ဘူးဆိုတာကို ကောင်းကောင်းကြီး သိနေကြတယ်။ သူတို့အတွက် ဒီမိုကရေစီမဲပုံး ရှိတာ မရှိတာဟာ ဘာမှမထူးခြားဘူး။

ဘာကြောင့်လဲဆိုတော့ သူတို့ဘယ်မဲပုံးကိုပဲ ထည့်ထည့်၊ ဇာတ်လမ်းအဆုံးမှာ အနိုင်ရသွားမှာက ဗိုလ်သန်းရွှေနဲ့ သူ့ရဲ့စစ်အုပ်စုပဲဖြစ်တယ်ဆိုတာကို ပြည်သူတွေက မုန့်တီဟင်းလို အကွင်းအကွင်း မြင်ထားကြတာကြောင့်ပဲ ဖြစ်တယ်။ ဒါကြောင့် ဒီအကြောင်းပြချက်ကို ပြနေတဲ့လူတွေဟာ (လျှော့လျှော့ပေါ့ပေါ့ ပြောရရင်) အခြေခံအလွှာ (grass root level) က ပြည်သူတွေရဲ့ ခံစားချက်အစစ်အမှန်ကို နားမလည်သူတွေလို့ ပြောရမယ်။ မညှာမတာပြောရရင်တော့ ရှစ်ဆယ့်ရှစ်အရေးတော်ပုံကြီးအတွင်း ပြည်သူတွေက ပေးအပ်ထားတဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်မထမ်းဆောင်နိုင်၊ မထမ်းဆောင်ရဲတော့ဘဲ ကိုယ့်ဘာသာကိုယ် အလံဖြူထောင်တဲ့လမ်း လိုက်တာကို ရိုးရိုးမလိုက်ဘဲ ပြည်သူတွေကို ခုတုံးလုပ်တဲ့သူတွေ ဖြစ်တယ်လို့ ပြောရလိမ့်မယ်။

ဒုတိယအကြောင်းပြချက်က နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေကို လွှတ်တော်ထဲကနေ ပြင်ဆင်နိုင်ဖို့ ရွေးကောက်ပွဲဝင်မှာဖြစ်တယ်တဲ့။ ဒီအကြောင်းပြချက်ကတော့ ဘယ်လိုငြင်းခုံဆွေးနွေးရမှန်းကို မသိတော့ဘူးလို့ပဲ ပြောရတော့မယ်ထင်တယ်။ ဒီအကြောင်းပြချက်က ကျားလှောင်အိမ်ထဲဝင်ပြီး ကျားကို သက်သတ်လွတ်စားဖို့ ချော့မော့စည်းရုံးကြည့်မယ်ဆိုတဲ့ စကားနဲ့ နည်းနည်းများ ဆင်နေမလားမသိဘူး။

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်ဘဲလ်နဲ့ တွေ့ဆုံခိုက်မှာ နအဖရဲ့ ပြောခွင့်ရအဖွဲ့ခေါင်းဆောင်ဆိုသူ ဗိုလ်ကျော်ဆန်းက “အခြေခံဥပဒေကို ပြင်ဆင်ခွင့်မရှိဘူးလို့ ကျနော်တို့ ပြောမထားပါဘူး။ ပုဒ်မ (၁၂) ကို ကြည့်ရင် ပြင်လို့ရတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်” လို့ အတည်ပေါက်နဲ့ ပြောခဲ့တဲ့ စကားကို ရယ်ရမှန်းမသိဘဲ အတည်ယုံသူများရှိတယ်ဆိုရင်တော့ ဒီမိုကရေစီဘက်တော်သားဆိုသူများ တည်ထောင်ထားတဲ့ ပါတီများရဲ့ အဲဒီအကြောင်းပြချက်ကို ယုံတဲ့သူတွေလည်း ရှိကြမှာပဲ။ ပြည်သူတွေကို စိန်ခေါ်ရာမှာ လက်ရှိစစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ အခြေခံဥပဒေလောက် ဗြောင်မကျတဲ့ ၁၉၇၄ အခြေခံဥပဒေအပါအ၀င် မဆလ တပါတီအာဏာရှင်စနစ်ကြီးကို ဘောင်အတွင်းက၀င်ပြီး ပြင်ဖို့ကြိုးစားတဲ့သူတွေ ဗိုလ်နေ၀င်းရဲ့ ကြိမ်စကြာနဲ့ သုတ်တဲ့ဒဏ်ကို ဘယ်လိုခံခဲ့ကြရပြီး ဘယ်လို ဒူးနဲ့မျက်ရည်သုတ်ခဲ့ကြရတယ်ဆိုတာ သမိုင်းက ပူပူနွေးနွေး ရှိနေသေးတာမို့ မမေ့လောက်ကြသေးဘူးထင်တယ်။

တတိယအကြောင်းပြချက်က တရားဝင် နိုင်ငံရေးစင်မြင့် ပျောက်မသွားစေဖို့ (တနည်း) တရားဝင် နိုင်ငံရေးပါတီတရပ်ရဲ့ ပြောရေးဆိုခွင့် ပျောက်မသွားစေဖို့ (တနည်း) တရားဝင် နိုင်ငံရေးစင်မြင့်အသစ်တခု ရရှိစေဖို့် ရွေးကောက်ပွဲဝင်မှာဖြစ်တယ်တဲ့။ ဒီနေရာမှာ တရားဝင်ဆိုတဲ့ အသုံးအနှုန်းရဲ့ ဖွင့်ဆိုချက်ဟာ အဓိက ဆွေးနွေးရမယ့်ကိစ္စဖြစ်တယ်။ ၉၀ ရွေးကောက်ပွဲပြီးနောက်မှာ ပေါ်ပေါက်လာတဲ့ လွှတ်တော်အမတ်တွေဟာ ပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်လား၊ ဒါမှမဟုတ် န၀တ၊ နအဖဟာ ပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်လား။ တရားဝင်မှုဆိုတာကို ဘယ်သူက သတ်မှတ်တာလဲ။ ပြည်သူကလား၊ သေနတ်ပြောင်းဝကလား။
နအဖက ပျောက်စေသတည်းလို့ ပြောလိုက်ရုံနဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ရော NLD ရော ပျောက်ကွယ်သွားမှာလား။ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ NLD ကတော့ အဲဒီမေးခွန်းတွေကို မတ်လ (၂၉) ရက်နေ့တုန်းက အဖြေပေးခဲ့ပြီးပြီ။ ရှင်းတယ်။ ပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်တဲ့ ပါတီတရပ်ရဲ့ ရပ်တည်ချက်သည်သာ တရားဝင် ရပ်တည်ချက်ဖြစ်တယ်။ အဲဒါကလွဲပြီး တခြားဘယ်ရပ်တည်ချက်မှ တရားဝင် ရပ်တည်ချက်မဟုတ်ဘူး။ ဒါကို မသိသားဆိုးရွာစွာနဲ့ ဘယ်လိုလူတွေက နအဖရဲ့ ရွေးကောက်ပွဲဆိုတာကနေ ပေါ်ထွက်လာမယ့် လွှတ်တော်ထဲသွားပြီး ဘယ်လိုတရားဝင်ပါတီရဲ့ ဘယ်လိုတရားဝင်ပြောရေးဆိုခွင့်မျိုးကို မျှော်လင့်နေကြတာလဲ။ “လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား ... ကျနော်တို့မြို့ဈေးထိပ်က အမှိုက်ပုံကြီးဟာ ယင်ကောင်တလောင်းလောင်းနဲ့ အများပြည်သူတွေရဲ့ကျန်းမာရေးကို လွန်စွာထိခိုက်စေလျက်ရှိပါတယ်။ ဒါကြောင့် ဒီအမှိုက်ပုံကြီးကို လွှတ်တော်ရဲ့ အာဏာစက်အသုံးပြုပြီး အမြန်ဆုံးဖယ်ရှားပေးဖို့ ကျနော့်ရဲ့ မဲဆန္ဒရှင်များကိုယ်စား ရဲဝံ့ပြတ်သားစွာ တောင်းဆိုလိုက်ပါတယ်” ဆိုတဲ့ ပြောရေးဆိုခွင့်မျိုးလား။ ဒါမျိုးကိုတော့ အဲဒီလွှတ်တော်က အသေအချာ တာဝန်ယူဖြေရှင်းပေးမှာ ဧကန်ပဲ။

တကယ်တော့ ပွဲက မတ်လ (၂၉) ရက်နေ့ကတည်းက ပြတ်သွားခဲ့ပြီးပြီ။ de facto အဖြစ်ကနေ de jure အဖြစ်ကို တက်လှမ်းဖို့ မဖြစ်မနေ လိုအပ်နေတဲ့ နအဖစစ်အုပ်စုဟာ ပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်အဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိထားတဲ့ NLD မပါတဲ့ ရွေးကောက်ပွဲကတဆင့် သူလိုချင်နေတဲ့ de jure အဆင့်ကို ဘယ်လိုတက်လှမ်းမလဲ။ စိတ်ဝင်စားစရာကောင်းလှတဲ့ ဇာတ်ကွက်ကို ကြည့်ကြရမယ်။ လက်တွေ့ကျကျ မထောက်မညှာတမ်းပြောရရင် NLD နဲ့ နအဖ နှစ်ယောက်တည်း စီးချင်းထိုးတဲ့ အခုပွဲမှာ ရောင်တော်ပြန်နဲ့ ရောလွှတ်နိုင်ဖို့ ကြိုးစားနေသူတွေဟာ သမိုင်းရဲ့အမှိုက်ပုံထဲ ရောက်သွားမှာပဲဖြစ်တယ်။ ခွေးလှေးခုန်လို့ ဖုန်ထမှာလည်း မဟုတ်ဘူး။

အဲသလိုပဲ နအဖရဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်ဆိုတာကတဆင့် ၂၀၀၈ နာဂစ်အခြေခံဥပဒေကို အခြေခံကစ ပြန်ပြင်ပြီး ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်လို့ ကြုံးဝါးနေသူတွေအတွက်လည်း သမိုင်းက နွားနို့ညှစ်ဖို့ နွားချိုတခုပေးထားလေရဲ့။ နွားချိုက နွားနို့ထွက်အောင် ညှစ်ကြပေတော့။ ။


No comments: