Saturday, June 19, 2010

ရာဇဝင်တွင်သော စကားများ


“စကားတလုံး၊ ပြက်လုံးတကွက်က၊ စစ်ပွဲများ၊ လှုပ်ရှားမှုများ၊ များစွာထက် လူ၏ သဘောထားကို ဖော်ပြတတ်သည်”

(ပလေတို)

(က)

၁၉၃၈ ခုနှစ် သို့မဟုတ် မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်က အရေးတော်ပုံနှစ်ဟု ဆိုရမည်။ ထိုခေတ်ကာလက မြန်မာပြည်တွင် စက်ရုံ၊ အလုပ်ရုံပေါင်း ၁ဝ၄၈ ရုံ ရှိ၏။ ‘စတီးဘရားသား’၊ ‘ဘလုတ်ဘရားသား’၊ ‘ဘီအိုစီ’၊ ‘ဘီဘီတီစီ’၊ ‘အာရ်အီးတီ’၊ ‘ဧရာဝတီ’ စသည့် အရင်းရှင်ကုမ္ပဏီများမှ ပိုင်ဆိုင်သည့်စက်ရုံ၊ အလုပ်ရုံကြီးများ ဖြစ်၏။ အလုပ်သမားပေါင်း ၂၂၉,ဝဝဝ မျှ ရှိသည့်အနက် မြန်မာပြည်အလုပ်သမားများက ၂၅ % မျှရှိပြီး၊ အိန္ဒိယအလုပ်သမားများက ၇၅ % ရှိ၏။

လစာက တနေ့လျှင် ၇ ပဲမှ တကျပ်အထိ ရကြ၏။ အလုပ်ပိတ်ရက်များတွင်မူ လုပ်ခအား မခံစားကြရ။ ထိုစဉ်က အလုပ်သမားတဦး၏ ပျမ်းမျှဝင်ငွေသည် တလလျှင် ၂ဝ ကျပ်ထက် မပို။ နေမဝင် အင်ပါယာ၏ စက်ရုံအလုပ်ရုံ ဥပဒေများ ရှိသော်လည်း ထိုထိုသော အလုပ်သမား ၂ သိန်း ၂ သောင်း ၉ ထောင်တို့နှင့်ကား အကျုံးမဝင်၊ မခံစားကြရ၊ အလုပ်သမားများတွင် ပင်စင်မရှိ။ သက်သာ ချောင်ချိရေးဟူသည်အား မခံစားရ၊ အဆိုးဆုံးက အလုပ်တည်မြဲရေးအတွက် အာမခံချက် မရှိခြင်း ဖြစ်၏။

၁၉၃၈ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း၌ ရေနံချောင်းနှင့် ချောက်ရေနံမြေ၏ တို့ဗမာအလုပ်သမား အစည်းအရုံးမှ အလုပ်သမားများ အစည်းဝေးပြုလုပ်ပြီး ဘီအိုစီကုမ္ပဏီသို့ တောင်းဆိုချက် ၁၂ ချက်အား ပေးပို့၍ တောင်းဆိုကြ၏။ တောင်းဆိုချက်များက …

၁။ အလုပ်သမား တန်းလျားများ နေသာထိုင်သာရှိအောင် ဆောက်လုပ်ပေးရန်။
၂။ အလုပ်သမား တန်းလျားများနှင့် အလုပ်သမားရပ်ကွက်များတွင် ရေလုံလောက်စွာ ပေးရန်။
၃။ အလုပ်သမား တန်းလျားများကို လျှပ်စစ်မီးတပ်ဆင်ပေးရန်။
၎။ အလုပ်သမား သားသမီးများအတွက် အခမဲ့ ပညာသင်ပေးရန်နှင့် ကျောင်းများ ပြည့်စုံအောင် ဆောက်ပေးရန်။
၅။ အလုပ်သမားများ၏ ကိုယ်ဝန်ဆောင်ဇနီးများအား ဆေးကုသပေးရန်။
၆။ အလုပ်သမားများအား လစာမပျက် ခွင့်ရက်များပေးရန်။
၇။ အလုပ်ဌာနတိုင်း၌ သောက်ရေသုံးရေပေးရန်၊ ထမင်းစားခန်းထားပေးရန်။
၈။ အလုပ်သမားများ အပန်းဖြေရိပ်သာများထားရှိပေးရန်။
၉။ အလုပ်သမားများ မကျန်းမာပါက လစာမပျက်ခွင့်နှင့် ဆေးဝါးကုသပေးရန်။
၁ဝ။ ခွင့်ယူသွားသော အလုပ်သမားများနေရာတွင် အလုပ်ခွင်ရှိ အလုပ်သမားကို ထိုနေရာ၏ လစာအဆင့်အတန်းဖြင့် လုပ်ခွင့်ပေးရန်။
၁၁။ အလုပ်သမားတဦး သေဆုံး၍သော်၌၎င်း၊ နုတ်ထွက်၍သော်၎င်း သွားပါက အပြင်လူမခန့်ဘဲ အလုပ်ခွင်ရှိ အလုပ်သမားများကိုသာ လုပ်သက် အရည်အချင်းအလိုက် ခန့်ထားရန်။
၁၂။ အစည်းအရုံးဝင် အလုပ်သမားများကို မတရားဖိနှိပ်ခြင်း မပြုရန်။

ဘီအိုစီကုမ္ပဏီက အလုပ်သမားတို့၏ တောင်းဆိုချက်များအား မလိုက်လျောသည့်အပြင်၊ အလုပ်သမား ခေါင်းဆောင် သခင်ခင်အား အလုပ်မှ ထုတ်ပယ်ရန်ပင် ပြင်ဆင်ကြ၏။ အဆုံး၌ ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ရေနံမြေအလုပ်သမားတို့ သပိတ်မှောက်လိုက်ကြသည်။ သပိတ်မှောက်အလုပ်သမား ခေါင်းဆောင်ကြီးများက သခင်ဗတင်၊ သခင်ခင်၊ သခင်ဖိုးလှကြီး၊ သခင်လွင်၊ သခင်ဖေသန်း။

ရေနံမြေ အလုပ်သမားသပိတ် တိုက်ပွဲကာလက ၅ လနှင့်ရက်ပေါင်း ၂ဝ ရှိခဲ့ပြီ။ တောင်းဆိုမှုများအား ဘီအိုစီကုမ္ပဏီက မလိုက်လျောသေး။

၁၉၃၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ဘီအိုစီကုမ္ပဏီပိုင် သံလျင်ရေနံချက်စက်ရုံ အလုပ်သမား ၂ဝဝဝ ကျော်သည် တောင်းဆိုချက် ၂၅ ချက်အားတောင်ဆို၍ ရေနံမြေရှိ သပိတ်မှောက်အလုပ်သမားတို့နှင့် အတူပူးပေါင်းကာ သပိတ်တိုက်ပွဲအတွင်း ပါဝင်ခဲ့ကြ၏။

“ မီးတုတ်-မီးတုတ်ရှို့ ရှို့၊
ရေနံချောင်းကသပိတ်လာ သံလျင်မြို့မှာ အောင်ဘို့ပါပဲ၊
သပိတ်တားများထွက်ဘို့လာ ထောင်ကျမှာကို တို့မကြောက်ဘူး၊
သပိတ်-သပိတ်မှောက် မှောက်”

သံလျင်မြို့အတွင်း စီတန်းလှည့်လည်၍ ဆန္ဒပြကြသည်။

(ကး၁)

မြန်မာ့မြေယာရှိ လယ်သမား ၈ဝ % ကျော်က လယ်သီးစားဘဝ၊ လယ်ယာအလုပ်သမား ကူလီဘဝသို့ ရောက်နေကြရ၏။ ထိုထိုသော လယ်သမားဦးကြီးများက ကြီးလေးသည့် သီးစားခများအား မြေရှင်ကြီးများသို့ ပေး၍ လယ်ယာလုပ်ငန်းအား လုပ်ကိုင်နေကြရ၏။ ‘သီးစားခ’ မပေးနိုင်ပါက လယ်ယာမလုပ်နိုင်ကြတော့။

၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ပဲခူးရှိ လယ်သမား ၅ဝဝဝ ကျော်သည် ပဲခူးအရေးပိုင်းရုံးအား ချီတက်၍ ‘သီးစားခ’ တိုက်ပွဲအား ဆင်နွှဲ၏။

၁၉၃၈ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင်၊ လယ်သမား ၃ဝဝဝ ကျော် တက်ရောက်သည့် ဝေါမြို့နယ်လုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအဝေးကြီးအား ကျင်းပ၍၊ တောင်းဆိုချက်များအား တောင်းဆိုကြ၏။

တောင်းဆိုချက်များက လယ်သမားများ၏ လက်တလော နစ်နာချက်များဖြစ်သည့် ကြွေးမြီပြဿနာ၊ စပါးဝယ်ယူရေးတွင် မတရားခေါင်းပုံဖြတ်မှု၊ သီးစားခ လျော့ပေါ့ကန့်သတ်ရေးမှသည် လယ်မြေဝေငှပေးရေးနှင့် လယ်လုပ်သူ လယ်ယာပိုင်ဆိုင်ရေးဟူသည့် မြေယာတော်လှန်ရေးဆီသို့ ဦးတည်သည့် တောင်းဆိုချက်များ ဖြစ်သည်။

ဝေါနယ် တောင်သူလယ်သမား အစည်းဝေးကြီးမှသည် ဗမာပြည်လုံးဆိုင်ရာ လယ်သမား ကွန်ဖရင့်ကြီးတရပ် ခေါ်ယူနိုင်ရေးအတွက် လယ်သမားခေါင်းဆောင်တို့ ဆွေးနွေးကြ၏၊ ပြင်ဆင်ကြ၏။ ဗမာပြည်လုံးဆိုင်ရာ တောင်သူလယ်သမား ကွန်ဖရင့်ကြီး ဖြစ်မြောက်ရေးအတွက် လယ်သမားကော်မတီတရပ်အား ဖွဲ့စည်းကြ၏။ အဖွဲ့ဝင် ၈ ဦး ပါဝင်သဖြင့် ‘၈’ ဦး ကော်မတီဟုပင် ခေါ်တွင်ကြ၏။ ကော်မတီက ပထမအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား ကွန်ဖရင့်ကြီးအား ၁၃ဝဝ ပြည့်၊ နတ်တော်လဆုတ် ၁၃ ရက် (၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့) တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ကုန်းတော်၌ ကျင်းပကြမည်ဖြစ်သည်။ ပဲခူး၊ ဟံသာဝတီ၊ အင်းစိန်၊ သာယာဝတီ၊ ဟင်္သာတ၊ ပုသိမ်တို့မှ လယ်သမားကြီးများက ကွန်ဖရင့်သို့ ခြေလျင်ခရီးရှည် ချီတက်၍ ဆန္ဒပြကြမည်။

လယ်သမားထု၏ တိုက်ပွဲက ဆရာစံတော်လှန်ရေးကြီးအပြီး လယ်သမားတို့၏ ဒုတိယတိုက်ပွဲခေါ်သံ။

“သီးစားခ၊ လျှော့ချရေး
လယ်ယာမြေ ဝေခြမ်းရေး
လယ်လုပ်သူ လယ်ပိုင်ရေး”

တူ၊ တံဇဉ်တို့က ၉၁ ဌာနအုပ်ချုပ်ရေးအဖွဲ့နှင့် နေမဝင်အင်ပါယာကြီးအား တိုက်ပွဲခေါ်၍နေလေပြီ။


(ကး၂)

၁၉၃၈ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်တက္ကသိုလ် ပြန်ဖွင့်၏။ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းသည် ကျောင်းမှ ထွက်၏။ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ဆန်းသည် သမဂ္ဂမှထွက်၍ တို့ဗမာအစည်းအရုံးသို့ ဝင်၏။ ကျောင်းသားနိုင်ငံရေးမှ သခင်နိုင်ငံရေးသို့ ကိုအောင်ဆန်းကူး၏။ လစ်လပ်သွားသည့် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၏ နေရာတွင် ကိုဗဟိန်းက ဆက်၍တာဝန်ယူဆောင်ရွက်၏။

၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်လွန်သော် ကျောင်းသားသမဂ္ဂသည် တက္ကသိုလ် ပရဝဏ်အားကျော်၍ နိုင်ငံအနှံ့ရှိ အခြေခံပညာကျောင်းများဆီသို့ ပျံ့နှံ့၏။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၊ အလုပ်သမားနှင့်လယ်သမားများက တူနှင့်တံဇဉ်အား ကိုင်စွဲ၍ အလုပ်သမားနှင့် လယ်သမားအခွင့်အရေးအတွက် တိုက်ပွဲဆင်နွှဲ၏။ ကျောင်းသားတို့က ဒေါင်းအလံအား လွှင့်ထူရင်း ကျောင်းသားအရေးအား တောင်းဆိုကြ၏။ မြန်မာပြည်၏ တနံတလျားတွင်က သပိတ်ငွေ့တို့ဝေ၍ မီးတုတ်သံတို့နှင့် ဆူဆူညံလျက်။

တနှစ်နီးပါးမျှ ကာလကြာမြင့်နေပြီဖြစ်သည့် ရေနံမြေသပိတ်ကြီးအား အပြီးသတ်တိုက်ပွဲဝင်ရန်အတွက် ရန်ကုန်သို့ ခြေလျင်ချီတက်၍ ဆန္ဒပြတောင်းဆိုကြရန် ရေနံမြေအလုပ်သမား ခေါင်းဆောင်များ ဆုံးဖြတ်လိုက်ကြ၏။

ချောက်၊ ရေနံချောင်းမှ ရန်ကုန်ခရီးက မိုင်ပေါင်း ၄ဝဝ ကျော်ခရီး၊ ခရီးက ခရီးရှည်၊ ကြမ်း၏။ လမ်းတွင်ကား မြင်းစီးပုလိပ်များ၏ တိုက်ခိုက်မှု၊ စစ်တပ်၏ လှံစွပ်တပ်နှင့် ကျည်ဆံများက ရှိနေမည်မှာ ဧကန်။ ပြီးလျှင် ရာဇဝတ်ဝန်၏ ပုဒ်မ၂၃၊ ပုဒ်မ ၁၄၄ ၊ ပုဒ်မ ၁ဝ၇/၁ဝ၈၊ ပုဒ်မ ၁၂၄ (က) ၊ ပုဒ်မ ၁၅၃ (က) တို့ကလည်း အသင့်၊ မလွယ်၊ ခက်ခဲသောလမ်း။ ကြမ်းတမ်းသည့်ခရီးအား ရေနံမြေအလုပ်သမားတို့ ဖြတ်ကျော်၍ ချီတက်ကြမည်။

“ဓနရှင်အစိုးရ ပျက်စီးပါစေ”
“အလုပ်သမားအရေး-ဖြေရှင်းပေး”
“သခင်မျိုးဟေ့- တို့ဗမာ”
“အရေးတော်ပုံ- အောင်ရမည်”
“မီးတုတ် မီးတုတ် - ရှို့ရှို့”
“သေမြေကြီး - ရှင်ရွှေထီး”
“ဘေးနဲ့ကြုံ - ရဲဂုဏ်ပြ”
“မီးတုတ်ကြီးရဲ့ အလင်းရောင်- ဗမာပြည်ဘောင် ထွန်းပြောင်စေသား”
“မီးတုတ်ကြီးရောက်လေရာ - တိုင်းပြည်ကျေးရွာ အေးပါစေသား”
“အရေးတော်ပုံ အောင်ရမည်”

ရေနံမြေသပိတ်တပ်ကြီး မကွေးသို့ ရောက်၏။

၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် မကွေးရာဇဝတ်ဝန် ‘ဘီလ်စတော့ (လ်)’ က ပုဒ်မ ၂၃ နှင့် ပုဒ်မ ၁၄၄ အား ထုတ်ပြန်၏။ သပိတ်ခေါင်းဆောင် သခင်ဗတင်၊ သခင်ဖိုးလှကြီးတို့အား ဖမ်း၏။ ရေနံမြေသပိတ်တပ်သားတို့ မကွေးမှ ဆက်၍ထွက်ခွာရန် ခက်နေသည်။

ဤတွင် ရေနံချောင်း ကျောင်းသားသပိတ်အား စစ်ဆေးရန် ရေနံချောင်းသို့ ရောက်နေကြသည့် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေတို့ ရေနံချောင်းမှ မကွေးသို့ ကူးလာခဲ့ကြ၏။ မကွေးရှိ ရေနံမြေအလုပ်သမား သပိတ်ခေါင်းဆောင်များနှင့် တွေ့၏၊ ဆွေးနွေး၏။ ကျောင်းသားထုက အလုပ်သမားထုအား ထောက်ခံကြ၏၊ အားပေးကြ၏၊ ကြိုဆိုကြ၏၊ အတူတိုက်ပွဲဝင်ကြမည်။

ကိုဗဟိန်းက မကွေးအရေးပိုင် ထုတ်ထားသည့် ပုဒ်မ ၁၄၄ အား ဆန့်ကျင်၍ အလုပ်သမား သပိတ်တပ်သားထုကြီးအား မကြောက်တရား ဟောပြော၏၊ ကဗျာဆန်၏၊ အလင်္ကာပါ၏၊ သမိုင်းဝင်သော နိုင်ငံရေးလှုံ့ဆော်မှုစကား။

“ မြင်းခွာသံ တချက်ပေါက်လျှင်
တပြည်လုံး
မီးဟုန်းဟုန်း တောက်စေရမယ်”

(ခ)

၁၉၈၈ ခုနှစ် သို့မဟုတ် မြန်မာ့သက္ကရာဇ် ၁၃၅ဝ ပြည့်နှစ်က မြန်မာ့သမိုင်းတွင် အရေးတော်ပုံနှစ်ဟု ဆိုရမည်ပင်။

၁၉၈၇ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းသည် ရေဒီယိုမှတဆင့် တိုင်းပြည်သို့ မိန့်ခွန်းစကား ဆို၏။

၂၅ နှစ်တိုင်တိုင် အာဏာရယူထားခဲ့သည့် မဆလ ၏ လမ်းစဉ်တွင် ‘လုပ်ဟန်’ အမှားထက် ‘လမ်းစဉ်’ ကိုယ်၌ကပင်၊ ချို့ယွင်းမှားယွင်းမှုများ ရှိနေသည်ဟု ဆို၏။ ပြီးလျှင် ပြောင်းလဲနေသည့် အချိန်ကာလနှင့်အညီ ပြောင်းသင့်တာတွေကိုလည်း ပြောင်းလဲရပါမည်ဟု ‘ဂေါ်ဗာဂျော့’ ၏ လေသံ ‘တိန့်ရှောင်ဖိန်’ ၏ ဟန်ပန်တို့နှင့် တိုင်းပြည်သို့ မိချောင်းမျက်ရည်ကျပြ၏။

ရည်ရွယ်ချက်က ကုလသမဂ္ဂ၏ အထွေထွေညီလာခံတွင် ‘မြန်မာပြည်အား ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ’ အဖြစ် အသိအမှတ်ပြုခံရရေး ဖြစ်သည်၊ နိုင်ငံအား ဒေဝါလီခံရေး။

ထိုစဉ်က မဆလ တွင်ရှိသည့် နိုင်ငံခြားငွေမှာ အမေရိကန်ဒေါ်လာ သန်း ၂ဝ-၃ဝ မျှသာ လက်ကျန်ရှိ၏။ အကြွေးက နိုင်ငံစုစုပေါင်း ကုန်ထုတ်လုပ်မှု GDP ၏ ၅ဝ % ကျော်ရာမှ တိုး၍သာ မြင့်တက်၍နေသည်။ လူထုသည် အထွေထွေအကျပ်အတည်းကြီးအတွင်း၌ နစ်၍နေ၏။

မဆလ သည် နိုင်ငံခြားဝင်ငွေရရှိရန် နိုင်ငံခြားသို့ ဆန်စပါးတင်ပို့မှုအား မြှင့်တင်ရန် လုံ့လထုတ်၏။ လယ်သမားများထံမှ ဆန်းစပါးအား သတ်မှတ်ထားသည့် ဈေးနှုန်းနှင့် အဓမ္မတိုး၍ဝယ်သည်။ သတ်မှတ်ဈေးနှုန်းဟူသည်က ပြင်ပဈေးကွက်ပေါက်ဈေးထက် များစွာနည်းပါး၏။

လယ်သမားဦးကြီးများ၏ စပါးများက စပါးကျီများအတွင်းသို့ပင် မရောက်လိုက်ကြ။ တလင်းအတွင်း ရောက်သည်နှင့် စစ်တပ်၊ ပါတီ၊ ကောင်စီများက ဆင်းပြီး သတ်မှတ်ဈေးဟူသည်နှင့် ငွေပေးချေပြီး စပါးအား သယ်ယူသွားကြ၏။ မဆလ က အကြီးမားဆုံးသော မြေရှင်ကြီး ဖြစ်၍နေသည်။ လယ်သမားများက လယ်လုပ်ရင်း ဆန်မရှိသည့် ဘဝသို့ ရောက်၍နေကြသည်။

၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် မဆလ သည် မြန်မာကျပ်ငွေ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နှင့် ၇၅ ကျပ်တန်တို့အား တရားမဝင် ငွေကြေးများအဖြစ် ကြေညာပြန်၏။ မဆလ ၏ တရားမဝင် ငွေကြေးပြုမှုများက လည်ပတ်သုံးစွဲနေသည့် မြန်မာကျပ်ငွေ တန်ဖိုးမှ ၈ဝ % သော ငွေကြေးများအား တန်းဖိုးမဲ့စေခဲ့၏။ ရိုက်ခတ်မှုက လူထုများအားလုံးသို့ ထိ၏။ မိမိပိုင်ဆိုင်သည့် ငွေကြေးမှ ၈ဝ % သည် တန်ဖိုးမဲ့ဖြစ်သွားရ၏၊ ကုန်ဈေးနှုန်းများက ချက်ချင်း မြင့်တက်လာ၏။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများက ထိုညတွင်ပင် မဆလ အား ဆန့်ကျင်၍ဆန္ဒပြကြ၏။ လူထုသည် အထွေထွေအကျပ်အတည်းအတွင်းမှ ထွက်ပေါက်ရှာကြ၏၊ ဖောက်ထွက်ရန်ကြိုးစားကြ၏။

(ခး၁)

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်၊ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား အရေးတော်ပုံမှစ၍ မဆလ ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုများက ဆက်ကာ ဆက်ကာ၊ ကြီးမား၍ လာခဲ့၏။ ရန်ကုန်စက်မှု တက္ကသိုလ်၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ရန်ကုန်ဆေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေအနှံ့ သပိတ်သံတို့ ညံနေ၏။

မဆလ ၏ မှားယွင်းသော စီမံအုပ်ချုပ်မှုကြောင့် အရေးတော်ပုံသည် ကြီးထွား၏။ အာဏာပိုင်တို့၏ ရိုက်နှက်ပစ်ခတ်မှုကြောင့် ကျောင်းသားတို့သည် ပိုမို၍ ‘ရဲ’ ၏။ ဖမ်းဆီးညှဉ်းပန်းမှုကြောင့် ဆန္ဒပြသူတို့သည် များပြား၏၊ တံတားဖြူက သွေးရည်လွှမ်း၍နီ၏၊ ကျောင်းတော်သားတို့၏ ဦးခေါင်းများက သွေးတို့နှင့် နီ၏။ သို့သော် ညွှတ်ကား မညွှတ်။

မဆလ က ကျောင်းများအား ပိတ်၏၊ မြို့တော်အား ပုဒ်မ ၁၄၄ ထုတ်ပြန်၏။ ၁၉၈၈ ခုနှစ်၊ မတ်လ နှင့် ဇွန်လ အရေးတော်ပုံအတွင်း ကျောင်းသားအာဇာနည် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးကြ၏။ ဖမ်းဆီးလာစဉ် အချုပ်ကားအတွင်း အသက်ရှူမွန်းကြပ်၍ ကျောင်းသား၊ ကျောင်းသူ ၄၂ ဦး ကွန်လွန်ခဲ့ရ၏။ မဆလ ၏ အစီရင်ခံစာအရပင်လျှင် ဖမ်းဆီးထိန်းသိမ်းထားသူပေါင်း ၆၂၅ ဦး ရှိသည်ဟု သိရသည်။

နိုင်ငံရေးရာသီဥတုက နိုင်ငံအနှံ့ လေဖိအားနည်း ရပ်ဝန်းကြီးပမာ၊ ငြိမ်နေ၏။ ငြိမ်သက်မှုက ကြောက်မက်ဖွယ်ရာ ငြိမ်သက်မှု။

မဆလ သည် ကျောင်းသားအရေးတော်ပုံမှ ဘာသာရေးကို အခြေခံသည့် လူမျိုးရေးအဓိကရုဏ်းတခုအား ဖန်တီးနိုင်ရန် ကြိုးစား၏။ လူထုအား ဦးတည်ချက်လွှဲရန် ကြံစည်ကြည့်၏၊ မရ။ လူထုသည် ရန်သူအား မျက်ခြေပြတ်မခံတော့။

တောင်ကြီး၊ ပြည်၊ မော်လမြိုင်၊ ပဲခူးတို့တွင် လူထုအရေးတော်ပုံများ ဖြစ်၏၊ ပုဒ်မ ၁၄၄ ထုတ်၏။ စစ်အုပ်ချုပ်ရေး ကြေညာ၏၊ အဖမ်းအဆီးများက အနှံ့အပြား။ မုတ်သုန်သည် အရေးတော်ပုံများ အကြားမှပင် ဝင်ရောက်လာခဲ့၏။

၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ဆရာစံခန်းမ၊ မဆလ ၏ အထူးအရေးပေါ် ပါတီညီလာခံအား ကျင်းပ၏။ ကိုယ်စားလှယ်ပေါင်း ၁,ဝဝဝ ကျော် တက်ရောက်သည့် ညီလာခံ။ ညီလာခံက မတ်တပ်ရပ်၍ ကျင်းပကြသည့် ညီလာခံမျိုး၊ ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းက ညီလာခံတွင် အဖွင့်မိန့်ခွန်းပေး၏။ ဒေါသကြောင့် မိန့်ခွန်းစကားက မာဆတ်ဆတ်၊ မိန့်ခွန်းအား တတ်သုတ်ရိုက်၍ ပြော၏။

“မတ်လနှင့် ဇွန်လများမှာ ဖြစ်ပျက်ခဲ့တဲ့ သွေးထွက်သံယို အရေးအခင်းများဟာ အစိုးရအဖွဲ့နဲ့ ထိုအဖွဲ့ကို ဦးဆောင်နေတဲ့ ပါတီကို အယုံအကြည်ကင်းမဲ့နေတာ၊ ထိုရုန်းရင်းဆန်ခတ်တွင် ကိုယ်တိုင်ပါဝင်သူများနဲ့ နောက်မှ အားပေးသူများက ဖော်ပြလိုက်ပါတယ်။ တတိုင်းပြည်လုံး လူထုအနေနဲ့ ဒီအယုံအကြည် ကင်းမဲ့သူဘက်က အများစုလား၊ အနည်းစုလားဆိုတာ ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ တပါတီစနစ် (သို့မဟုတ်) ပါတီစုံစနစ်ဆိုတဲ့ စနစ်နှစ်ခုမှာ ဘယ်စနစ်ကို ရွေးပါသလဲလို့ တပြည်လုံး လူထုဆန္ဒခံယူပွဲ ကျင်းပရင် ဆန်းစစ်မှု အဖြေပေါ်နိုင်မည်ဟု ယူဆတာကြောင့် တပြည်လုံး လူထုဆန္ဒခံယူပွဲ ကျင်းပပေးရန် ညီလာခံသို့ တင်ပြပါတယ်”

ပြီးလျှင် ဦးနေဝင်းသည် ဆရာစံ ခန်းမမှနေ၍ မြန်မာပြည်သူလူထုကြီးအား နောက်ဆုံးစကားဆို၏။ ဦးနေဝင်း၏ ဇာတိပြသော စကား၊ လူထုအပေါ် ထားသည့် သဘောထား၊ ခြိမ်းခြောက်မှုများနှင့် …

“နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ပြီး ဖောက်တာမပါဘူး။ အဲဒါ နောင်ကို ဆူဆူပူပူ လုပ်လို့ရှိရင်တော့ ဆူတဲ့လူတွေ မသက်သာဘူးလို့သာ မှတ်ပေတော့လို့”


No comments: