မျိုးသိဏ်း
ရန်ကုန်ညတွေ လူခြေတိတ်နေတာ ခြောက်ရက်ရှိပြီ။ ကုမ္ပဏီဝန်ထမ်းတွေ နေစောင်းရင် တကြွကြွဖြစ်နေတာ၊ အိမ်ကိုနောက်ကျပြီးမှ ပြန်တတ်တဲ့ လမ်းပျော်ချာတိတ်တွေ ခုရက်ပိုင်း အိမ်အပြန်စောလို့။ မြေနီကုန်းက အယ်လ်အီးဒီ ကြော်ငြာဘုတ်ကြီးရှေ့မှာ လူတွေအုံလို့။ ဘီယာဆိုင်နဲ့ လ္ဘက်ရည်ဆိုင်တွေကတော့ ပုံမှန်လောက်ပဲ လူဝင်ပေမယ့် အနှိပ်ခန်းတွေအတွက်တော့ ၂ဝ၁ဝ က ရွှေခေတ်။
မနက်ဘက်ဆို နေရာအနှံကြားနေရတာက "ညကအခြေအနေကောင်းလား" "ခင်ဗျား ပေါင်းလား၊နှုတ်လား" ။ ညနေစောင်းချိန်မှာ ပြောဆိုတိုင်ပင်နေလိုက်ကြတာများ "အပေါ်ကောင်းလား" "အောက်ကောင်းလား" "ဂိုးပြတ်နိုင်ပါ့မလား"။ အဲ့ဒီနောက်မှာ ဆယ်ပြား၊ ဆယ့်ငါးပြားနဲ့ ကိန်းဂဏန်းတွေနောက်က ပုလင်းသံ၊ ဘုံး (ပုံး)သံတွေ။
ရွေးကောက်ပွဲဥပဒေ၊ သင်္ကြန်ဗုံးကွဲတာ၊ ကွမ်းခြံကုန်းဓါးပြ၊ ထက်ထက်မိုးဦးနဲ့သတင်းထောက်ပဋိပက္ခ၊ မြန်မာ့နျူကလီးယား အရှုပ်တော်ပုံဇာတ်လမ်း ... ဒါတွေကို မေ့ထားလိုက်ပါပြီ။ ခုလက်ရှိ မြန်မာပြည်မှာ အားလုံးစိတ်ဝင်စားတာ "ကမ္ဘာ့ဖလား"။ ဘရာဇီး၊ အင်္ဂလန်၊ အီတလီ၊ ဂျာမနီတို့ရဲ့ "ကမ္ဘာ့ဖလား"။ MRTV နဲ့ မြဝတီက တိုက်ရိုက်ပြမယ်လို့ ကြေငြာကတည်းက လူတွေစိတ်ဝင်စားနေခဲ့တဲ့ "ကမ္ဘာ့ဖလား" ။
တောင်အာဖရိက ၂ဝ၁ဝ ကမ္ဘာ့ဖလားကို တီဗီမှာပြပေးမယ်လို့ မိုးဆမ်းပန်းကုမ္ပဏီက တရားဝင်ကြေငြာတော့ စလောင်းမရှိတဲ့သူတွေ ပျော်ခဲ့ကြတယ်။ ပြန်ကြားရေးပိုင် MRTV ကပြတဲ့ပွဲကနည်းပြီး၊ စစ်တပ်ပိုင် မြဝတီကပြမယ့်ပွဲတွေက များတဲ့အပြင် ပွဲကောင်းတွေအများစုကိုလည်း မြဝတီကပဲပြတယ်။ အသံရော၊ ရုပ်ရော မကြည်တဲ့ မြဝတီဖမ်းဖို့ အင်တင်နာတွေ၊ ဘူစတာ (Booster) လို့ခေါ်တဲ့ ရုပ်သံကြည်အောင်ထိန်းတဲ့ စက်တွေ ပြေးဝယ်ကြတာ အီလက်ထရွန်းနစ်ဆိုင်တွေ တော်တော်အလုပ်ဖြစ်သွားကြတယ်။
ကမ္ဘာ့ဖလားဘောလုံးပွဲ တိုက်ရိုက်လွှင့်ပိုင်ခွင့်ကို မိုးဆမ်းပန်းကုမဏီက ရထားတယ်။ ကုမ္ပဏီကို ပိုင်တဲ့သူက မြန်မာ့စီးပွားရေးဦးပိုင်ကုမ္မဏီလိမိတက်ရဲ့ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးတင်အေးရဲ့သား ဦးဇော်မင်းအေး။
မနေ့ညကတော့ မြဝတီကော MRTV ကော ဘယ်ဘောလုံးပွဲမှ မပြဘူး။ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်ပါလို့ ဆိုတယ်။
အောင်ဘာလေအားမရလို့၊ ယိုးဒယားထီနဲ့ ယိုးဒယားစတော့ခ်ဈေး အတက်အကျအထိ လောင်းကစားလုပ်တဲ့ မြန်မာတွေ ဒီလိုပွဲမျိုး ဘယ်လက်လွတ်ခံလိမ့်မှာတုန်း။ သုံးလုံး၊ နှစ်လုံးထက်စာရင် တလုံးက နိုင်ဖို့ရာခိုင်နှုန်းများတယ်၊ ဆတူပဲ မဟုတ်လား။ လေးနှစ်တကြိမ်လုပ်တဲ့ ကမ္ဘာ့ဖလားကို ပုံမှန် ဥရောပလိဂ်တွေထက် ပိုလောင်းကြပါတယ်။ ဒီနှစ်ကမ္ဘာ့ဖလားလည်း လောင်းတဲ့သူတွေနဲ့ လောင်းတဲ့ပမာဏ များသင့်သလောက် များတယ်လို့ ဒိုင်တွေကဆိုကြတယ်။
ဘောလုံးပွဲကို အနောက်နိုင်ငံတွေမှာလို Fixed Odds လို့ခေါ်တဲ့ အနိုင်၊ အရှုံး၊ သရေ တိုက်ရိုက်ခန့်မှန်းပြီး အလေးဆနဲ့ အလျော်အစားလုပ်တာမျိုး မြန်မာပြည်မှာ မရှိပါဘူး။ အာရှကြေးလို့ခေါ်တဲ့ အကြောပေးစနစ် (Handicap Odds) နဲ့အလောင်းအစားလုပ်ပါတယ်။ နိုင်တဲ့ငွေရဲ့ ၅ ရာခိုင်နှုန်းကို ဒိုင်အကောက်အနေနဲ့ ဖြတ်တော့ ဘောလုံးပွဲ ပွဲစားတွေ မှိုလိုပေါက်လာတယ်။ အခေါ်အဝေါ်တွေကတော့ ထိုးသားကို "ဖိုက်တာ"တဲ့၊ တသောင်းကို "တပုလင်း"၊ တသိန်းကို "တပုံး"တဲ့၊ နောက်ပိုင်း သုညနှစ်လုံးဖြုတ်တဲ့ ယူနစ်စနစ်နဲ့ ခေါ်ကြတယ်။ တသောင်းကို တရာတဲ့၊ တသိန်းကို တထောင်တဲ့။
၁၉၉ဝ ပြည့်လွန်နှစ်တွေက ဘောလုံးပွဲလောင်းဖို့ ဒိုင်ရှိတဲ့နေရာ တကူးတက သွားလောင်းရပေမယ့် ဒီခေတ်မှာ လူတိုင်း ဘောလုံးပွဲဒိုင်၊ ဘောလုံးပွဲ ပွဲစားတွေ ဖြစ်လာကြပြီ။ မိုဘိုင်းခါးထိုးပြီး လက်လေးလုံးလောက်အရွယ်မှတ်စုလေးရှိရင် ဘောပွဲဒိုင်၊ ဘောပွဲစား လုပ်လို့ရပြီ။
ငွေကြိုမပေးရပဲ သတ်မှတ်ကာလမှာ အနိုင်အရှုံးငွေ ရှင်းတာဆိုတော့ လောင်းတာများလို့ မပေးနိုင်တဲ့ ဖိုက်တာတွေ၊ ဒိုင်ပြန်မတင်ဘဲ ကြားကဖြတ်စားလို့ မလျော်နိုင်တဲ့ ဘောပွဲစားတွေ အကြောင်း ခဏခဏကြားရတယ်။ ထွက်ပြေးတာမျိုးတော့ မရှိတော့ဘူး။ ဗြောင်မပေးတာပဲရှိတယ်။ နှုတ်ကတိနဲ့ အလောင်းအစားလုပ်တဲ့ တရားမဝင်ကိစ္စဆိုတော့ ဘယ်လိုမှဖြေရှင်းလို့ မရဘူး။ မပေးရင် မရဘူးပဲ။
ဒီနှစ်ကမ္ဘာ့ဖလားမှာ ဂျာနယ်သုံးခုက နေ့စဉ်ထုတ်စာစောင်တွေ ထုတ်ကြတယ်။ ဘောလုံးသီးသန့်ဖြစ်လို့ စီစစ်ရေးက ထုတ်ဝေခွင့်ပေးလိုက်တယ်။
၁၉၃ဝ ကစခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံပြည်သူတွေ ရုပ်သံကနေ ကြည့်ရတာ ၁၉၉၄ မှာပါ။ ၉၄ အမေရိကန်မှာကျင်းပတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲကို မြန်မာ့ရုပ်မြင်သံကြားက စပြတော့ တိုက်ရိုက်ထုတ်လွှင့်မှု မဟုတ်ပါဘူး။ မြန်မာစံတော်ချိန် မနက်အစောပိုင်းကြီးမှာ ကန်တဲ့ဘောလုံးပွဲကို ညနေ လေးနာရီမှ ပြန်ပြတာ။ ဘာပဲဖြစ်ဖြစ် အဲ့ဒီအချိန်က မြန်မာပြည်မှာလူစိတ်အဝင်စားဆုံး ရုပ်သံထုတ်လွှင့်မှု ဖြစ်ခဲ့ပါတယ်။ ရိုမာရီယိုနဲ့ဘရာဇီးကို အီတလီအသင်း ပယ်နယ်တီမှာအရှုံးပေးရပေမယ့် ပိုနီတေးဆံပင်နဲ့ ဗုဒ္ဓဘာသာဝင် ဘက်ဂီယိုကတော့ မြန်မာတွေရဲ့ ဂရုဏာကို ကောင်းကောင်းရသွားခဲ့တယ်။
၉၈ ပြင်သစ်ကမ္ဘာ့ဖလားကို ရုပ်သံကမပြခဲ့ပေမယ့် နိုင်ငံတကာရုပ်သံလိုင်းတွေဖမ်းနိုင်တဲ့ စလောင်းတွေ တော်တော်ခေတ်စားလာပြီဖြစ်လို့ ဇီဒန်းတို့လူသိုက် သူ့မြေသူ့ကွင်းမှာ ဖလားယူတာကို ကြည့်လိုက်ရတယ်။
၂ဝဝ၂ တောင်ကိုရီးယား-ဂျပန်ပြိုင်ပွဲလည်း အာရှသားဆိုတဲ့အစွဲနဲ့ အားပေးခဲ့ကြတယ်။ အဲ့ဒီပွဲမှာ ရိုနယ်ဒိုက ကမ္ဘာ့ဖလားသွင်းဂိုးစံချိန်တင်ပြီး ဘရာဇီးကို ဖလားယူပေးလိုက်တယ်။ ၂ဝဝ၆ ဂျာမနီကမ္ဘာ့ဖလားကို ကင်နာဗာရိုတို့ရဲ့ အီတလီယူသွားတာလည်း ကြည့်ခဲ့ရတယ်။
မိုးလေးကရွာ၊ မီးလေးကလည်း နည်းနည်းပြန်မှန်ချင်နေတော့ ကမ္ဘာ့ဖလားမှာ လူတွေပျော်ဝင်နေကြတယ်။ အပေါင်းအသင်းတွေနဲ့ ဝိုင်းဖွဲ့ကြည့်ရတာ ဝါသနာပါသူတွေကတော့ လ္ဘက်ရည်ဆိုင်နဲ့ ဘီယာဆိုင်တွေမှာ စုဝေးကြပါတယ်။
အနှိပ်ခန်းတွေ ၂ဝ၁ဝ ပထမခြောက်လမှာ ဝင်ငွေ စံချိန်ကျိုးတယ်တဲ့။ သိန်းရာနဲ့ချီတဲ့ မီးစက်ကြီးတွေသုံးထားတဲ့ အနှိပ်ခန်းတွေမှာ ဥရောပဘောလုံးရာသီတခုလုံး ဘောလုံးပွဲချိန်တွေမှာ လူပြည့်တတ်ပါတယ်။ ဒီနှစ် ဘောလုံးရာသီအပြီးမှာ အပူချိန်တွေမြင့်တာကြောင့် အဲ့ယားကွန်းအေးတဲ့ အနှိပ်ခန်းလူဝင်တယ်။
အပူချိန်ပြန်ကျသွားတော့ ကမ္ဘာ့ဖလားကြောင့် လူဝင်တယ်တဲ့။ သိန်းထောင်ဂဏန်းအထိ ရင်းနှီးဖွင့်လာတဲ့ အနှိပ်ခန်းကြီးတွေမှာ လူနှစ်ယောက် အနှိပ်ခံရင်း ဘောလုံးပွဲတပွဲကြည့်ဖို့ ကျပ်တသောင်းပဲကုန်တာမို့ ဇိမ်ခံချင်သူတွေရဲ့ နေရာကောင်းတခုဖြစ်နေတာပါပဲ။ အရင်က ဘီယာဆိုင်တွေမှာ စုဝေးပြီး ဘောလုံးပွဲကြည့်တဲ့ ဓလေ့ကနေ အနှိပ်ခန်းမှာ သွားကြည့်တဲ့ ဓလေ့ပုံစံ ဖြစ်လာပါတယ်။ ဒီနေ့ခေတ်မှာ အနှိပ်ခန်းတွေကလည်း ရန်ကုန်မြို့ရဲ့ မြို့ပြအင်္ဂါရပ်တခုလို ဖြစ်လာပါပြီ။
လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင်မယ်လို့ လက်သီးလက်မောင်းတန်း ကြွေးကြော်နေသူတွေလည်း ဒီကမ္ဘာ့ဖလားကာလမှာ အသံတိတ်နေကြပါတယ်။ ဇူးလူးဘာသာစကားနဲ့ "အောင်ပွဲခံကြစို့" လို့ အဓိပ္ပာယ်ရတဲ့ ကမ္ဘာ့ဖလားဘောလုံး ဂျာဘူလာနီ (Jabulani) ရဲ့ ဖမ်းစားမှုကြောင့် လူတွေအားလုံးရဲ့စိတ်တွေ တောင်အာဖရိက ရောက်နေမှာ ဇူလိုင် ၁၁ အထိတိုင်အောင် ရှိနေမှာပါ။
No comments:
Post a Comment