ထက်အောင်
“တရားမျှတမှုနဲ့ အာဏာဟာ အတူတကွ တည်ရှိရမယ့် အရာတွေ ဖြစ်တယ်။ ဒါမှသာ တရား မျှတတယ် ဆိုတဲ့ အရာတိုင်းမှာ အာဏာရှိမှာ ဖြစ်ပြီး အာဏာနဲ့ ဆောင်ရွက်တဲ့ အရာတိုင်း ဟာလည်း တရားမျှတမှု အတူ ကပ်ပါလာမှာ ဖြစ်တယ်” လို့ ၁၇ ရာစု ပြင်သစ် အတွေးအခေါ် ပညာရှင် တဦးဖြစ်သူ ဘလေးဇ် ပါစကယ်က ပြောခဲ့ဖူးပါတယ်။
ဒါပေမယ့် ၂၁ ရာစု မြန်မာနိုင်ငံကို ပြန်ကြည့်လိုက်တဲ့ အခါ တရား မျှတမှုနဲ့ အာဏာဟာ အတူ ယဉ်တွဲ ရှိမနေဘဲ တဘက်စွန်းစီမှာ သပ်သပ် တည်ရှိနေကြတယ်။ အဲ့ဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းကတော့ စစ်အစိုးရရဲ့ ဥပဒေ ကျွမ်းကျင်သူတွေက ဥပဒေကို အဓိပ္ပာယ် ဖွင့်ဆိုရာမှာ လူထု အကျိုးစီးပွားထက် စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားကိုသာ အဓိက ထားကြတဲ့အတွက် ဖြစ်ပါတယ်။
ဥပဒေကို တလွဲ အသုံးပြုခဲ့တဲ့ ထင်ရှားတဲ့ဖြစ်ရပ်တခု မကြာသေးခင်ကမှ ဖြစ်ပွားခဲ့ပါသေးတယ်။ မေလ ၉ ရက် နဲ့ ၁ဝ ရက်နေ့က အမေရိကန်နိုင်ငံရဲ့ အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ်ကမ်းဘဲလ် ဦးဆောင်တဲ့ အဖွဲ့ မြန်မာပြည်ကို လာရောက် လည်ပတ်စဉ်က ဖြစ်ပွားခဲ့တာပါ။
တာဝန် ထမ်းဆောင်ဆဲ အစိုးရ ဝန်ကြီးတွေ နိုင်ငံရေးပါတီ တည်ထောင်ခြင်းဟာ ဥပဒေနဲ့ ကိုက်ညီခြင်း ရှိပါသလားလို့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့က ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးကို မေးတဲ့အခါ ဦးသိန်းစိုးက ပြောင်ပြောင် တင်းတင်း လိမ်ညာ ဖြေကြားလိုက်ပါတယ်။
ဦးသိန်းစိုးက ဗိုလ်ချုပ်ဟောင်း တဦး ဖြစ်ပြီး စစ်ဘက် ဆိုင်ရာ တရားသူကြီးဟောင်း တဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဗဟိုတရားရုံးမှာလည်း ဒုတိယ တရားသူကြီးချုပ် အဖြစ် တာဝန် ထမ်းဖူးပါတယ်။ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဦးသိန်းစိုးကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့တာပါ။
အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဦးသိန်းစိုး ပြန်ဖြေကြားတာတွေကို အစိုးရပိုင် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
ဦးသိန်းစိုးက လက်ရှိ ဝန်ကြီးများ နိုင်ငံရေး ပါတီ ထောင်ခြင်းဟာ ဥပဒေနှင့် ကိုက်ညီတယ်လို့ အကြောင်း ပြချက် ၂ ခုနဲ့ သက်သေပြ ဖြေဆိုပါတယ်။ ပထမအကြောင်းပြချက်က “ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ တည်ထောင်တာဟာ ဥပဒေနဲ့ အညီ ဖြစ်ပါတယ်” ပြောရမယ်ဆိုရင် “လက်ရှိ တာဝန် ထမ်းဆောင်ဆဲ နိုင်ငံ့ ဝန်ထမ်းတွေကို နိုင်ငံရေး ပါတီဝင်ခွင့် မရှိဘူး ဆိုတဲ့ ပြဋ္ဌာန်းချက် တခု ရှိပါတယ်။ ဒါပေမယ့် ဝန်ကြီး ဆိုတာ နိုင်ငံရေး ရာထူး ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းတွေ မဟုတ်ပါဘူး” လို့ ဖြေဆိုပါတယ်။
ပထမ အကြောင်းပြချက်ကို ကြည့်ကြရအောင်ပါ။ အစိုးရ ဝန်ကြီးတွေဟာ နိုင်ငံ့ဝန်ထမ်း မဟုတ်ဘူး ဆိုတဲ့ အချက်ကို ဦးသိန်းစိုးက ဘယ်ဥပဒေ ကိုးကား ဖြေခဲ့ပါသလဲ။ ကမ့်ဘဲလ်က ဦးသိန်းစိုးကို အဲ့ဒီ မေးခွန်း မေးခဲ့သလား ဆိုတာ ကျနော် မသိပါဘူး၊ မေးမြန်း စောကြောသင့်တဲ့ အရာပါပဲ။
ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့တဲ့ ရှေ့နေတွေ အဆိုအရ ပြည်ထောင်စု မြန်မာနိုင်ငံတော် ရာဇသတ်ကြီး ဥပဒေမှာ မည်သူဟာ နိုင်ငံ့ ဝန်ထမ်း ဖြစ်ပြီး မည်သူဟာ နိုင်ငံ့ဝန်ထမ်း မဟုတ် ဆိုတာကို ဖော်ပြထားပါတယ်။ ထိုရာဇသတ်ကြီးဥပဒေကို ၁၈၆၁ ခုနှစ် ဗြိတိသျှ အစိုးရ လက်ထက်မှာ ပြဋ္ဌာန်းခဲ့ပြီး ပြင်ဆင် ဖြည့်စွက်မှုများကို နောက်ဆုံး အကြိမ် အဖြစ် ၁၉၆၃ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ရာဇသတ်ကြီးဥပဒေ အခန်း (၂) မှာ ဥပဒေ ဝေါဟာရများကို အဓိပ္ပာယ် ဖွင့်ဆို ဖော်ပြထားပါတယ်။ အဲ့ဒီအခန်းရဲ့ ပုဒ်မ ၂၁ မှာ “ပြည်သူ့ဝန်ထမ်း” ဆိုတာ အောက်ပါ လူပုဂ္ဂိုလ်တွေကို ဆိုလိုပါတယ်၊ ပုဒ်မခွဲ ၉ ရဲ့ အောက်မှာ “အစိုးရ ဝန်ကြီးများ” လို့ ဖော်ပြထားပါတယ်။
၂ဝဝ၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေသစ် အရ “နိုင်ငံ့ဝန်ထမ်း” ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် ဘာသာ တိုက်ရိုက် ပြန်ဆိုရင် “state servant” လို့ အဓိပ္ပာယ် ရပါတယ်။ “ပြည်သူ့ဝန်ထမ်း” နဲ့ စကားလုံး မတူညီပေမယ့် အဓိပ္ပာယ် အတူတူပါပဲ။
အထက်ပါ စကားလုံး နှစ်ရပ်စလုံးရဲ့ အနက် ဖွင့်ဆိုချက်ကို ပညာရေး ဝန်ကြီးဌာန၊ မြန်မာအဖွဲ့ ဦးစီးဌာနက ထုတ်ဝေထားတဲ့ မြန်မာ - အင်္ဂလိပ် အဘိဓာန်မှာ “civil servant” လို့ အဓိပ္ပာယ်ဖွင့် ဆိုထားပါတယ်။
အဲ့ဒီ အထောက် အထားတွေ အရ ဘယ်လို ရှုထောင့်က ကြည့်ကြည့် ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် ဝန်ကြီးတွေဟာ နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်နေပါတယ်။ ပြောရရင် USDP ပါတီ တည်ထောင်တဲ့ နေရာမှာ အဲ့ဒီ ဝန်ကြီးတွေ ပါဝင်နေတာ ဥပဒေနဲ့ ဆန့်ကျင်နေတာ တွေ့ရပါတယ်။
မြန်မာ့အလင်း သတင်းစာ ဖော်ပြချက်အရ USDP ပါတီကို တည်ထောင်ခွင့် ရှိတဲ့ အကြောင်း ဦးသိန်းစိုးက အခြေခံ ဥပဒေရဲ့ “ကူးပြောင်းရေး ကာလ ပြဋ္ဌာန်းချက်” အခန်း၊ ပုဒ်မ ၄၄၄ (က)၊ ပုဒ်မ ၄၄၈ တို့ကို အထောက်အထား အဖြစ် ရည်ညွှန်းပြီး အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ရှင်းလင်းခဲ့ပါတယ်။
ဒါဆိုရင် အဲ့ဒီ ပုဒ်မတွေကို လေ့လာကြည့်ရအောင်ပါ။
ပုဒ်မ ၄၄၄ (က) မှာ “ဤ အခြေခံ ဥပဒေ အာဏာ တည်သည့်နေ့၌ တည်ရှိနေသော အစိုးရ အဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တာဝန်ပေးအပ်သည့် အစိုးရ အဖွဲ့ မပေါ်ပေါက်မီ မိမိတို့၏ သက်ဆိုင်ရာ တာဝန်များကို ဆက်လက် ဆောင်ရွက်ရမည်” လို့ ဆိုထားပါတယ်။
ပုဒ်မ ၄၄၈ မှာ “ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာ စတင် တည်သည့် နေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်အောက်၌ ဖွဲ့စည်း ထားရှိသည့် တပ်မတော်အပါအဝင် ဌာနဆိုင်ရာ အဖွဲ့ အစည်းများ၌ အမှုထမ်းဆဲ ဖြစ်ကြသော နိုင်ငံ ဝန်ထမ်းများသည် ပြည်ထောင်စု မြန်မာ နိုင်ငံတော် အစိုးရက အခြား ပြဋ္ဌာန်းခြင်းမပြုသမျှ ဆက်လက်အမှုထမ်းရမည်” လို့ ဆိုထားပါတယ်။
ဒီ ပြဋ္ဌာန်းချက်တွေကို နှစ်ကြိမ် သုံးကြိမ် ပြန်လှန် လေ့လာခဲ့ပါတယ်။ အဲ့ဒီပုဒ်မတွေဟာ USDP ပါတီ ထူထောင်တာနဲ့ ဆက်စပ်လို့ ရတာ တခုမှ မတွေ့မိပါဘူး။
“အစိုးရ”၊ “နိုင်ငံဝန်ထမ်း”၊ “တပ်မတော်”၊ “နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ” အစရှိတဲ့ အသုံးအနှုံးတွေကို ယခုပုဒ်တွေမှာ သုံးထားပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ဟာ ဥပဒေအရ ကိုယ်ပိုင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရှိတယ် ဆိုတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ညွန်းဆိုခဲ့သလို အဆိုပါ ပုဒ်မတွေက အထောက်အကူ ပြုထားတာ တချက်တလေမှ တိုက်ရိုက် ပါဝင်နေတာ မရှိသလို အဲ့ဒီလို အဓိပ္ပာယ် သက်ရောက်အောင်လည်း ဖွင့်ဆိုလို့ မရနိုင်ပါဘူး။
အခြေခံဥပဒေမှာ နိုင်ငံ့ ဝန်ထမ်းနှင့် နိုင်ငံရေးအကြား တိုက်ရိုက် နယ်နိမိတ် စည်းခြားထားတဲ့ ပုဒ်မ ၂၆ (က)၊ ပုဒ်မ ၁၂၁ (ည) တွေမှာ မတူညီမှု ရှိနေခြင်းကို ကွဲကွဲ ပြားပြား တိုက်ရိုက် ခွဲခြား ပြဆိုထားပါတယ်။
ပုဒ်မ ၂၆ (က) မှာ “နိုင်ငံ ဝန်ထမ်းများသည် ပါတီ နိုင်ငံရေးနှင့် ကင်းရှင်းရမည်” လို့ ဆိုထားပါတယ်။
ပုဒ်မ ၁၂၁ မှာ “အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေရ” လို့ ဆိုထားပြီး အဲဒီ ခေါင်းစဉ်အောက်မှာ ရာဇဝတ်အကျဉ်းသားများ၊ စိတ် ပေါ့သွပ်သူများ၊ နိုင်ငံခြားသားများ အစရှိသည်တို့ ပါဝင်တယ်။
ပုဒ်မခွဲ (ည) မှာ “နိုင်ငံ့ဝန်ထမ်း” လို့ ဆက်လက်ပါရှိ ပါတယ်။
ဒါပေမယ့် ပုဒ်မ ၁၂၁ (ည)မှာ “နိုင်ငံ့ဝန်ထမ်း” ဆိုတဲ့ စကားရပ်ကို ခြွင်းချက် ထားထားပါတယ်၊ အဲ့ဒါကတော့ “ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ဖွဲ့စည်းသော လွှတ်တော်များနှင့် အဖွဲ့ အစည်းများတွင် ရွေးချယ် ခန့်အပ်ခြင်း ခံရသည့် တပ်မတော်သားများ အပါအဝင် နိုင်ငံ့ ဝန်ထမ်းများနှင့် မသက်ဆိုင်စေရ” လို့ ဖော်ပြထားပါတယ်။
“ရွေးချယ် ခန့်အပ်ထားသော” ဆိုတဲ့ စကားရပ်ကို သတိပြုဖို့ လိုပါတယ်။ အဲ့ဒီ စကားရပ်ဟာ “ရွေးကောက်ခံထားရသော” လို့ အဓိပ္ပာယ် မရပါ။ အဲ့ဒါကြောင့် ဒီပြဋ္ဌာန်းချက်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ် ခန့်အပ်မယ့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ အတွက်သာ ဖြစ်တယ် ဆိုတာ ရှင်းရှင်း လင်းလင်း မြင်နိုင်ပါတယ်။
ဒါကြောင့် အဲ့ဒီ ဥပဒေခြွင်းချက်ဟာ USDP ပါတီကို ထူထောင်ခဲ့ကြတဲ့ လက်ရှိ ဝန်ကြီးများနဲ့ မသက် ဆိုင်ပါ။
ဦးသိန်းစိုး ဖြေကြားချက်တွေဟာ အမှန်တရားနဲ့ ကွဲလွဲနေပါတယ်။ စစ်အစိုးရက ၁၄ နှစ်ကြာ ရေးဆွဲခဲ့ပြီး ၂ဝဝ၈ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ အခြေခံ ဥပဒေက လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ ဝန်ကြီးချုပ်က ဖြစ်စေ၊ အခြား အစိုးရ ဝန်ကြီးတွေက ဖြစ်စေ နိုင်ငံရေး ပါတီ ဖွဲ့စည်း ထူထောင်တာကို ခွင့်ပြုထားတာ မရှိပါဘူး။
အဲ့ဒါကြောင့် မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေအရ USDP ပါတီဟာ တရားဝင် နိုင်ငံရေးပါတီ မဟုတ်ပါဘူး။
နိုင်ငံရေးပါတီတွေ မှတ်ပုံတင်တဲ့ အခါ နိုင်ငံရေး ပါတီတိုင်းက ကိုယ်စားလှယ်တွေဟာ အခြေခံ ဥပဒေကို စောင့်ထိန်း လိုက်နာပါမယ်လို့ လက်မှတ်ထိုးကြရပါတယ်။ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ (ဂ)၊ ပုဒ်မ ၁၂ (က/၄) တို့အရ ရွေးကောက်ပွဲ ကော်မရှင်ဟာ ဥပဒေကို ဖောက်ဖျက်တဲ့ ဘယ်လို နိုင်ငံရေး ပါတီကို မဆို ဖျက်သိမ်းနိုင်တဲ့ အခွင့် အာဏာ ရှိပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲ ကော်မရှင်ဟာ ဒီဥပဒေကို ကျင့်သုံးပြီး USDP ကို ဖျက်သိမ်းတာမျိုး မလုပ်ပါဘူး။
ပိုပြီး ဆိုးရွားတာကတော့ မြန်မာ ပြည်သူတွေအဖို့ နိုင်ငံတွင်းမှာ ဖြစ်စေ၊ နိုင်ငံတကာမှာ ဖြစ်စေ တရားမျှတမှုကို ရှာဖွေဖို့ အတွက် ရွေးချယ်စရာ ဥပဒေ လမ်းကြောင်း ရှိမနေတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။
ဧရာဝတီမဂ္ဂဇင်း၏ ရွေးကောက်ပွဲ စာမျက်နှာ တာဝန်ခံ ထက်အောင် ရေးသားသည့် “USDP Illegal under Constitution” ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။
No comments:
Post a Comment