Tuesday, June 1, 2010

လူ ၄၀၀ မဲရုံတစ်ခုထားမည်ဟု နမ့်ခမ်း ကြံ့ဖွံ့ပြော

သျှမ်းသံတော်ဆင့်
့်
မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်များ ကြေငြာခြင်း မရှိသေးချိန်တွင် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ကြံ့ဖွံ့အသင်းက မဲထည့်နိုင်သူ လူဦးရေ ၄၀၀ လျှင် မဲရုံတစ်ရုံထား ရှိမည်ဟု ဒေသတွင်း လှည့်လည်ပြော ကြားနေကြောင်း သိရသည်။


မေလနောက်ဆုံးအပတ်က စတင်ခဲ့သည့် ကြံ့ဖွံ့အသင်း၏ နမ့်ခမ်းမြို့နယ်အတွင်း ကျေးရွာများ စည်းရုံးရေး ခရီးစဉ်တွင် ကျေးရွာ အာဏာပိုင်များကို မဲရုံကိစ္စနှင့်ပတ်သက်၍ ထိုသို့ ပြောကြားခဲ့ကြောင်း ကြံ့ဖွံ့အသင်းဝင် တစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည်။

“မေလ ၁၉ ရက်နေ့က စပြီးရွာတွေစည်းရုံးရေးဆင်းနေတာလေ အခုချိန်ထိပေါ့ မဲရုံတည်ဆောက်တာတွေကို ကျေးရွာ အာဏာပိုင်တွေနဲ့ပြောတယ် ရွာတစ်ရွာမှာ မဲထည့်တဲ့လူ ၄၀၀ ရှိရင် မဲရုံတစ်ရုံပေါ့ ၈၀၀ ရှိရင် ၂ ရုံထားရမယ်ပေါ့ ” ဟု သူက ဆိုသည်။

ထိုသို့ လူဦးရေ အကန့်အသတ်ဖြင့် မဲရုံများထားလျှင် အချို့ကျေးရွာများတွင် မဲရုံ ၂ ရုံမှ ၃ ရုံအထိ ထားရှိရမည်ဖြစ်ပြီး မဲရုံများလေလေ အာဏာပိုင်များဘက်မှ မဲလိမ်ရန် အခွင့်အလမ်းသာလေလေ ဖြစ်နိုင်ကြောင်း အကြားအမြင်များသည့် ဒေသခံတစ်ဦးက ဆိုသည်။

“အခုလို မဲရုံများများထားတော့ နအဖဘက်က မဲလိမ်လို့ပိုကောင်းတာပေါ့ စောင့်ကြည့်ဖို့ဟာလည်း အခက် အခဲရှိတယ်။ မဲသယ်တဲ့ ရွေ့တဲ့နေရာ ဒီကြားထဲအမျိုးမျိုးလှည့်လို့ရတယ်ဗျာ။ ကျွန်တော့်အထင်ပြောရရင် ဒီရည်ရွယ်ချက်နဲ့ လုပ်တာ ဖြစ် နိုင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအတည်ပြုတုန်းကလိုပဲ သူတို့စိတ်ကြိုက် လုပ်သွား မှာပဲ” လို့ ၄င်းဒေသခံက သုံးသပ်သည်။

နအဖစစ်အာဏာပိုင်များ ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဥပဒေအရ ကော်မရှင်သည် မဲဆန္ဒနယ် အကျယ် အ၀န်းကို ရွေးကောက်ပွဲမကျင်းပမီ အနည်းဆုံးရက်ပေါင်း ၃၀ ကြိုတင်၍ ကော်မရှင်အဖွဲ့ခွဲက ထပ်ဆင့်ကြေငြာရမည်ဟုဖေါ်ပြ ထားသည် ။

ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို ယနေ့အထိ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးချိန်တွင် လူမှုရေးအသင်းအမည်ခံ ထားသော ကြံ့ဖွံ့အသင်းက မဲရုံကိစ္စများ ဆောင်ရွက်နေခြင်းမှာ ဥပဒေအရ တရားဝင်မှုမရှိကြောင်း သူက ဆက်ပြောသည်။

နမ့်ခမ်းကြံ့ဖွံ့အသင်းအနေဖြင့် မေ ၁၉ ရက်နေ့မှ စ၍ အသင်းဝင်အင်အား စုဆောင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက် နေရာ နမ့်ခမ်းမြို့ပေါ်ရပ်ကွက်တစ်ခုလျှင် အယောက် ၅၀ မ၀င်မနေရ စနစ်ဖြင့် စုဆောင်းနေ ကြောင်း သိရသည်။



No comments: