Saturday, June 5, 2010

နအဖစစ်အုပ်စုကို တရားစွဲခြင်း

ဂါမဏိ

နအဖစစ်အုပ်စုကို တရားစွဲ အရေးယူဖို့နဲ့ပတ်သက်ပြီး သဘောတရားအရ ကြည့်ရင်တော့ အဓိကနည်းလမ်း (၆) မျိုး ရှိနေပါတယ်။ အဲဒါတွေကတော့ …

(၁) နိုင်ငံတကာတရားရုံး ICJ ကနေ မလိုက်နာလို့မရတဲ့ စီရင်ချက်ချစေခြင်း၊
(၂) နိုင်ငံတကာတရားရုံး ICJ ကနေ သဘောထားအကြံပြုချက် ချစေခြင်း၊
(၃) နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကနေ စီရင်ချက်ချစေခြင်း၊
(၄) အရေးပေါ် သီးသန့်ခုံရုံးတည်ထောင်ပြီး မလိုက်နာလို့မရတဲ့ စီရင်ချက်ချစေခြင်း၊
(၅) ပြည်ပနိုင်ငံတခုရဲ့တရားရုံးတခုကနေ စီရင်ချက်ချစေခြင်း၊
(၆) မြန်မာနိုင်ငံတွင်း တရားရုံးတခုကနေ စီရင်ချက်ချစေခြင်းတို့ဖြစ်ပါတယ်။

ပထမနည်းလမ်း (၅) ခုက နိုင်ငံတကာတရားရေးလမ်းကြောင်းတွေဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတခု သို့မဟုတ် တခြားနိုင်ငံတနိုင်ငံကနေ အစချီရမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ နောက်ဆုံးနည်းလမ်းကတော့ ကိုယ့်ပြည်တွင်း တရားရုံးတွေမှာပဲ ကိုယ့်အစိုးရကို နိုင်ငံတကာသဘောတူညီချက်ဖောက်ဖျက်မှု သို့မဟုတ် နိုင်ငံ့ဥပဒေချိုးဖောက်မှုနဲ့ တရားပြန်စွဲဖို့ဖြစ်ပြီး အလားအလာမရှိဆုံး နည်းလမ်းလည်းဖြစ်ပါတယ်။

၁။ နိုင်ငံတကာတရားရုံး ICJ ဟာ ကုလသမဂ္ဂရဲ့ အဓိကတရားရေးအဖွဲ့ဖြစ်ပြီး နိုင်ငံတွေအကြား တရားရေးဆိုင်ရာ အငြင်းအခုံတွေကို နိုင်ငံတကာဥပဒေနဲ့အညီ ဖြေရှင်းဆုံးဖြတ်ပေးရပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့အစည်းတွေ ဌာနတွေက မေးမြန်းတင်ပြလာတဲ့ ဥပဒေရေးရာပြဿနာတွေအပေါ်မှာလည်း သဘောထားအကြံပြုချက် ပေးရပါတယ်။

နိုင်ငံတကာ့တရားရုံးမှာ တရားဆိုင်ရင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ ICJ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေကို လက်မှတ်ထိုးထားတဲ့ ကုလအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေပဲ တရားပြိုင်ခွင့်ရှိပါတယ်။ ဒါ့အပြင် တရားပြိုင်နှစ်နိုင်ငံစလုံးက တရားရုံးဆုံးဖြတ်ချက်ကို လက်ခံမယ်လို့ သဘောတူဖို့လိုပါတယ်။ ဒါမှမဟုတ် ဖောက်ဖျက်တယ်လို့ စွပ်စွဲထားတဲ့ နိုင်ငံတကာစာချုပ်ထဲမှာ ICJ အဆုံးအဖြတ်ကို ခံယူရမယ်လို့ ပြဋ္ဌာန်းထားတဲ့ အခြေအနေရှိဖို့လိုပါတယ်။

တရားပြိုင်နှစ်ဘက်က ICJ မှာ စာနဲ့ရော နှုတ်နဲ့ရော လျှောက်လဲချက်ပေး စစ်ဆေးခံပြီးရင် တရားရုံးက စီရင်ချက်ချပါတယ်။ စီရင်ချက်ဟာ အပြီးအပြတ်ဖြစ်ပါတယ် (အထက်ဆင့်ကို အယူခံစရာမရှိပါ)။ နှစ်ဘက်စလုံး မဖြစ်မနေ လိုက်နာကျင့်သုံးရပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ကတည်းက ICJ ဆုံးဖြတ်ချက်ကို လိုက်နာပါ့မယ်လို့ ကတိပြု လက်မှတ်ထိုးထားတာဖြစ်တဲ့အတွက် တရားရုံးအဆုံးအဖြတ်ကို မလိုက်နာဘဲနေတာ အင်မတန်ရှားပါတယ်။ တရားပြိုင်နှစ်ဘက်မှာ တဘက်က တရားရုံးကို လာဖို့ပျက်ကွက်ရင်လည်း အမှုကို ဆက်စစ်နိုင်ပါတယ်။ တရားရုံးပြင်ပမှာ နှစ်ဘက်ညှိနှိုင်းပြီး ကြေအေးလို့လည်းရပါတယ်။ တရားရုံးဆုံးဖြတ်ချက်ကို မလိုက်နာရင်တော့ လုံခြုံရေးကောင်စီက တရားရုံးစီရင်ချက်အတိုင်းဖြစ်အောင် ကိုင်တွယ်အရေးယူခွင့်ရှိပါတယ်။

အဓမ္မလုပ်အားပေးကိစ္စ၊ ကလေးစစ်သားကိစ္စ၊ လယ်ယာမြေသိမ်းယူမှုကိစ္စတွေကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ သဘောတူစာချုပ်တွေ ဖောက်ဖျက်မှုနဲ့ ILO အဖွဲ့ဝင်လည်းဖြစ် ကုလသမဂ္ဂ အဖွဲ့ဝင်လည်းဖြစ်တဲ့ တခြားနိုင်ငံတခုက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲနိုင်ပါတယ်။ တရားရုံးကတော့ မြန်မာပြည်မှာ အဓမ္မလုပ်အားပေးရပ်စဲဖို့၊ ကလေးစစ်သားရပ်စဲဖို့တွေ အမိန့်ပေးဆုံးဖြတ်ပါလိမ့်မယ်။

ဒါမှမဟုတ် တိုင်းရင်းသားနယ်မြေတွေမှာ ဥပဒေမဲ့ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ရွာမီးရှို့မှု၊ အဓမ္မအိုးအိမ်မဲ့စေမှုတွေနဲ့ ဒီပဲယင်းလုပ်ကြံမှု၊ ရွှေဝါရောင်ယုတ်မာမှုတွေကြောင့် နိုင်ငံတကာလူသားချင်းစာနာရေးဥပဒေ၊ စစ်ပွဲဆိုင်ရာ ဂျီနီဗာစာချုပ်တွေ ဖောက်ဖျက်မှုနဲ့ ဒီစာချုပ်တွေ လက်မှတ်ထိုးထားတဲ့ ကုလသမဂ္ဂအဖွဲ့ဝင် တခြားနိုင်ငံတခုက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲနိုင်ပါတယ်။ ICJ ဟာ လူပုဂ္ဂိုလ်တွေကို အရေးယူတာတော့မရှိဘဲ ဖောက်ဖျက်မှုတွေ ရပ်တန့်ဖို့ အမိန့်ချနိုင်ပါတယ်။ ဒါကိုလိုက်နာဖို့ လုံခြုံရေးကောင်စီက ကြပ်မတ်ရမှာဖြစ်ပါတယ် (ဒါပေမယ့် လုံခြုံရေးကောင်စီထဲမှာ တရုတ်က ဗီတိုသုံး ကန့်ကွက်ရင် ICJ စီရင်ချက် အလကားဖြစ်သွားနိုင်ပါတယ်၊ တဘက်ကကြည့်ရင်တော့ ICJ စီရင်ချက်ကို ဗီတိုသုံးတဲ့နိုင်ငံဟာ ကမ္ဘာမှာ အင်မတန်သိက္ခာကျသွားမှာလည်း ဖြစ်ပါတယ်)။

အဓိကအားနည်းချက်နောက်တခုကတော့ ICJ မှာ အမှုဆိုင်တာ အနည်းဆုံး (၂) နှစ်ကြာနိုင်တဲ့အတွက် တရားစွဲပေးတဲ့ နိုင်ငံက အဲသလောက် ဇွဲရှိရှိ စိတ်ဓာတ်ရှိရှိနဲ့ အချိန်ကုန် ငွေကုန်ခံလုပ်ပါ့မလား စဉ်းစားစရာပါပဲ။

၂။ ဒုတိယနည်းလမ်းဖြစ်တဲ့ ICJ ကနေ သဘောထားအကြံပြုချက် ချစေတာကိုတော့ ကုလသမဂ္ဂ ပင်မအဆောက်အအုံငါးခုနဲ့ (ILO အပါအဝင်) လက်အောက်ခံ အေဂျင်စီ (၁၆) ခုကပဲ တောင်းဆိုခွင့်ရှိပါတယ်။ အထွေထွေညီလာခံနဲ့ လုံခြုံရေး ကောင်စီတို့က “မည်သည့်ဥပဒေရေးရာပြဿနာကိုမဆို” အကြံဉာဏ်တောင်းခံနိုင်ပြီး အထူးပြု အေဂျင်စီတွေကတော့ မိမိလုပ်ငန်းအဝန်းအဝိုင်းနဲ့ဆိုင်တဲ့ ဥပဒေရေးရာပြဿနာကိုပဲ အကြံဉာဏ်တောင်းခံခွင့် ရှိပါတယ်။ အကြံဉာဏ်လို့ဆိုတဲ့အတိုင်း မလိုက်နာမဖြစ် binding မဟုတ်ပါဘူး။ လိုက်လုပ်ချင်လုပ် မလုပ်ချင်လည်း နေလို့ရပါတယ်။ ICJ ရဲ့ သဘောထား အကြံပြုချက်ဟာ ဥပဒေကြောင်းအရ အင်မတန်သြဇာကြီးတဲ့အတွက် မလိုက်နာတဲ့နိုင်ငံဟာ နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို ချိုးဖောက်နေကြောင်း ကမ္ဘာမှာ ပွင့်ကျသွားမှာဖြစ်ပြီး တခြားနိုင်ငံတွေက အဲဒီနိုင်ငံအပေါ် ပိုပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လာနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ကိစ္စမှာတော့ တရုတ်နဲ့ ထိုင်းက ဒဏ်ခတ်ပိတ်ဆို့မှု မလုပ်ရင် သိပ်အကျိုးမထူးနိုင်ပါ။

မြန်မာပြည်က အဓမ္မလုပ်အားပေးကိစ္စနဲ့ပတ်သက်ပြီး ILO က ICJ ဆီက သဘောထားအကြံပြုချက် တောင်းနိုင်သလို လူသားချင်းစာနာရေးကိစ္စ၊ လူမျိုးသန့်စင်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၊ ယူနက်စကို၊ WHO ၊ ILO ၊ FAO တို့က သဘောထားအကြံပြုချက် တောင်းနိုင်ပါတယ် (ယူနီဆက်ဖ်၊ လူ့အခွင့်အရေးကောင်စီ၊ ဒုက္ခသည်မဟာမင်းကြီးရုံး UNHCR ၊ UNDP ၊ UNODC မူးယစ်ဆေးရုံး၊ ICRC တို့မပါ)။ ဒီလိုမတောင်းခံခင် ကိုယ့်အဖွဲ့အစည်းထဲမှာ အများသဘောတူဆုံးဖြတ်ချက် အရင်ချဖို့လိုပါတယ်။ ILO ကတော့ ဒီနည်းလမ်းကို တော်တော်လေး လေ့လာဆန်းစစ်ထားပါတယ်။

၃။ တတိယနည်းလမ်းဖြစ်တဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ဟာ ကုလသမဂ္ဂနဲ့မဆိုင်တဲ့ လွတ်လပ်တဲ့ ခုံရုံးဖြစ်ပါတယ်။ ဒီတရားရုံးက နိုင်ငံတွေကို အမှုစစ်တာမဟုတ်ဘဲ ၂၀၀၂ ခု ဇူလိုင် (၁) ရက်နေ့ နောက်ပိုင်းမှာဖြစ်တဲ့ ကျူးကျော်စစ်ပြုမှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသုတ်သင်မှုနဲ့ လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုကျူးလွန်သူ လူပုဂ္ဂိုလ်တွေကို အမှုစစ်တာ ဖြစ်ပါတယ်။ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အပြောအတိုင်းဆိုရင် ဘယ်အာဏာရှင်၊ ဘယ်စစ်အုပ်စု၊ ဘယ်စစ်တပ်မှ လူ့အခွင့်အရေးတွေကို အဟန့်အတားမရှိ ချိုးဖောက်နေတာမျိုး မဖြစ်နိုင်အောင် ICC ကို ထူထောင်ထားတာ ဖြစ်ပါတယ်။ ICC ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းဖြစ်တဲ့ ရောမစာချုပ်မှာ ICC ကိုင်တွယ်နိုင်တဲ့ ပြစ်မှုတွေကို တိတိကျကျ ဖွင့်ဆိုထားပါတယ်။

ICC ရဲ့ အကြီးဆုံးပြဿနာက အမေရိကန်ပြည်ထောင်စုက လက်မှတ်မထိုးထားတာဘဲ ဖြစ်ပါတယ်။ နောက်ပြဿနာကြီးတခုကတော့ မြန်မာနိုင်ငံကလည်း လက်မှတ်မထိုးတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတရားရုံးဟာ မြန်မာပြည်အပေါ် တရားစီရင်နိုင်ခွင့်မရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် ICC အဖွဲ့ဝင်နိုင်ငံတခုခုကဖြစ်စေ၊ ICC ရှေ့နေကြီးကဖြစ်စေ၊ ကုလလုံခြုံရေးကောင်စီကဖြစ်စေ၊ မြန်မာပြည်အရေးဟာ ငြိမ်းချမ်းရေးကို ချိုးဖောက်နေတယ် သို့မဟုတ် ခြိမ်းခြောက်နေတယ်လို့ ဆုံးဖြတ်ပြီး ICC က ကိုင်တွယ်ဆုံးဖြတ်ဖို့ ‘ညွှန်း’ ပေးနိုင်ပါတယ်။ အဲသလိုဆိုရင်တော့ ICC ဟာ ရောမစာချုပ် လက်မှတ်မထိုးထားတဲ့ နိုင်ငံကိုလည်း တရားစစ်ဆေးစီရင်နိုင်ပါတယ်။ ဒါပေမယ့် ICC ဟာ ကုလသမဂ္ဂ လက်အောက်ခံ မဟုတ်တဲ့အတွက် လုံခြုံရေးကောင်စီကညွှန်းတိုင်း တရားစွဲအမှုစစ်ဖို့ တာဝန်ရှိတာတော့ မဟုတ်ပါဘူး။

လုံခြုံရေးကောင်စီဟာ နိုင်ငံတခုက တာဝန်ရှိသူတွေကို ICC ကိုတင် တရားစွဲဖို့အတွက် စုံစမ်းရေးကော်မရှင်တခု တည်ထောင်ပြီး အဲဒီလူတွေဟာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေကြောင်း အခိုင်အမာ သက်သေထူပြရပါတယ်။ အဲသလို သက်သေထူပြပြီးမှ ICC ကို လွှဲလို့ရပါတယ်။ ဒါကြောင့် စုံစမ်းရေးကော်မရှင်ဖွဲ့မဖွဲ့ လုံခြုံရေးကောင်စီတွင်းမှာ ဗီတိုနဲ့ မကန့်ကွက်ဘဲ ဆုံးဖြတ်ချက်ချနိုင်ဖို့ လိုပါတယ်။ (လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ပြီး အတွင်းရေးမှူးချုပ်က ကော်မရှင်ကို ဖွဲ့စည်းပေးရတာဖြစ်ပါတယ်။) ဆူဒန်ကိစ္စမှာ ကော်မရှင်သက်တမ်းကို (၃) လ သတ်မှတ်ခဲ့ပါတယ်။

ရောမစာချုပ်ကို လက်မှတ်ထိုးမထားတဲ့ ဆူဒန်နိုင်ငံရဲ့သမ္မတ ဘာရှီယာကို တရားစွဲတဲ့ကိစ္စမှာ လုံခြုံရေးကောင်စီရဲ့ စုံစမ်းရေးကော်မရှင်က ညွှန်းပေးလိုက်တာကို ICC က လက်ခံစစ်ဆေးပြီး တရားစွဲခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ICC ရဲ့ ဆုံးဖြတ်ချက်ကို ဆူဒန်က ပြောင်ပြောင်တင်းတင်း အာခံနေတဲ့အတွက် ဆူဒန်သမ္မတ ဘာရှီယာကို ICC အနေနဲ့ တရားစွဲ ဖမ်းဝရမ်းထုတ်တဲ့ အဆင့်ပဲရှိနေသေးပြီး ဘာရှီယာက စွဲချက်ကို လက်မခံဘဲ အတိအလင်း အာခံနေတာကတကြောင်း၊ သူသွားလည်တဲ့ တခြားနိုင်ငံတွေက ဖမ်းမပေးတာကတကြောင်းကြောင့် တရားရုံးတင် အမှုစစ်တဲ့အဆင့် မရောက်နိုင်သေးပါဘူး။ လုံခြုံရေးကောင်စီကလည်း ဘာရှီယာ တရားရုံးရောက်အောင် မကိုင်ပေးပါဘူး။

ICC ကို မညွှန်းခင် စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ လုံခြုံရေးကောင်စီထဲ ဆုံးဖြတ်ရာမှာ တရုတ်ရဲ့ဗီတို ကြုံနိုင်သလို (ဆူဒန်ကိစ္စမှာ တရုတ်နဲ့ ရုရှက ကန့်ကွက်မဲ မပေးဘဲ ကြားနေမဲပေးလို့ စုံစမ်းရေးကော်မရှင် ဖွဲ့နိုင်ခဲ့ပါတယ်) ICC က တရားစွဲဖို့ ဆုံးဖြတ်ပြီးနောက်မှာလည်း တကယ်တရားရုံးရောက်အောင် အကြပ်ကိုင်ရာမှာ တရုတ်ဗီတိုနဲ့ တွေ့နိုင်ပါသေးတယ်။ ဒါ့အပြင် အမေရိကန်ကိုယ်တိုင်က ICC အဖွဲ့ဝင်မဟုတ်၊ ICC ကို မထောက်ခံတဲ့အပြင် ဆူဒန်ကိစ္စ တစ်လစ်ကြီးဖြစ်နေတာ တွေ့ထားတဲ့အတွက် ICC မှာတင်ဖို့ သိပ်စိတ်ပါမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဆူဒန်လိုအမှုမျိုး နောက်ထပ်ညွှန်းဖို့ အလားအလာ နည်းနေပါတယ်။ ဒါ့အပြင် ICC မှာ အမှုတင်တာ နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ ဥပမာ - ကွန်ဂိုအမှုဆိုရင် ၂၀၀၄ မှာ စလက်ခံခဲ့ပေမယ့် အခုထိမပြတ်သေးပါ။

၎။ စတုတ္ထနည်းလမ်းဖြစ်တဲ့ အရေးပေါ်သီးသန့်ခုံရုံး ad-hoc tribunal သို့မဟုတ် အထူးတရားရုံး special court ဖွင့် စစ်ဆေးစီရင်တာကို ICC မပေါ်ခင်က ရဝမ်ဒါ၊ ယူဂိုဆလားဗီးယား (ဆားဘီးယား)၊ ချတ်ဒ်၊ ဆီယာရာလီယွန်း၊ လိုင်ဘေးရီးယား၊ အရှေ့တီမောနိုင်ငံတို့က စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်ဆန့်ကျင်ရေးပြစ်မှုတွေအတွက် ကျင့်သုံးခဲ့ပါတယ်။ ICC တည်ထောင်ပြီးနောက်ပိုင်းတော့ အရေးပေါ်သီးသန့်ခုံရုံးဖွဲ့စစ်တာ မရှိတော့သလောက် ဖြစ်သွားပါပြီ။ မပြတ်သေးတဲ့အမှုတွေကို ဆက်စစ်နေတာပဲရှိပါတယ်။

သီးသန့်ခုံရုံးဖွင့် စစ်ဆေးဆုံးဖြတ်တာကို ILO ကနေ အလုပ်သမားအခွင့်အရေးဘက်က လုပ်နိုင်သလို ကုလလုံခြုံရေးကောင်စီကနေ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ဆန့်ကျင်ရေး ပြစ်မှုဘက်တွေကလည်း လုပ်နိုင်ပါတယ်။ ပြဿနာတခုက ဒီလိုသီးသန့်ခုံရုံးဖွင့်ဖို့ အချိန်အကြာကြီးယူရတာဖြစ်ပါတယ်။ စရိတ်စကလည်းကြီးတဲ့အတွက် ကုလအဖွဲ့ဝင်နိုင်ငံတွေက ထည့်ဝင်ထောက်ပံ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ငွေအကုန်မခံနိုင်လို့၊ အကုန်မခံချင်လို့ အထူးခုံရုံးဖွင့်ဖို့ သဘောမတူတာလည်း ရှိလာနိုင်ပါတယ်။

ဒီခုံရုံးတွေဟာ လူပုဂ္ဂိုလ်တွေအပေါ် စီရင်ဆုံးဖြတ်နိုင်ပြီး စီရင်ချက်က မလိုက်နာမနေရ binding ဖြစ်ပါတယ်။ စကတည်းက လုံခြုံရေးကောင်စီသဘောတူညီချက်နဲ့ ထူထောင်တာဖြစ်လို့ စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ လုံခြုံရေးကောင်စီက အရေးယူဒဏ်ခတ်ပိတ်ဆို့တာတွေ လုပ်နိုင်ပါတယ်။ ဒါကြောင့် လုံခြုံရေးကောင်စီမှာ ဗီတိုနဲ့တိုးရင် ဒီလိုသီးသန့်ခုံရုံး ပေါ်မလာနိုင်ပါဘူး။ (ILO ခုံရုံးကတော့ လုံခြုံရေးကောင်စီကို ဖြတ်စရာမလိုပါ။)

၅။ ပဉ္စမနည်းလမ်းဖြစ်တဲ့ နိုင်ငံခြားတိုင်းပြည်တခုခုက တရားရုံးမှာ တရားစွဲတာကို အဲဒီနိုင်ငံရဲ့ အမျိုးသားဥပဒေအရရော နိုင်ငံတကာဥပဒေအခြေခံမူတွေအရပါ လုပ်နိုင်ပါတယ်။ ဒါကို ပင်လယ်ဓားပြမှုတွေမှာ ကျင့်သုံးနေပြီဖြစ်သလို စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ဆန့်ကျင်ရေးပြစ်မှုတွေနဲ့ ပတ်သက်လို့လည်း အသုံးများလာပြီဖြစ်ပါတယ်။ ချီလီအာဏာရှင်ဟောင်း ပီနိုရှေးကို ဒီနည်းနဲ့ ကိုင်ခဲ့ကြပါတယ်။ဒီနည်းလမ်းရဲ့ အားနည်းချက်ကတော့ သက်ဆိုင်ရာ အာဏာရှင်ဟာ အဲဒီပြည်ပနိုင်ငံကို ရောက်နေဖို့လိုပြီး အဲသလိုရောက်မနေဘဲ တရားစွဲရင် ဘာမှအကျိုးမထူးပါဘူး။ ဒါ့ပြင် အချုပ်အခြာအာဏာပြဿနာတွေ၊ တရားစွဲခံရတဲ့နိုင်ငံက တရားစွဲတဲ့နိုင်ငံကို လက်စားချေတာတွေလည်း ဖြစ်လာနိုင်လို့ နိုင်ငံတွေက သိပ်မလုပ်စေချင်ကြပါဘူး။ နအဖခေါင်းဆောင်ကို တရားစွဲဖို့ကတော့ အိန္ဒိယနိုင်ငံ လာလည်တုန်း အိန္ဒိယတရားရုံးမှာ တရားစွဲတာ၊ ကုလသမဂ္ဂ အစည်းအဝေးလာတက်တုန်း အမေရိကန်တရားရုံးမှာ တရားစွဲတာ လုပ်နိုင်စရာအကြောင်းရှိပါတယ်။ ဒါပေမယ့် တဘက်မှာ သံတမန်ကင်းလွတ်ခွင့်တွေ ပေးထားတဲ့ ထုံးစံကလည်းရှိနေတော့ လက်တွေ့တရားစွဲနိုင်ဖို့ မလွယ်လှပါဘူး။ အဓိကအားဖြင့် မိမိပြည်တွင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်ရအောင် လုပ်ထားတဲ့ အာဏာရှင်‘ဟောင်း’တွေကို အပြစ်ပေးဖို့တော့ ဒီနည်းလမ်းက အင်မတန် သင့်တော်လှပါတယ်။

၆။ နောက်ဆုံးနည်းလမ်းဖြစ်တဲ့ ပြည်တွင်းတရားရုံးမှာ တရားစွဲစစ်ဆေးဖို့ကတော့ ဒေသန္တရအာဏာပိုင်အဆင့်မှာ မစုစုနွေး အမှုနိုင်သွားတာ ရှိဖူးပေမယ့် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နအဖထိပ်သီးတွေကို တရားစွဲဖို့ ကြိုးပမ်းချက်တွေ ကြည့်ရင်တော့ ဖြစ်နိုင်ခြေ အင်မတန်နည်းနေပါတယ်။

ဒီကနေ့ မြန်မာပြည်က အာဏာရှင်တွေကို ဥပဒေကြောင်းအရ အရေးယူဖို့ လုပ်ကြရာမှာ တချို့က (အလုပ်သမားအခွင့်အရေး၊ အဓမ္မလုပ်အားပေး၊ ILO တို့နဲ့ ဆက်စပ်ပြီး) ICJ က သဘောထားအကြံပြုချက်ချတာကို လိုလားနေကြသလို တချို့ကတော့ (စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ဆန့်ကျင်ရေးပြစ်မှု၊ လူမျိုးတုံးသုတ်သင်မှုတို့အပေါ်) လုံခြုံရေးကောင်စီက ICC ကို ညွှန်းဖို့ စုံစမ်းရေးကော်မရှင်ဖွဲ့တာကို လိုလားနေကြပါတယ် (ဆူဒန်ဥပမာအရ တရားစွဲတဲ့အဆင့်ပဲရနိုင်ပြီး အမှုစစ် စီရင်ချက်ချတဲ့ အဆင့် မဖြစ်နိုင်ပါ)။ ဖြစ်နိုင်ချေ မဖြစ်နိုင်ချေ အားကောင်းချက် အားနည်းချက်တွေကတော့ အထက်မှာဖော်ပြထားတဲ့ အတိုင်းပါပဲ။

နှစ်မျိုးစလုံးကတော့ အဓိကအားဖြင့် ပြည်တွင်း၊ တပ်တွင်းနဲ့ နိုင်ငံတကာမှာ နအဖ ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်းသွားစေနိုင်ပါတယ်။ ငပွကြီးတရုတ်ရှိနေသရွေ့ ဒီ့ထက်ပိုမမျှော်လင့်နိုင်ပါ။ စိတ်ကူးယဉ်အလွဲတွေ၊ မျှော်လင့်ချက်အမှားတွေ မရှိဖို့လိုပါတယ်။ ဒါပေမယ့် နအဖ ဂုဏ်သိက္ခာ အကြီးအကျယ်ကျသွားရင်တော့ ၁၉၈၇ ခုတုန်းက အဆင်းရဲဆုံးနိုင်ငံအဆင့် LDC ဖြစ်သွားခဲ့လို့ (ရှစ်လေးလုံးအထိ) ဂယက်ရိုက်ခဲ့သလိုမျိုး ထပ်ဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် မြန်မာပြည်က နအဖစစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ်ဆန့်ကျင်ရေးပြစ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးသန့်စင်ရေး လူမျိုးဖြုတ်ရေးပြစ်မှုတွေ အဆုံးသတ်ပြီး စစ်အာဏာရှင်တွေကို တကယ်တမ်း အပြစ်ပေးနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အတ္ထာဟိ အတ္ထနော နာထော မိမိကိုယ်သာအားကိုးပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့သာ ရှိပါတော့တယ်။ ။

No comments: