Sunday, December 12, 2010

မှိန်သောအလင်း

ဘိုဘိုလန်းစင်

ပန်းဆိုးတန်းတလျှောက် အနားသတ်လျက်ရှိကြသော စာအုပ်ဆိုင်ကြီးများထဲမှ ထွက်လာသူများကို လှမ်းကြည့်မိသည်။ တိုက်ပုံနှင့် ဘိုးတော်များ၊ ရှော့ပင်နှင့် ပေါင်ဖြူဖြူ တရုတ်မလေးများ၊ တက္ကသိုလ်ဆရာမ ဂိုက်နှင့် အမျိုးသမီးများ၊ နားကွင်းနှင့် ဆံရှည်ကိုယ်တော်လေးများ အရွယ်ပေါင်းစုံ အလွှာပေါင်းစုံ ကြည့်ရင်း ကြည့်ရင်း အတွေးဝင်လာမိသည်။ လူငယ်တွေ စာဖတ်ကြရဲ့လား၊ ဘာတွေဖတ်နေကြလဲ၊ သူတို့ လက်ထဲမှ စာအုပ်တွေကို လှမ်းကြည့်မိသည်။ TOEFL, SAT, GCE, IELTS သင်ရိုးစာအုပ်ပေါင်းစုံ ဗေဒင်၊ ဖက်ရှင်၊ ကျန်းမာရေး၊ အလှအပ၊ ဝတ္ထု၊ ဘာသာပြန်၊ လျှို့ဝှက်သည်းဖို၊ ဂမ္ဘီရ၊ အတ္ထုပ္ပတ္တိ၊ လူမှုရေး၊ နိုင်ငံရေး၊ အတွေးအခေါ် ...။

မန္တလေးတိုက်၏ ဖုန်တက်နေသော အပေါ်ထပ်အိမ်ဦးခန်းရှိ သေတ္တာဟောင်းများထဲမှ မှိုနံ့ထွက်ကာ ကြွပ်ရွနေသည့် ဝါတာတာ ဖျော့တော့တော့ ဓာတ်ပုံများကို ပြန်လှန်ကြည့်မိသည်။ နီညို့ညို့ အယ်လ်ဘမ်ဟောင်း တခုထဲမှ ပြုတ်ထွက်လာသည့် ဓာတ်ပုံဆိုက်သေးသေးလေး တပုံကို ကြည့်မိရာ လွတ်လပ်ရေး ခေတ်ဦးက မန္တလေး ဈေးချိုအောက်လိုင်း၌ စာအုပ်ဆိုင်ဖွင့်ခဲ့တုန်းက ရိုက်ထားသည့်ပုံလေး ဖြစ်နေသည်။ နောက်ခံ၌ အဆင့်လိုက်စီထားသည့် မဂ္ဂဇင်းစာအုပ်များ လုံးချင်းစာအုပ်များတွေ့ရသည်။ တာရာ၊ သွေးသောက်၊ ရှုမဝ၊ ပဒေသာ၊ခေတ်ဆန်ဆန် အမေရိကန် ပြက္ခဒိန်ကော်ပီ အဖုံးနှင့် ရွှန်းစိုလှသည်။ ရွှေဥဒေါင်း၏ သူရဲကောင်း သုံးယောက်၊ ဦးလှ - မန္တလေးမြို့၏ည၊ ဒေါ်အမာ - ကွန်မြူနစ်တရုတ်ပြည်အင်အား ပြိုင်ပွဲ၊ ပီမိုးနင်း ဝတ္ထုတိုများ၊ ကြီးပွားရေး လက်ရွေးစင်စာအုပ်များ။“ပလေကပ်လုံချည် အဆင်များကို ဗန်းပြထားသကဲ့သို့ပင် စစ်ပြီးစထွက်လာကြကုန်သော ဝတ္ထုစာအုပ်များကို ကြိုးတန်း၌ လှန်းထားလိုက်ကြသည်မှာ မျက်နှာဖုံးတို၏ ရောင်စုံပုံကားတို့ဖြင့် ဝင်းဝင်းတောက်နေလေသည်။ ထင်းရှူးသေတ္တာသားဖြင့် လုပ်ထားသော စင်များ၌လည်း ဝတ္ထုစာအုပ်များထောင်ကာ ခင်းကျင်းပြသထားသည်မှာ ပြည့်လျှံနေတော့သည်” ဟု ဆရာဒဂုန်တာရာက စစ်ပြီးစခေတ် ဝတ္ထုစာအုပ်ဆိုင် ဆောင်းပါးတွင် စာပန်းချီ ခြယ်ခဲ့သည်ကို အောက်မေ့မိသည်။

လူကြီးသူမနားနေရ၍ ကြားဖူးသိဖူးထားတာကလေးတွေကလည်း ရှိသည်။ တခါက မန္တလေးမှာ အင်္ဂလိပ် စာအုပ်ဆိုင်ကြီးတွေ ရှိခဲ့ပါသတဲ့၊ USIS လို မြို့လယ်စာကြည့်တိုက်လို စာကြည်တိုက်ကြီးများအပြင် ရပ်ကွက်တိုင်းတွင် စာကြည့်ခန်းများ ရှိသည်။ စာအုပ်ဈေးကလည်း ချိုလှသည်။ ၃ ကျပ်၊ ၅ ကျပ်နှင့် နိုင်ငံခြား စာအုပ်တွေကို ဝယ်နိုင်သတဲ့၊ မောင်မိုးသူတို့ စာရေးဆရာ ပေါက်စဘဝက နာမည်ကြီး နိုင်ငံခြား စာရေးဆရာများ၏ ဝတ္ထုတွေကို အတွဲလိုက် ဝယ်ကာ ညက်ညက်ကျေအောင် ဖတ်ဖူးသည်ဆို၏။ ထိုခေတ်က တက္ကသိုလ် ကျောင်းသားဆိုလျှင် အင်္ဂလိပ်စာကောင်းကောင်း ဖတ်နိုင်ကြသည်။ မြန်မာစာအုပ်ဘက်ကဆိုလျှင်လည်း စစ်ပြီး ရှုမဝ ၂ ကျပ်တန်ခေတ်မှသည် ရွှင်ကြည်ကြည် ပြား ၆ဝ ခေတ်၊ ပုဂံစာအုပ်အထူကြီးများ ခေတ်အထိ ခံ့ညားလှပသော စာအုပ်ကောင်း စာအုပ်သန့်များ ပေါ်ထွက်ခဲ့သည်။ ဝတ္ထုရှည်ကောင်းကောင်းများ၊ အတ္ထုပတ္တိနှင့် နိုင်ငံရေး စာအုပ်ကောင်းများ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ သုတ စာအုပ်ကောင်းများ ... လွမ်းတဖွယ်ရှိလှသည်။ အရှေ့ကနေဝန်းထွက်သည့်ပမာ၊ သတင်းစာများပြောတဲ့ စစ်တွင်း ဗမာပြည် (၄တွဲ)၊ ပန်းနုရောင်အို၊ စစ်နှင့် ငြိမ်းချမ်းရေး ၁၂တွဲ၊ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ ၄ တွဲ၊ စုံထောက် ဦးစံရှားပေါင်းချုပ်၊ မြဝတီ လက်ရွေးစင် ဝတ္ထုတိုများ စာပုလဲမိုး ရွာဖြိုးခဲ့သည်။

စာပဒေသာခေတ်၌ လူလားမြောက်ကြသူများကလည်း အပြိုင်မီဒီယာဟူ၍ ရုပ်ရှင်နှင့် ဂီတသာ ရှိသေး၍ အာရုံထွေပြားစရာလည်း မရှိသေး။ ဘဝစိန်ခေါ်မှု၊ ယှဉ်ပြိုင်မှုများလည်း နည်းပါးသေး၍ ဝါသနာထုံရာ စာပေအနုသုခုမတို့ကို တဖက်ကမ်းခတ်မျှ ထက်သန်စွာ လိုက်စားနိုင်ကြသည်။ ဝါဒကြီး ၂ ခု ပြိုင်နေသည့် ခေတ်ကြီးမို့ နိုင်ငံရေး စာပေလိုက်စားမှု ဒီရေမှာလည်း မြင့်တက်လှသည်။ ထို့နောက်တော့ ဆရာမောင်စွမ်းရည်ပြောသကဲ့သို့ အပစ်အခတ် အညှစ်အသတ်နှင့် အညစ်အပတ်စာပေ၊ ဂျိန်းစ်ဘွန်း ဝတ္ထုများ လျှို့ဝှက် သည်းဖိုများ၊ သိုင်းဝတ္ထုများ။ “လူတွေ စာဆိုး ပေညံ့တွေကိုချည်း ဖတ်နေရင် နှစ်ပေါင်း ၃-၄ဝ အတွင်း နလပိန်းတုံးတွေ ဖြစ်ကုန်နိုင်တယ်။ ဖေတော့ မောင်တော့ အီးအား ဒိုင်းဒိုင်း စာတွေနဲ့ပဲ လူတွေ အချိန်ကုန်နေလို့ မဖြစ်သေးဘူး” ဆိုသည့် လူထုဦးလှ မဆုံးခင်က ဟံသာဝတီဦးဝင်းတင်ကို ပြောခဲ့သည့် စကားကို ပြန်သတိရမိသည်။


(၃)

ယခုခေတ်တွင်ရော၊ ကိုယ့်ပတ်ဝန်းကျင်က လူငယ်တွေကို စူးစမ်းမိသည်၊ “ဝတ္ထုပဲဖတ်တယ်၊ သုတတွေမကြိုက်ဘူး” ဆိုတာတမျိုး၊ “ကဗျာနဲ့ မော်ဒန်ပဲကြိုက်တယ်၊ အဟောင်း အဆွေးတွေ မကြိုက်ဘူး” ဆိုတာက တစား၊ “ အင်္ဂလိပ်လိုပဲဖတ်တယ်၊ မြန်မာလို သိပ်မသွားဘူး” ဆိုသည့် ဘိုကြီး မိတ်အင်မြန်မာတွေက တဖုံ၊ “နိုင်ငံရေး၊ သမိုင်း၊ အတ္ထုပ္ပတ္တိ၊ အတွေး အခေါ်တွေ ပိုကြိုက်တယ်၊ မော်ဒန်ကဗျာ ဝတ္ထုမကြိုက်ဘူး” ဆိုသည့် အဖိုးလေး အဖွားလေးများက တသွယ်၊ အဆင်ကွဲတွေက အများသား၊ “ပညာရပ်ဆိုင်ရာ ဘာသာစကားဆိုင်ရာ စာအုပ်တွေပဲဖတ်တယ်” ဆိုသည့် လူအလေးများကလည်း ရှိသေးသည်။ ယခု ၃-၄ နှစ်အတွင်း ရေပန်းအစားဆုံး စာပေကတော့ ဘောလုံး။ မြန်မာပြည်တွင် ဂျာနယ်ထုတ်၍ အမြတ်ဆုံး ဘောလုံး။

လူငယ်အများစုက (လူလတ်တွေပါ) စာပေထက် ဆွဲဆောင်အားကောင်းသည့် ဂိမ်း၊ နိုင်ငံခြားရုပ်သံ၊ ဘောလုံး၊ ဂီတစသည့် မီဒီယာများနောက် လိုက်ကြသည်။ အချို့ လူငယ်များကလည်း ပညာရပ်ဆိုင်ရာ စာအုပ်မျိုးမှာလွဲ၍ ကျန်စာပေတို့ကို ဖတ်ရှုလေ့မရှိတော့၊ ဒါနှင့်ပတ်သက်၍ အငြိမ်းစား ဆေးပညာပါမောက္ခ ဒေါ်မြင့်မြင့်ခင်က ပြောဖူးသည်။ “ကိုယ့်ဆီမှာ အင်္ဂလိပ်စာ သင်နေတဲ့ ဆရာဝန်တွေ နိုင်ငံခြား စာသွားသင်မယ့် သူတွေကို ဆွီဒင်ရဲ့ မြို့တော် ဘာလဲလို့ မေးကြည့်တော့ မသိဘူး၊ မွန်တီနီးဂရိုးဆိုရင် အာဖရိက ကလားလို့ မေးမယ်ထင်တယ်” ဟု ရယ်စရာ ပြောဖူးသည်။ ဒါကတော့ မာမီရယ်၊ စတော့ဟုမ်းကိုသိလို့ ယူရိုတွေ ဒေါ်လာတွေ ဝင်မလာဘူးလေဟု စိတ်ထဲက ပြောမိသည်။ အသစ်အသစ်သော အသိပညာ ပေါက်ကွဲမှုတွေ နောက်လိုက်တာလား၊ တုံးတာလားတော့ မသိပါ။

ဟိုတုန်းက ခေတ်စားခဲ့သည့် ဝတ္ထုရှည်ကြီးများ၊ နိုင်ငံရေး ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိများ၊ ကိုယ်တွေ့ မှတ်တမ်းများ၊ နိုင်ငံရေး သဘောတရားများ ပြန်ထွက်လာသောအခါ ရောင်းအား ယခင်ခေတ်ကို မမီတော့၊ လူဦးရေ ၅၃ သန်း ကျော်အတွက် စာအုပ်တော်တော်များများ၏ စာအုပ်ရေမှာလည်း ၅ဝဝ - ၁ဝဝဝ ဝန်းကျင်သာ ရှိတော့သည် (တကယ်လည်း ထိုကိန်းဂဏန်းသာသာပင် ရိုက်မည်ထင်ပါသည်) ။ စာအုပ်ထူလေ၊ စောင်ရေနည်းလေ၊ စောင်ရေ ၅ဝဝ ရိုက်သည့် မဂ္ဂဇင်းများပါ ရှိသည်။ ရောင်းကောင်းလှသည်ဆိုသည့် သတင်းဂျာနယ်ပင် လေးသောင်းခွဲခန့် (ဘောလုံးကတော့ ထိုထက်ပိုသည်) မဂ္ဂဇင်း ၈,ဝဝဝ ခန့်၊ အချစ်၊ မော်ဒန်နှင့် ဟာသဝတ္ထု ၅,ဝဝဝ ခန့် (၂ဝဝ၆ က စစ်တမ်းဖြစ်သည်) နှင့် စာရေးဆရာကြီးများ၏ လက်ရာထဲမှ ရောင်းအားကောင်း စာရင်းဝင်ဟူ၍ ရွှေဥဒေါင်းနှင့် ဒဂုန်ရွှေမျှား၏ ဝတ္ထုများ၊ လူထုဒေါ်အမာ၏ အမေ့ရှေးစကား၊ ဂျာနယ်ကျော် မမလေး၊ ခင်နှင်းယု၊ ကြည်အေး၊ မိုးမိုး (အင်းလျား) တို့ ဝတ္ထုများ၊ မြသန်းတင့်၏ ဘာသာပြန်နှင့် ပင်ကိုယ်ရေး ဝတ္ထုများ၊ လူထုစိန်ဝင်း၊ ဖေမြင့်၊ အောင်သင်းတို့၏ လူငယ်စာပေများ၊ မောင်စူးစမ်း ကျော်ဝင်းတို့၏ ဂလိုဘယ် စာပေများပါဝင်သည် (၂ဝဝ၇ နောက်ပိုင်း မောင်စူးစမ်း ကျော်ဝင်းတို့၏ စစ်အောက်ကျို့ နိုင်ငံရေးယပ်လှဲများကို လူတွေ အတော်ဓာတ်ပျက်ပြီး သူတို့စာအုပ်စီးပွားရေးကျဆင်းသည်ဟု ကြားရသည်)။

ကမ္ဘာကြီး ပူနွေးလာသည်မို့ လူတွေလည်း အေးရိပ်ကို ရှာကြဟန်တူသည်။ ဘာသာရေး စာပေများ အနုတ်အသိမ်း လိုက်ပုံမှာ ဘာသာတရား ကိုင်းရှိုင်းရာ တိုင်းပြည်မို့ မဆန်းဆိုနိုင်သော်လည်း နာမည်ကြီး ဓမ္မကထိကများ၏ စာအုပ်ရေ ၁ သိန်း ခန့်ရှိသည်ဆို၍ သာယာဝတီဦးညေယျ၊ စိန်ရောင်ခြည်၊ ကျိုက်ဝိုင်း၊ ဦးလှသိန်း၊ ကြာနီကန်ယပ်လှဲစသည့် ရှေ့ဆောင်လမ်းပြများပင် ဤမျှ ခံစားရခဲ့ပါသလား သနားမိတော့သည်။ မြန်မာဈေးကွက်တွင် ဖုံးလွှမ်းနေသော ကလက်တက်တက် ဘာသာရေးအမည်ခံ ဒဿနအပေါစားများနှင့် ထိုင်းနှင့် ပြည်ပဆရာတော်တချို့ ရဲရဲဝံ့ဝံ့ သူတို့မြင်သည့် ဘာသာရေးအတွေးသစ်များကို ချရေးသည့် ဒဿနများကို ယှဉ်ဖတ်မိကြစေချင်ပါသည် (ဦးဇောတိက၏ လွတ်လပ်သောစိတ်လို စာအုပ်မျိုးထုတ်ခွင့်ပြုခြင်းက ဝမ်းမြောက်စရာ)။ ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံစသည့် ဘာသာရေးစာအုပ်အတော်များများ ပြန်ထွက်ခွင့်မရခြင်း (ဦးဥက္ကဋ္ဌကတော့ မှောင်ခိုဈေးကွက်ရှိသည်)၊ မိုးပြာဂိုဏ်းကို ရှုတ်ချသည်ဆိုသော်ငြား ဂိုဏ်းခေါင်းဆောင် ချစ်ငယ်(ဒဿန)က MRTV 4 ထိ တက်ဟောခြင်း၊ သာသနာပြုပြင်ရေးဟောသည့် ဦးဝီရသူကဲ့သို့ သံဃာငယ်များကို အကျဉ်းချခြင်းစသည်ဖြင့် ဘာသာရေးဖိနှိပ်မှုနှင့် မပွင့်လင်းမှုကြီးစိုးသော တိုင်းပြည်တွင် အယူကွဲပြားမှုကို ဓမ္မန္တရာယ်လက်နှီးစုတ်ဖြင့် သာထွန်းပြန့် စုန်းခုံရုံးပို့သည့် ဓလေ့ဆိုးကို အရင်ပြုပြင်ယူရပါမည်။

တတိယလှိုင်းခေတ်တွင် အောင်ရန်၊ ရှောင်ရန်၊ ဗေဒင် ယတြာ ဟောစာတမ်း၊ ဂမ္ဘီရ စာအုပ်များ အရောင်းသွက်ပုံမှာလည်း အံ့အားသင့်စရာ မကောင်းလှတော့။ ဘာသာရေးကို စစ်ကြောဝေဖန်သည့်နည်းဖြင့် လက်ခံသည့်အလေ့မရှိပဲ ကက်သလစ်ပုံစံ သဒ္ဓါစိတ်နှင့် အကြွင်းမဲ့ယုံသည့်ယဉ်ကျေးမှုက အားကောင်းဆဲမဟုတ်ပါလား။

အင်တာနက်ခေတ်၊ ဂလိုဘယ်ခေတ်တွင် ဟိုတုန်းကဲ့သို့ အဖေ့လုပ်စာ တအိမ်လုံး ဒူးနှံ့၍ ထိုင်မစားနိုင်တော့ပြီ၊ စာမျက်နှာ ငါးရာကျော် ဝတ္ထုရှည်ကြီးကို ဇိမ်ခံ မဖတ်နိုင်တော့။ တော်လှန်သော အဘိဓမ္မာကို အခြေခံ၍ လေမကန်နိုင်တော့။ အစာအိမ်၏ ဒေါ်သမီးလျှံနှင့် အာရုံသစ်တို့ စေစားရာနောက်ကောက်ကောက်ပါအောင် လိုက်တတ်သော ဆန္ဒရမ္မက်တို့ကြောင့် အနုရသစာအလှ တို့ကို ခုံမင်တပ်မက်မှု ပါးလျလာသည်။ အချိန်တိုအတွင်းမှာ စိတ်အဆာပြေစေသည့် ပေါ့ပေါ့ပါးပါးတို့ကိုသာ အာရုံရတော့သည်။ ခေါင်းလည်း အရှုပ်မခံနိုင်တော့၊ အလေးအနက် ဖတ်မည်ဆိုလျှင်လည်း အသက်မွေး ဝမ်းကျောင်းနှင့် ဆိုင်ရာကိုသာ ဦးတည်တော့သည်။

အနည်းဆုံး စာအုပ်ဈေး ၇ဝဝ ခန့်မှ ၈,ဝဝဝ၊ ၁ဝ,ဝဝဝ တိုင်အောင် (ယခု သောင်းကျော်ပေးရသော စာအုပ်အတော်များနေပြီ) ဖြစ်နေသော မြန်မာစာအုပ်ဈေးကွက် အနေအထားအရ စာအုပ်အငှားဆိုင်များ ပို၍ တွင်ကျယ်သည်။ အနှစ် ၃ဝကျော် ဤယဉ်ကျေးမှုမှာ ပေါ့ပေါ့ပါးပါး အချစ်ဝတ္ထု မဂ္ဂဇင်းများသာမက လေးလေးနက်နက် စာအုပ်ကြီးများ တင်သည့်အဆင့်ပင် ရောက်လာသည်။ တနိုင်ငံလုံးတွင် လက်တဆုပ်စာရှိသည့် စာကြည့်တိုက်ကောင်းများ၏ ဝန်ဆောင်မှုမှာလည်း ရုံးဆန်လှ၍ သာမန်စာဖတ် ပရိသတ်ထက် ပညာရှင်များ၏ ချဉ်းကပ်မှုသာ များလေသည်။ အထူးသဖြင့် ကာလဒေသ ပယောဂအရ မထုတ်နိုင်သော စာအုပ်များ စာနယ်ဇင်းများမှာ စာကြည်တိုက် များ၌သာ ကိန်းအောင်းလေ၍ ရေရှည် အသုံးခံအောင် ခေတ်မီ ပညာရပ်များဖြင့် ပြုပြင်ထိန်းသိမ်းပြီး အင်တာနက်မှတဆင့် ကမ္ဘာအရပ်သို့ ဖြန့်ဝေသင့်လှသည်။ ကြံ့ဖွံ့နှင့် တက္ကသိုလ်များဗဟိုစာကြည့်တိုက် ပူးပေါင်းတင်ထားသည့် Myanmar e-library ဝက်ဆိုက်မှ ရှားပါးစာအုပ်များ အရင်က ကြည့်ရှုသူတိုင်း ဆွဲယူဖတ်ရှုနိုင်သော်လည်း နောက်ပိုင်းစာအုပ်သစ်များကို အဖွဲ့ဝင်ထားသူသာ ဖတ်ခွင့်ပေးတော့သည်။ အင်တာနက်တွင် အပြိုင်းအရိုင်းပေါ်လာသော စာကြည့်တိုက်ဝက်ဆိုက်များ ပိုအားကောင်းစေချင်သည်။

လူငယ်များအတွက် ရည်ရွယ်သော အဆင့်မြင့် စာကြည့်တိုက်များမှာလည်း လက်တဖက် ပြည့်အောင်ပင် မရှိသေး။ လူငယ်များ စာကြည့်တိုက် အသုံးပြုမှုနှင့် ပတ်သက်၍ စာကြည့်တိုက်မှူးတဦးက “ လူငယ်တွေ စာလာဖတ်တာ တော်တော် နည်းတယ်ဗျာ၊ ရပ်ကွက် စာကြည့်တိုက်တွေတော့ မသိဘူး၊ ကျနော်တို့ဆီတော့ ၁ဝ ယောက် ၃ ယောက် မရှိဘူး၊ လာရင်လဲ ဂျာနယ်၊ မဂ္ဂဇင်းလောက် ဖတ်တာများတယ်၊ စာကြီးပေကြီး ဖတ်တာ တော်တော် နည်းသွားပြီ” ဟု ဆိုလေသည်။ လူငယ်ဆိုင်ရာစာပေ ထုတ်ဝေသူတဦးကလည်း “အခု လောလောဆယ်မှာ လူငယ်တွေဖတ်ဖို့ ဦးဆန်းထွန်းရဲ့ ဗော်လဂါမှ ဂင်္ဂါသို့လို အတ္ထုပ္ပတ္တိနဲ့ သမိုင်းစာအုပ်တွေကို ထုတ်ချင်တယ်။ ကိုယ်တို့ ငယ်ငယ်က ဖတ်ခဲ့တဲ့ စာတွေကတော့ ကိုယ်ကျိုးထက် အများအကျိုးကို ဦးစားပေးချင်တဲ့ အကျင့်အကြံတွေကို အားပေးတာ များတယ်။ ခုခေတ် ကလေးတွေကတော့ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းပဲ ရှာချင်တဲ့စိတ်ကို တွန်းအားပေးတဲ့ စာတွေ ဖတ်ကြတာများတယ်။ လူငယ်တွေကို ဘာဖတ်လို့လဲ မပြောချင်ဘူး၊ တခု သတိထားစေချင်တာက ပညာရပ်ဆိုင်ရာ စာပေတွေကို ဖတ်မယ်ဆိုရင် ပြောရေးဆိုခွင့်ရှိသူ ပညာရှင်တွေ ရေးတာပဲ ဖတ်စေချင်တယ်။ တတ်ယောင်ကားတွေ ပုဂ္ဂိုလ်ရေး သြဇာထူထောင်ချင်တဲ့သူတွေ ခြေခြေမြစ်မြစ် တိတိကျကျ မရေးတတ်တဲ့သူတွေရဲ့ စာတွေနဲ့ အချိန်ကုန် မခံသင့်ဘူး။ စာပေသြဇာကြီးတာကို အထူးပြောစရာမလိုပါဘူး။ နဂါးနီ စာအုပ်တွေ ကြည့်ရုံနဲ့ သိနိုင်ပါတယ်” ဟု ပြောသွားလေသည်။

စာအုပ်ကောင်းက များများစားစား မထွက်၊ ထွက်ပြန်တော့လည်း ဈေးက ထိလုမိုးဆီ။ ပြည်ပကို စာအုပ်ဟောင်းပို့သည့် ဈေးကွက် ခေတ်ထလိုက်မှုကြောင့် ပုံမှန်လည်ပတ်နေကျ အဟောင်းဈေးကွက် ဟန်ချက် ပျက်သွားခဲ့သည်။ နိုင်ငံခြား စာအုပ်သစ်ဆိုလျှင်လည်း ဈေးကြီးသည့်အပြင် အဝင်က နည်းသည်။ ထိုအခိုက် မီးခြစ်စက် ကုန်ကြမ်းအတွက် ဝင်လာသော တပတ်ရစ် စာအုပ်များကြောင့် မန္တလေးဘက်တွင် အတော် အဆင်ပြေသွားဖူးသည်။ အတွန့်အပဲ့များအကြားမှ စာအုပ်ကောင်းကောင်းလည်း ဈေးချိုချိုနှင့် ရသေးသည်။

ပညာရေးနှင့် စီးပွားရေး အခြေခံအုတ်မြစ် တောင့်တင်းပြီး အပြန်အလှန် ယှက်သွယ်မှုများပြားသည့် နိုင်ငံများ၌လည်း စာပေ မီဒီယာဘက်က ကျဆင်းမှုများမရှိ မဟုတ်၊ သို့သော် ဤနိမ့်ကျမှုကို အင်တာနက်နှင့် ရုပ်သံမီဒီယာများက ပုခုံးပြောင်း မြှင့်တင်ပေးနိုင်သည်။ ပညာဝမ်းစာပြည့်မှုနှင့် ဘဝအောင်မြင်မှုတို့ တိုက်ရိုက်ဆက်စပ်နေခြင်း၊ ထို ဆက်စပ်မှုကို လူငယ်များ အလွယ်တကူ နားလည်ခံယူနိုင်ကြခြင်းတို့ကလည်း ပညာလိုက်စားမှုကို ထွန်းပြောင်စေသည်။ ထို့ကြောင့် ရွေးချယ်စရာ မီဒီယာများ ပေါများလာ၍ သော်လည်းကောင်း၊ လူမှုစီးပွား အကြောင်းခံများကြောင့်လည်းကောင်း၊ ခေတ်စနစ်နှင့် မျိုးဆက်ကွာဟ ပြောင်းလဲလာမှုကြောင့်လည်းကောင်း ဘယ်လိုပင် အကြောင်းပြောင်းစေကာမူ စာပေ ပညာနှင့် လူမျိုးတို့၏ မဖြတ်တောက်နိုင်သော ဆက်စပ်မှုကို ဂရုပြု၍ တိုးတက်မှုကို အစဉ်ကြံဆသင့်ပေသည်။

No comments: