Sunday, December 12, 2010

နိုင်ငံတစ်ဝန်း ရဲအရာရှိ ၅၀၀ ကျော် ပြောင်းရွေ့မှု မူစယ်ရဲအရာရှိများ ပါဝင်

သျှမ်းသံတော်ဆင့်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးအဆင့်ရှိသူ အရာရှိ ၅၀၀ ကျော်ခန့်ကို ဒီဇင်ဘာလ ၈ ရက်နေ့မှ နေရာပြောင်းရွေ့ လျှက်ရှိရာ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ်မှ ရဲအရာရှိ ၁၀ ဦးခန့် အဆိုပါ ပြောင်းရွေ့မှုတွင်ပါဝင် ကြောင်း သိရသည်။

ရွေးကောက်ပွဲအပြီး ရဲတပ်ဖွဲ့အတွင်း အရေအတွက်အများဆုံး ပြောင်းရွေ့မှုဖြစ်ပြီး ယခုပြောင်းရွေ့မှုသည် အဆင့် မြင့် ရာထူးတိုးမြှင့်ခြင်းမဟုတ်ပဲ နေရာပြောင်းရွေ့မှုသာဖြစ်ကြောင်း မူစယ်ရဲသတင်းရပ်ကွက်က သျှမ်းသံတော် ဆင့်သို့ အတည်ပြုပြောကြားသည်။

တစ်နိုင်ငံလုံး ၅၀၀ ကျော်တယ် တစ်နေရာကနေ တစ်နေရာကို ရွေ့လိုက်တာပါ ဒီနယ်စပ်တွေမှာကျတဲ့သူတွေ ကို အတွင်းပိုင်းကို ပြန်ပို့တယ် ရဲတပ်ရင်းတို့မှာ တာဝန်ကျတဲ့သူတွေကို နယ်စပ်ဘက်ပြန်ပို့တယ် နေရာအသီးသီး ပေါ့ တချို့လည်း ရုံးမှာပြန်ထားတယ် တချို့လည်းသင်တန်းကျောင်းပေါ့ ” ဟု မူစယ် ရဲဝန်ထမ်းတစ်ဦးက ဆိုသည်။

ရဲမှူးများတွင် မြို့နယ်မှူးတာဝန်ထမ်းဆောင်သူအချို့ပါဝင်ပြီး မူစယ်မြို့နယ်ရဲမှူးသည် သင်တန်းကျောင်းတစ်ခုသို့ ပြောင်း ရွေ့ရကြောင်းသိရသည်။

ရဲတပ်ဖွဲ့အတွင်း စားဝတ်နေရေးကျပ်တည်းလျှက်ရှိရာ ၀င်ငွေရပေါက်ရလမ်းရှိသည့် နေရာနှင့် ၀င်ငွေမရှိသည့်နေရာများ တွင် အပြောင်းအလဲ ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူတစ်ဦးက ဆိုသည်။

နယ်စပ်ဒေသများတွင် တာဝန်ကျပါက ရဲဝန်ထမ်းများသာမက စစ်ဘက်ဝန်ထမ်းများလည်း ၀င်ငွေဖြောင့်ကြောင်း တပ်ရင်းမှူး တာဝန်ယူသည့် ဒုဗိုလ်မှူးကြီးအဆင့်ရှိသူများဆိုလျှင် ကျပ်ငွေသိန်းထောင်ချီကိုင်နိုင်သည့် လူချမ်းသာ စာရင်းဝင် များဖြစ်ကြောင်း သိရသည်။

No comments: