Friday, January 21, 2011

မူစယ်တွင် ၂၀၁၀ အတွင်း လူကုန်ကူးမှု ၁၆ မှု ဖေါ်ထုတ်

သျှမ်းသံတော်ဆင့်

တရုတ် - မြန်မာ နယ်စပ် မူစယ်မြို့တွင် ၂၀၁၀ အတွင်း လူကုန်ကူးသည့် အမှု ၁၆ မှုကို မူစယ်လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့က ဖေါ်ထုတ် အရေးယူ နိုင်ခဲ့ကြောင်း ယခုရက်ပိုင်း ထုတ်ဝေသည့် မူစယ်မဂ္ဂဇင်းတွင် ဖေါ်ပြထားသည်။

အဆိုပါ ၁၆ မှုမှာ ဂျန္န၀ါရီလမှ ဂျူလိုင်လအထိ ၇ လ အတွင်း ဆက်တိုက် ဖြစ်ပွားခဲ့သည့် အမှုများဖြစ်ပြီး ကျန်လများတွင် လူကုန်ကူးသည့် မှုခင်းမရှိကြောင်းသိရသည်။

ယင်းအမှုများတွင် တရားခံ ၄၆ ဦး ဖေါ်ထုတ်ခဲ့ရာ ၄င်းအနက် ၂၈ ဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး ကျန် ၁၈ ဦးမှာ လွတ်မြောက်ဆဲ ဖြစ်ကြောင်း လူကုန်ကူးခံရသူ အမျိုးသမီး ၃၃ ဦး ကယ်တင်နိုင်ခဲ့ကြောင်း ဖေါ်ပြထားသည်။

မူစယ်မြို့တွင် ၂၀၀၆ မှ ၂၀၀၉ အထိ လူကုန်ကူးသည့် အမှုပေါင်း ၁၇၁ မှု ဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူ အမျိုးသမီး ၅၆၀ ရှိကြောင်း သိရသည်။

လူကုန်ကူးသူများက မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံသို့ ဖျားယောင်းခေါ်ဆောင်ကာ တရုတ်အမျိုးသားများထံ ရောင်း စားခြင်းဖြစ်သည်။

ယခုနှစ် ဇန်န၀ါရီလဆန်းပိုင်းကလည်း နိုင်ငံဖြတ်ကျော်လူကုန်ကူးသူဟု သံသယရှိသူ တရုတ်နိုင်ငံသားချင်ရှောင်တုန်း အား မြန်မာနိုင်ငံအ တွင်း ပိုင်းတွင် ဖမ်းဆီးမိခဲ့ပြီး ၎င်းကုန်ကူးခဲ့သူ မြန်မာအမျိုးသမီး ၁၁ ဦးကယ်တင်နိုင်ခဲ့သည်ဟု တရုတ်သတင်းဋ္ဌာနက ဖေါ်ပြသည်။

မူစယ်တွင် လူကုန်ကူးအထူးအဖွဲ့ရုံးကို ၂၀၀၆ ဂျန္န၀ါရီလ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ရုံးပေါင်း ၂၂ ခု ဖွင့် လှစ်ထားကြောင်း သိရသည်။

No comments: