Wednesday, January 19, 2011

မွန်ပြည်သစ်ပါတီမှငွေအတုနှင့် ရော်ဘာဝယ်သူအစိုးရအရာရှိတစ်ဦး ဖမ်းဆီးရမိ

မိအိန်ပိုင်၊ ကောင်းဝါသတင်းဌာန

ကရင်ပြည်နယ် ဘားအံမြို့ နယ်သာသနာရေးဦးစီးဌာန ဒု-ဦးစီးအရာရှိတစ်ဦးဖြစ်သည့် အသက်(၃၂)နှစ် အရွယ်ရှိ မမြတ်လေးမော် (ခေါ် ) ကွန်းပီးသည် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ရွာတွင် ဇန္နာဝါရီလ (၁၄) ရက်နေ့၌ (၁၀၀၀)ကျပ်တန်ငွေအတုနှင့် ရာဘာသွားဝယ်ခဲ့ရာ မွန်ပြည်သစ်ပါတီမှ နိုင်ချမ်းတုံး(နဲာဆာန်ဍုင်)နှင့် ကျေးရွာရယကတာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ကြောင်း တောင်ပေါက်ရွာနေ တာဝန်ရှိသူတစ်ဦးက ကောင်းဝါ သတင်းဌာနကို ပြောပြခဲ့ ပါသည်။

ဇန်နဝါရီလ (၁၄)ရက်နေ့နံနက်(၁၀)နာရီခန့်တွင် မမြတ်လေးမော်(ခေါ်) ကွန်ပီးသည် တောင်ပေါက်ရွာနေ မိရင်လေးထံမှ ရာဘာ(၂)သိန်းဖိုးဝယ်သွားခဲ့ရာ မိရင်လေးသည် အဆိုပါငွေ(၂)သိန်းနှင့် မုဒုံမြို့သို့ ကုန်ပစ္စည်း သွားဝယ်ရာတွင် ကုန်စုံဆိုင်ပိုင်ရှင်ကိုဇော် မမော်တို့က ငွေအတုဖြစ်နေကြောင်း သိသည့်အတွက် မုဒုံမြို့ရဲစခန်းကို တိုင်ကြားခဲ့ပါသည်။ မိရင်လေးလည်း ငွေအတုဖြစ်နေကြောင်းသိရှိပြီး ကြောက်ရွံ့စွာဖြင့် တောင်ပေါက်ရွာ သို့ပြန်လည်ထွက်ပြေးလာကာ ရွာဥက္ကဌနှင့် အင်းခွရွာအခြေချ မော်လမြိုင်ခရိုင် မွန်ပြည်သစ်ပါတီမှအရာရှိတို့ထံ အကျိုးအကြောင်းရှင်းပြခဲ့သဖြင့် မမြတ်လေးမော်ကိုဖမ်းဆီးခဲ့သည်ဟု တောင်ပေါက်ကျေးရွာ ဒေသခံတစ်ဦးမှ ပြောပါသည်။

မမြတ်လေးမော်(ခေါ်)ကွန်းပီးတည်းခိုနေသည့် တောင်ပေါက်ရွာရှိဒေါ်ကျင်လှိုင် နေအိမ်တွင် ငွေ(၆) သိန်း ရွှေအတုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါငွေ(၆)သိန်းထဲမှ (၄)သိန်းသည် ငွေအတုဖြစ်နေကြောင်း ကျေးရွာ ရယကတစ်ဦးမှပြောပါသည်။

အဆိုပါ မမြတ်လေးမော်(ခေါ်)ကွန်းပီးသည် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရိုဂိုးရွာဇာတိဖြစ်ပြီး ယခုလက်ရှိ တာဝန်မှာ ဘားအံမြို့သာသနာရေးဦးစီးဌန ဒု-ဦးစီးအရာရှိတစ်ဦးဖြစ်ပါသည်။ သူမ၏ဖခင်မှာ ဦးစိုးမော် (ကွယ်လွန်) သည်လည်း မော်လမြိုင်မြို့သာသနာရေးဘက်မှ အရာရှိတစ်ဦးလည်းဖြစ်ပါသည်ဟု သူမနှင့်ရင်းနှီးသူ တစ်ဦးမှပြောပါသည်။

ယခုအခါမွန်ပြည်သစ်ပါတီမော်လမြိုင်ခရိုင်မှ မမြတ်လေးမော် (ခေါ် )ကွန်းပီးကို ဖမ်းဆီးထိန်းသိမ်းထား ကြောင်း တောင်ပေါက်ရွာမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

No comments: