Wednesday, January 19, 2011

သုံးဆူဒေသ ကေအာန်ယူနှင့်စစ်အစိုးရတို့တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရမှုတွင် ခလေးငယ်များပါဝင်

မိစန္ဒာဦး၊ ကောင်းဝါသတင်းဌာန

ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသတွင် စစ်အစိုးရတပ်ခမရ(၄၀၆)တပ်ရင်းနှင့် ကေအာန်ယူခေါ် ကရင်အမျိုးသားအစည်းအရုံးတပ်ရင်း(၁၆)တို့ ဇန္နာဝါရီလ(၁၇)ရက်နေ့၌ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်အစိုးရတပ်ဘက်မှ သေကြထိခိုက်ဒဏ်ရာရမှုများသလို ခလေးနှစ်ဦးပါ တိုက်ပွဲအကြားတွင်ဒါဏ်ရာရခဲ့ကြောင်း ဒေသခံများမှပြောပါသည်။

ဖြစ်ပွါးပုံမှာခမရ(၄၀၆)စစ်ကြောင်း(၁)ကိုသွားကြိုသော စစ်ကြောင်း(၂)တို့ မယ်ဇလီကျေးရွာတွင် နှစ်ဖွဲ့ ပေါင်းစုံမိပြီးပြန်တက်အလာ မွန်းလွှဲ(၁)နာရီအကျော် ထီးဝါးတွန့်ချောင်းအရောက်တွင် ကေအာန်ယူတပ်ရင်း (၁၆)မှ အင်အား(၆၀)ခန့် ရှေ့ထွက်မိုင်းဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း မြိုင်သာယာကျေးရွာနေ မျက်မြင်တွေ့ရှိသူ ဒေသခံမှ ယခုလိုပြောပါသည်။

“ပထမတော့ ကေအာန်ယူဘက်ကနေရာယူပြီးမိုင်းနဲ့ဆွဲတယ်။ အဲဒီမှာတပ်ဘက်က(၂)ယောက် ပွဲခြင်းပြီး တယ်။ (၃)ယောက်ဒဏ်ရာရတယ်။ တစ်ယောက်ကခြေထောက်ပြတ်သွားတယ်။ နောက်တော့ လက်နက်ကြီးနဲ့ ပစ်ခတ်ကြတယ်ခင်ဗျာ့။ အဲဒီလက်နက်ကြီးတွေကြောင့် မြိုင်သာယာရွာက (၁၂)အရွယ်စောကြောင်ကြွက်နဲ့ အသက် (၁၇)နှစ်အရွယ် စောရှဖေါင်တို့ ခြေထောက်နဲ့လက်မောင်းမှာဒဏ်ရာရသွားတယ်။ ဒဏ်ရာရတဲ့သူတွေကို သုံးဆူကိုသယ်သွားကြတယ်ခင်ဗျာ့။”

အဆိုပါထိခိုက်ဒဏ်ရာရရှိသော ခလေးနှစ်ဦးကို ဘုရားသုံးဆူမြို့တွင်သာကုသခွင့်ပေးပြီး ထိုင်းနယ်စပ် အခြေစိုက် နိုင်ငံတကာကြက်ခြေနီကော်မီတီမှ ဆေးဝါးအခမဲ့ကုသရန်တောင်းဆိုခဲ့သော်လည်း စစ်တပ်ဘက်မှ ကုသခွင့်မပေးဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးမှပြောပါသည်။

(၂၀၁၀)ခုနှစ်မှ ယနေ့အထိ စစ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့အကြား ဖြစ်ပွါးခဲ့သော တိုက်ပွဲတွင် အရပ်သား(၂၀)ကျော် သေကြေထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ရေးအကဲခတ်သူများမှဆိုသည်။

ပြည်တွင်းစစ်အတွင်း စစ်တပ်ချင်းတိုက်ခိုက်နေသည်ဆိုသော်ငြားလည်း ခလေးငယ်များအပါအ၀င် အရပ် သားများ ထိခိုက်သေဆုံးနှုန်းများပြားနေသလို စစ်ပြေးဒုက္ခသည်အဖြစ် နေရပ်ကိုတိမ်းရှောင်နေရသည်မှာ များပြား နေသည်ဟု လူ့အခွင့်အရေးလေ့လာစောင်ကြည့်သူများမှပြောပါသည်။

No comments: