ကရင်နီပြည် ရှားတောမြို့နယ်အတွင်းတွင် ကရင်နီတပ်မတော်နှင့် မြန်မာစစ်အစိုးရတပ်တို့ ပြီးခဲ့သည့် (၇) ရက်နေ့တွင် တွေ့ဆုံတိုက်ခိုက်ကြ၍ စစ်အစိုးရတပ်ဘက်မှ (၄) ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ရှားတောမြို့နယ် ရှမ်း-ကရင်နီနယ်စပ် အနီးရှိ ထင်ရှူးတောင်၌ တပ်စွဲထားသော စစ်အစိုးတပ် ခြေမြန်တပ်ရင်း ခမရ (၃၃၂) တပ်ဖွဲ့သည် တပ်စခန်းပြင်သို့ ထင်းခွေသွားရင်း ကရင်နီတပ်မတော် တပ်ရင်း (၃) ဗိုလ်ကြီး ဆော်နိုး အဖွဲ့မှ တပ်ကြပ် မီရယ် ဦးဆောင်သော တပ်ဖွဲ့နှင့် တိုး၍ တိုက်ပွဲ ဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်ဟု ကရင်နီဗဟိုသတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ ဗားမားနိုင်က ပြောသည်။
“တပ်စခန်းကနေ ထွက်လာပြီးတော့မှ ထင်းခွေ၊ ထင်းရှာရင်းနဲ့ တိုးကြပြီးတော့မှ ပစ်ခတ်ကြတာပေါ့ အဲမှာ။ နအဖဖက်က ၄ ယောက် ဒဏ်ရာရတယ်” ဟု ၎င်းက ပြောသည်။
ထိုတိုက်ပွဲတွင် စစ်အစိုးရတပ်မှ ထိခိုက်ဒဏ်ရာ ရရှိမှု ရှိခဲ့သော်လည်း ကရင်နီတပ်ဘက်မှ မရှိခဲ့ကြောင်း ဗားမားနိုင်က ဆက်ပြောသည်။
ထင်းရှုးတောင်၌ စခန်းထိုင်ထားသော စစ်အစိုးရတပ် ခမရ (၃၃၂)သည် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် အခြေစိုက်ထားသော စစ်ဗျူဟာ ကွပ်ကဲရေး စစ်ဌာချုပ် (စကခ) ၁၇၏ လက်အောက်ခံ တပ်ရင်း ဖြစ်သည်။
ပြီးခဲ့သည့် နှစ်အတွင်း ဇန်န၀ါရီနှင့် သြဂုတ်လတွင် ထိုထင်းရှူးတောင်မှ စစ်အစိုးရတပ်သည် ၎င်းတို့ တပ်စခန်း အနီးရှိ ဒေသခံ ကျေးရွာ များ ဖြစ်သော ဒေါနောင်ပလူး၊ ဒေါတနောနှင့် ဒေါမူးလဲတို့အား ဆန်ပုံးအလိုက်ဖြင့် (၂) ကြိမ် အခမဲ့ တောင်းယူခဲ့သည်။
No comments:
Post a Comment