Thursday, March 10, 2011

အစိုးရ၀န်ထမ်းလစာတိုးမည့် သတင်းကြောင့် ချင်းပြည်နယ်တွင် ဆန်နှင့်လောင်စာဆီဈေးတက်

အစိုးရ ၀န်ထမ်းလစာတိုးမည့် သတင်းကြောင့် ချင်းပြည်နယ်တွင် ယခု လဆန်းပိုင်းကစ၍ ဆန် နှင့် လောင်စာဆီဈေးများ တရိပ်ရိပ်နဲ့မြှင့်တက်လာကြောင်းသိရသည်။

ပြည်နယ်မြို့တော် ဟားခါးတွင် ပေါ်ဆန်းမွှေး တအိတ် ကျပ်ငွေ ၂၀၀၀၀၊ ရွှေတိုးတအိတ် ကျပ်ငွေ ၂၅၀၀၀ နှင့် ဧရာမင်း တအိတ် ကျပ်ငွေ ၃၇၀၀၀ အထိဈေးမြှင့်တက်သွားကြောင်းဒေသခံများကပြောသည်။

ယခင်က ဟားခါးတွင် ပေါ်ဆန်းမွှေး တအိတ်ကို ကျပ်ငွေ ၁၆၀၀၀၊ ရွှေတိုးတအိတ် ကျပ်ငွေ၁၈၀၀၀၊ ဧရာ မင်းတအိတ် ကျပ်ငွေ ၂၃၀၀၀ ခန့်သာပေါက်ဈေးရှိသည်ဟုသိရသည်။

ဟားခါးမှ လူငယ်ခေါင်းဆောင်တဦးက” အစိုးရသစ်မှာ ၀န်ထမ်းလစာတိုးမယ်ဆိုတဲ့သတင်းထွက်ပေါ်လာတဲ့နောက်မှာ တော့ဆန်ဈေးတွေဟာ သိသိသာသာမြှင့် တက်လာတာဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လာမည့် ဧပြီလမှစပြီး အစိုးရ၀န်ထမ်းများ၏လစာကို ၄ ဆအထိ ထပ်မံတိုးပေးသွားမည်ဟု ၀န်ထမ်းများအ ကြားသတင်းထွက်ပေါ်ခဲ့သည့်နောက်ပိုင်း ယခုလို ကုန်ဈေးနှုန်းများလည်းမြှင့်တက်လာခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင်လည်း ယခင်နှစ်က ဒေသထွက် စပါး တပုံး (၈ပြည်) ကို ကျပ်ငွေ ၃၀၀၀ ဈေးရှိရာမှ ယခု နှစ် ကောက်သစ်ပေါ်ချိန်တွင် ကျပ်ငွေ ၆၀၀၀ အထိထိုးတက်သွားသည်ဟုသိရသည်။

” ၀န်ထမ်းလစာမတိုးယင်တော့ ၀န်ထမ်းတွေ အတွက် ပြသာနာပဲ၊ ၀န်ထမ်းလစာ သုံးဆတိုးမယ်လို့တော့ ကြားရတယ်” ဟု ဖလမ်းမြို့မှ ဘဏ်ဝန်ထမ်းတဦးက ပြောသည်။

ဆန်ဈေးနှုန်းအပြင် လောင်စာဆီဈေးလည်း တက်လာကြောင်း ယခုလက်ရှိ ဟားခါးတွင်ဓါတ်ဆီတဂါလံလျှင် အပြင်ဈေး ကျပ်ငွေ ၅၅၀၀ ၊ အစိုးရဈေး တဂါလံ ကျပ်ငွေ၂၅၀၀၊ ဟားခါး ကလေး ကားခ တဦးလျှင် ကျပ်ငွေ မနှစ်က ၆၅၀၀ ယခုနှစ် ကျပ်ငွေ ၁၀၀၀၀ ဖြစ်ကြောင်း ပြောကြသည်။

အီးအဲန်ဒီပီမှ ပြည်နယ်ကိုယ်စားလှယ် ပူးဗန်ကျင်ကလည်း အစိုးရ၀န်ထမ်းလစာကို လာမည့် ဧပြီလမှစပြီး တိုးပေးဖွယ်ရှိ ကြောင်း၊ သို့သော်လည်း အတိအကျပြောရန်ခက်နေသေးသည်ဟု ပြောသည်။

No comments: