Tuesday, October 4, 2011

လူ့အခွင့်အရေးတိုက်ပွဲဝင် ပုဂ္ဂိုလ်များ အပိုင်း (၆)၊

ခင်​မောင်စိုး

၁၉၅၅ ခုနှစ် ဒီဇင်ဘာ ၁ ရက် ညနေ ၆ နာရီလောက်မှာ အမေရိကန်ပြည်ထောင်စု တောင်ပိုင်းဒေသ မောင်ဂိုမာရီမြို့က စတိုးဆိုင်ကြီးတခုမှာ အလုပ်လုပ်တဲ့ စက်ချုပ်သမ တဦးဟာ အလုပ်ပြီးတဲ့အချိန် အိမ်ကိုပြန်မယ်ဆိုပြီး ဘတ်စ်ကားတစီးပေါ် တက်လာပါ တယ်။ သူဟာ လူမည်းတွေအတွက် သတ်မှတ်ထားတဲ့ ထိုင်ခုံတခုံပေါ် စီးနင်းလိုက်ပါလာ ပါတယ်။ အဲဒီခေတ်ကာလတုန်းက မောင်ဂိုမာရီမြို့မှာ လူမည်းတွေ ဘတ်စ်ကားစီးတဲ့အခါ လိုက်နာရမယ့် အချက်တွေ ရှိပါတယ်။ လူဖြူတွေထိုင်ဖို့ သတ်မှတ်ထားတဲ့ ရှေ့ဆုံးတန်း ထိုင်ခုံတွေမှာ ထိုင်ခွင့်မရှိပါဘူး။ နောက်တခါ လူဖြူတွေအတွက် ထိုင်ခုံပြည့်သွားပေမယ့် လူဖြူတွေ ထပ်တက်လာရင် လူမည်းခုံကို ဖယ်ပေးရမယ်ဆိုတဲ့ စည်းကမ်းဖြစ်ပါတယ်။

အဲဒီနေ့မှာ စက်ချုပ်သမဟာလည်း ထပ်တက်လာတဲ့ လူဖြူအတွက် နေရာဖယ်ခိုင်း တာကို ခံရပါတယ်။ သူ့ဘေးနားမှာ ထိုင်နေတဲ့ တခြားလူမည်း ၃ ယောက်က နေရာဖယ် ပေးလိုက်ပေမယ့် သူကတော့ နေရာဖယ်မပေးပါဘူး။ နေရာဖယ်ပေးဖို့ ပြောတဲ့ ဘတ်စ် ကားဒရိုင်ဘာက ရဲခေါ်ပြီးဖမ်းမယ်လို့ ခြိမ်းခြောက်ပေမယ့်လည်း သူကတော့ ခေါ်ချင်ခေါ် ဆိုပြီး ဖယ်မပေးပါဘူး။ နောက်ဆုံးမှာ စက်ချုပ်သမကို ရဲလက်အပ်လိုက်ပါတယ်။။


ဒီအဖြစ်အပျက်ကြောင့် အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အကြီးကျယ်ဆုံး ဘတ်စ်ကားသပိတ်မှောက်ပွဲကြီး ဖြစ်လာပါတယ်။ ဒီသပိတ်မှောက်ပွဲကြီးကြောင့် လူမည်း တွေဟာလည်း လူဖြူတွေနဲ့ တန်းတူအခွင့်အရေး ရထိုက်တယ်ဆိုတဲ့ အဖြေ ထွက်ပေါ်လာ ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုသမိုင်းမှာ ခေတ်သစ်နိုင်ငံသား အခွင့်အရေး ရဲ့အစကို ၁၉၅၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်လို့ သမိုင်းဆရာအများစုက သတ်မှတ်ထားကြပါ တယ်။

ဒီနေ့ရက်မှာ ဘတ်စ်ကားထိုင်ခုံနေရာ ဖယ်ပေးမယ့်အစား အဖမ်းခံပြလိုက်တဲ့ စက် ချုပ်သမကတော့ ရိုစာပတ်ခ် အမည်ရှိ လူမည်းအမျိုးသမီးတဦး ဖြစ်ပါတယ်။

ရိုစာပတ်ခ်ဟာ ၁၉၁၃ ခုနှစ်မှာ မွေးဖွားသူ ဖြစ်တဲ့အတွက် အဖမ်းခံရချိန်မှာ ၄၂ နှစ် အရွယ် ရှိနေပါပြီ။

ရိုစာပတ်ခ်ကို ဖမ်းဆီးပြီးတဲ့နောက် ၄ ရက်အကြာမှာ ရုံးတင်စစ်ဆေးပါတယ်။ ရုံးတင်စစ်ဆေးတဲ့နေ့ မတိုင်မီက ဒီလို မတရားတဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး တုံ့ပြန်ဖို့ လူမည်း ခေါင်းဆောင်တွေက စည်းဝေးတိုင်ပင်ရာမှာ မောင်ဂိုမာရီမြို့တွင်း ပြေးဆွဲတဲ့ ဘတ်စ်ကား တွေကို မစီးဘဲ သပိတ်မှောက်ဖို့ သဘောတူ ဆုံးဖြတ်လိုက်ကြပါတယ်။ လူမည်းတွေရဲ့ ဘုရားရှိခိုးကျောင်းတွေမှာလည်း ဘတ်စ်ကားသပိတ်မှောက်ပွဲအတွက် ဟောပြောကြပါ တယ်။ ရိုစာပတ်ခ်ကို ရုံးတင်စစ်ဆေးတဲ့ရက်မှာ လူမည်းတွေအားလုံး သပိတ်မှောက်ဖို့ ဆော်ဩတဲ့ စာရွက်ပေါင်း ၃၅,၀၀၀ ဝေခဲ့ပါတယ်။ “လူမည်းတွေ အလုပ်သွားရင် လမ်း လျှောက်ချင်လျှောက်၊ ဒါမှမဟုတ် တက္ကစီစီးချင်စီးပါ၊ ဘတ်စကားကိုတော့ လုံးဝမစီးပါနဲ့” လို့ တိုက်တွန်းရေးသားထားပါတယ်။

လူလူချင်း ခွဲခြားဆက်ဆံတာကို နှစ်ပေါင်းများစွာကြာအောင် ခံစားနေရတဲ့ လူမည်း တွေဟာ ဒီသပိတ်ပွဲကြီးကို တက်ညီလက်ညီ ဆင်နွှဲကြပါတယ်။ မောင်ဂိုမာရီမြို့မှာ ဘတ်စ် ကားစီးသူ စုစုပေါင်းရဲ့ ၇၅ ရာနှုန်းက လူမည်းတွေဖြစ်တဲ့အတွက် ဘတ်စ်ကားလုပ်ငန်း ပိုင်ရှင် လူဖြူတွေဟာ စီးပွားရေးမှာ အကြီးအကျယ် ထိခိုက်နစ်နာသွားပါတယ်။ ဒါ့အပြင် ဘတ်စ်ကားစီးပြီးမှ ဈေးဝယ်ရတဲ့အလုပ်ကို မလုပ်တော့ဘဲ အနီးအနားက လူမည်းဈေး ဆိုင် အချင်းချင်းမှာပဲ ၀ယ်ယူကြတော့တဲ့အတွက်လည်း မြို့တွင်းက ဈေးဆိုင်ပိုင်ရှင် လူဖြူ တွေဟာလည်း နစ်နာကြပါတယ်။။

တရားရုံးက ရိုစာပတ်ခ်ကို အမိန့်မနာခံတဲ့အတွက် ၁၀ ဒေါ်လာ ဒဏ်တပ်ပါတယ်။ တရားရုံးစရိတ်က ၄ ဒေါ်လာဆိုတော့ စုစုပေါင်း ၁၄ ဒေါ်လာဖြစ်ပါတယ်။ ဒါပေမယ့် ဘတ်စ် ကားသပိတ်ကြောင့် လူဖြူတွေနစ်နာတာက ဒေါ်လာသန်းနဲ့ချီပြီးရှိပါမယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီသပိတ်ကြီးက ရက်ပေါင်း ၃၈၁ ရက်တိတိ ကြာသွားလို့ဖြစ်ပါတယ်။

ဒီအခါမှာ လူဖြူတချို့က လူမည်းတွေကို ခြိမ်းခြောက်တာတွေ၊ ရန်စတာတွေ တိုက် ခိုက်တာတွေ လုပ်လာပါတယ်။ ဘတ်စ်ကားသပိတ်မှောက်ပွဲကြီးမှာ ဦးစီးခေါင်းဆောင် လုပ်ခဲ့သူ မာတင်လူသာကင်းရဲ့ အိမ်ကို ဗုံးခွဲတဲ့အထိ လုပ်ပါတယ်။

ဒါပေမယ့် သပိတ်မှောက်ပွဲ စကတည်းက အကြမ်းမဖက်တဲ့နည်းနဲ့ လုပ်မယ်လို့ မာတင်လူသာကင်းက ပြောခဲ့တာကို လူမည်းများက သဘောတူခဲ့တာဖြစ်တဲ့အတွက် ရန်ကိုရန်ချင်း တုံ့နှင်းတာမျိုး အလွန်နည်းပါးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဘတ်စ်ကားပေါ်မှာ လူဖြူလူမည်း ခွဲခြားဆက်ဆံတာဟာ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး ဒီစည်းကမ်းကို တရားရုံးချုပ်က ပယ်ဖျက်ပေးလိုက်ပါ တယ်။ ဒီလိုပယ်ဖျက်လိုက်တဲ့ နောက်ရက်မှာ မာတင်လူသာကင်းနဲ့ ရိုစာပတ်ခ်တို့ဟာ တခြားခေါင်းဆောင်တချို့နဲ့အတူ ဘတ်စ်ကား တက်စီးကြပါတယ်။ ရိုစာပတ်ခ်က အရင် တုန်းက လူဖြူတွေအတွက် သတ်မှတ်ထားတဲ့ ရှေ့တန်းထိုင်ခုံတွေအနက် ရှေ့ဆုံးမှာ သွား ရောက်ထိုင်ခဲ့ပါတယ်။ ဒီထိုင်ခုံနေရာကို တကယ်လည်း ရိုစာပတ်ခ် ထိုင်ခွင့်ရသင့်တယ် မဟုတ်ပါလား။

ရိုစာပတ်ခ်ဟာ ငယ်စဉ်ကတည်းက လူဖြူလူမည်းခွဲခြားဆက်ဆံမှုဒဏ်ကို ပြင်းပြင်း ထန်ထန် ခံစားခဲ့ရသူပါ။ သူငယ်စဉ်ကဆိုရင် အမေရိကန်ပြည်ထောင်စု တောင်ပိုင်း ဒေသမှာ ‘ကေသုံးလုံး’ဂိုဏ်းက အလွန်နာမည်ကြီးပါတယ်။ ‘ကေသုံးလုံး’ဂိုဏ်းက လူမည်း တွေကို အတင်းဖမ်းဆီးသတ်ဖြတ်တာမျိုးကို သူကြားနေကျပါ။ နောက်ပြီး လူမည်းတွေရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလည်း မကြာခဏ ကြားနေကျပါ။ သူ့အဖေအိမ်ရှေ့ကို ကေသုံးလုံးဂိုဏ်းဝင်တွေ လာရောက်ခဲ့တာကြောင့် သေနတ်နဲ့ပစ်ပြီး ခြောက်လှန့်မောင်း ထုတ်ခဲ့ရတာကို ရိုစာပတ်ခ် ကောင်းကောင်းမှတ်မိပါတယ်။ ဒါကြောင့် ငယ်စဉ်ကဆိုရင် ရိုစာပတ်ခ်ဟာ ညစဉ်ညတိုင်း စိုးတထိတ်ထိတ်နဲ့ အိပ်ရာဝင်ခဲ့ရသူ ဖြစ်ပါတယ်။။

ရိုစာပတ်ခ်ဟာ ဘတ်စ်ကားသပိတ်ပွဲ မတိုင်မီကတည်းက လူမည်းအခွင့်အရေး တိုက်ပွဲမှာ တတ်စွမ်းသမျှ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ လူမည်းဘ၀တိုး တက်ရေးအဖွဲ့မှာ ပါဝင်ပြီး လူမည်းတွေရဲ့ မတရားအပြုခံရမှုတွေအတွက် လိုက်ပါဆောင် ရွက်ပေးပါတယ်။ ကြာပွတ်နဲ့ အရိုက်ခံရတာတွေ၊ ကြွေးတင်ရင် ကျွန်အဖြစ် အခိုင်းခံရတာ တွေ၊ သတ်ဖြတ်ခံရတာတွေ၊ မုဒိန်းကျင့်ခံရတာတွေအတွက် မတရားခံရသူတွေဘက်က ရပ်တည်ကူညီပေးခဲ့ပါတယ်။ ဒီလို အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့တဲ့ စိတ်ဓာတ်ကပဲ ဘတ်စ် ကားထိုင်ခုံကို လူဖြူအတွက် မဖယ်ပေးအောင် အကြောင်းပြုခဲ့တာပါ။

တချို့က ရိုစာပတ်ခ်ကို သာမန် စက်ချုပ်သမတယောက်လို့ပဲ သတ်မှတ်ပြီး ဘတ်စ် ကားထိုင်ခုံကို ဖယ်မပေးခဲ့တာဟာ အလုပ်ကအပြန် ပင်ပန်းနေလို့သာ ဖြစ်တယ်လို့ ပြော ကြပါတယ်။ တကယ်တော့ ရိုစာပတ်ခ်က ဒရိုင်ဘာကို ပြန်ပြောခဲ့တဲ့စကားတွေကို ကြည့် ရင် သိသာပါတယ်။ သူက “ဖယ်မပေးသင့်ဘူးထင်လို့ ဖယ်မပေးတာဖြစ်တယ်” လို့ ပြန် ပြောခဲ့တာပါ။

ဘတ်စ်ကားသပိတ်ပွဲကြီးအတွင်းမှာပဲ ရိုစာပတ်ခ်တို့ ဇနီးမောင်နှံဟာ အလုပ်ပြုတ် သွားပါတယ်။ မောင်ဂိုမာရီမြို့မှာ အလုပ်မရဘဲ ဖြစ်နေခဲ့တာကြောင့် အလုပ်ရှာဖွေရင်း ဒက်ထရိုက်မြို့ကို ပြောင်းခဲ့ပါတယ်။ အဲဒီမှာ ၈ နှစ်ကြာအောင် ပင်ပင်ပန်းပန်း စီးပွားရှာခဲ့ရ ပါတယ်။ ၁၉၆၇ ခုနှစ်ရောက်မှ ကွန်ဂရက်လွှတ်တော်အမတ်တယောက်က စီမံခန့်ခွဲရေး လက်ထောက်အဖြစ် ငှားရမ်းခန့်အပ်လိုက်လို့ စီးပွားရေး ပြေလည်လာပါတယ်။ ဒီအလုပ် ကို သူဟာ ၁၉၈၇ ခုနှစ်အထိ လုပ်ပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေမှာတော့ ရိုစာပတ်ခ်ဟာ တောင်အာဖရိကနိုင်ငံမှာ ဖြစ်ပွား နေခဲ့တဲ့ လူမျိုးခွဲခြားရေးစနစ်ကို ဖျက်သိမ်းနိုင်ဖို့အတွက် အားပေးကူညီနေခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံရဲ့ နာမည်နဲ့ ကျောင်းတကျောင်း ဖွင့်လှစ်ပြီး လူမည်းအမျိုးသမီးတွေအ တွက် စွမ်းရည်မြှင့်ရေး အကြံပေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံသားအခွင့်အရေးရဲ့ မိခင်အဖြစ် အမည်ပေးခံရတဲ့ ရိုစာပတ်ခ်ကို သမ္မတကလင်တန်က ၁၉၉၆ ခုနှစ်မှာ သမ္မတလွတ်လပ်ရေးဆုတံဆိပ် ချီးမြှင့်ပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုမှာ အစိုးရကပေးတဲ့ ဘွဲ့ထူးတွေထဲ အမြင့်ဆုံးဘွဲ့ထူးဖြစ်ပါ တယ်။ ဒီလို ဘွဲ့ထူးတွေ ရာနဲ့ချီပြီး ရိုစာပတ်ခ် ရရှိခဲ့ပါတယ်။

အပ်ချုပ်သမလို သာမန်အလုပ်သမားဖြစ်တဲ့ ရိုစာပတ်ခ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ တိုက်ပွဲဝင်မှုဟာ အမေရိကန်သမိုင်းကို လှည့်ပြောင်း ပစ်နိုင် အောင် အထိ ကြီးမား လှပါ တယ်။ ဒီလို အောင်မြင် နိုင်ဖို့အတွက် သူကိုင်စွဲ ထားတဲ့ ယုံကြည်ချက် ကတော့ “မတရားမှု ကို အညံ့ခံ လေလေ မတရား မှုတွေ တိုးလာ လေလေ ဖြစ်တယ်၊ ဒါကြောင့် မတရားမှုကို ငုံ့မခံပါနဲ့” ဆိုတဲ့ ယုံကြည်ချက် ဖြစ်ပါတယ်။

No comments: