Saturday, October 1, 2011

ဦးဝဏ္ဏဖောင်ပြင်နှင့် ကုလတွင်းချုပ်ကြီးတို့၏ ဆွေးနွေးပွဲရလဒ်

ရန်ကုန်သားတာတေ

“ဖြုတ်ပေးပါ … ဖြုတ်ပေးပါ”
“လွှတ်ပေးပါ … လွှတ်ပေးပါ”
“အရင် ဖြုတ်ပေးပါ”
“အရင် လွှတ်ပေးပါ”
“အခု ဖြုတ်ပေးတော့”
“အခု လွှတ်ပေးလေ”

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏဖောင်ပြင်နှင့် ကုလအထွေထွေ တွင်းချုပ်ကြီး မစ္စတာဘန်ကီမွန်းတို့၏ ညှိနှိုင်းဆွေးနွေးရာ နေရာသို့ ဦးရုက္ခစိုး ရောက်ရှိနေခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ နယူးယောက်တွင် ဖြစ်သောကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်ကို ခေါ်မသွားနိုင်ပေ။

ဖောင်ပြင်။ ။ ဖြုတ်ပေးပါ။ နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့တာတွေ မလုပ်သင့်တော့ပါဘူး။ အခု ချက်ချင်း ဖြုတ်သင့်ပါပြီ။

ဘန်။ ။ ဘာဖြစ်လို့ မလုပ်သင့်ရမှာလဲ။ ပိတ်ထားတာတောင် ဒီလောက် ပြောရဆိုရကျပ်နေတာ။ ပိတ်များ မထားလို့ကတော့ ကမ္ဘာကြီးကိုတောင် ရောင်းစားမလား မသိဘူး။

ဖောင်ပြင်။ ။ ကမ္ဘာကြီးတော့ မရောင်းသေးပါဘူးဗျာ၊ ကိုယ့်နိုင်ငံတောင် ရောင်းစားလို့ မကုန်သေးတာ အားအားယားယား … အယ် ... လုပ်ပါ အန်ကယ်မွန်းရယ် … ဖြုတ်ပေးပါဗျာ။

ရုက္ခစိုး။ ။ ဘာတွေ ဖြုတ်ခိုင်းနေတာလဲ။ စားတာများသွားပြီး ဗိုက်ကျပ်နေလို့ ခါးပတ်ကို ဖြုတ်ခိုင်းနေတာလား။

ဖောင်ပြင်။ ။ ဟင့်အင်း … ဘောင်းဘီဇစ် … အာ ဦးရုက္ခစိုးက နားစွန်နားဖျားနဲ့ ဘာတွေလာပြောနေတာလဲ။ ကျုပ် ဖြုတ်ခိုင်းတာက ဆန်ရှင်ဗျ ဆန်ရှင်။

ဘန်။ ။ ဆန်ရှင်တွေ … ဆန်သေတွေ လာမလုပ်နဲ့ …။ အရင်ဆုံး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလေ။ ဟဲဟဲ ကျုပ် မိုက်တယ် မဟုတ်လား ဦးရုက္ခစိုး။ အရင်လို စိုးရိမ်တယ် တမျိုးပဲ ပြောတတ်တဲ့ မွန်းမွန်း မဟုတ်တော့ဘူးဗျ။

မစ္စတာ ဘန်ကီမွန်းက ဦးဝဏ္ဏဖောင်ပြင်ကို ပြောနေရာမှ ဦးရုက္ခစိုးဘက် လှည့်၍ သွားဖြီးပြပြီး ပြောလိုက်ခြင်း ဖြစ်သည်။

ရုက္ခစိုး။ ။ နည်းနည်းတော့ တိုးတက်လာပါပြီ။ ဒါပေမယ့် ဒီ့ထက် နည်းနည်း ဖိအားပေးဖို့ လိုဦးမယ်ထင်တယ်။

ဘန်။ ။ ကျုပ်လည်း ဖိသာ ဖိရတာ ခပ်ကြောက်ကြောက်ဗျ။ အခုတောင် မြန်မာနိုင်ငံ အပြင်မှာမို့လို့ ဒီလောက် ဖိရဲတာ။ နေပြည်တော်မှာဆို ဖိဖို့နေနေသာသာ ပါးစပ်တောင် ဖွင့်ရဲတာမဟုတ်ဘူး။

ဖောင်ပြင်။ ။ ဒါဆိုလည်း ဖြုတ်ဗျာ။ ကျုပ် အိမ်အပြန် မျက်နှာပန်းမလှအောင် မလုပ်ကြပါနဲ့။

ဘန်။ ။ ခု အချိန်မှာ ခင်ဗျားတို့က ဒီမိုကရေစီ အော်နေပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်တာကိုတောင် ကန့်သတ်ချင်နေကြတာ၊ မဖြစ်ဘူး။

ဖောင်ပြင်။ ။ ဒါက အစိုးရတောင် ကန့်သတ်နေစရာ မလိုပါဘူး။ သူ့စရိတ်နဲ့သူ ပြီးသွားမှာပါ။ လူထုထဲမှာကိုက လမ်းလျှောက်ချင်တဲ့သူနဲ့ ကားစီးချင်တဲ့သူ အငြင်းပွားလို့ မပြီးသေးဘူး။ အဲဒီအကြောင်းက ထည့်ပြောစရာကို မလိုဘူး။

ဘန်။ ။ ဖြုတ်တာက အခုဖြုတ်အခုရတယ်။ ခလုတ်တချက် နှိပ်လိုက်ရုံပဲ။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဦးမှပေါ့။ ပြီးမှ ဆန်ရှင်ဖြုတ်ဖို့ မဖြုတ်ဖို့ …။

ဖောင်ပြင်။ ။ နိုင်ငံရေးအကျဉ်းသား မရှိ …..... ရှိ … အဲ ရှိပေမယ့် AAPP ပြောသလောက်ကြီး မများပါဘူးဗျာ။ ကျုပ်တို့လည်း အခုလွှတ် အခုရတယ်ဗျ။ သော့တချက် ဖွင့်လိုက်ရုံပဲ။ ဒါပေမယ့် ဆန်ရှင်ကို အရင်ဖြုတ်ပေး။

ဘန်။ ။ မဖြစ်သေးဘူး ဦးဖောင်ပြင်။ တိုင်းပြည် အပြောင်းအလဲ ဘယ်လောက်ရှိပြီလဲ၊ အမျိုးသားပြန်လည် ရင်ကြား စေ့ရေးကကော ဘယ်လောက် ခရီးရောက်ပြီလဲ။ ဒီတိုးတက်မှုတွေ ပြဖို့ဆိုတာဟာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှ ဖြစ်မှာလေ။

ရုက္ခစိုး။ ။ ဒါမှ တို့ တွင်းချုပ်ကြီးကွ။

ဘန်။ ။ မနောက်ပါနဲ့ ဦးရုက္ခစိုး။ ကျုပ် စိုးရိမ်လိုက်ရမလား။

မစ္စတာ ဘန်ကီမွန်းက မာန်လိုက်သဖြင့် ဦးရုက္ခစိုး ငြိမ်သွားသည်။

ဖောင်ပြင်။ ။ အခုဆို ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ တိုးတက်မှုတွေဟာ ထင်သာမြင်သာ ရှိလာပါပြီ။ နော် ဦးရုက္ခစိုး။

ရုက္ခစိုး။ ။ သေဖော်မညှိနဲ့လေ … ။ ဘာတွေ ထင်သာမြင်သာရှိတာလဲ။ ကချင်မှာ တထိန်းထိန်းနဲ့ ပစ်နေတာကို ပြောတာလား။

ဖောင်ပြင်။ ။ ဒါက အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ထိပါးမှာစိုးလို့ မပစ်ချင်ဘဲ ပစ်ရတာပါ။ အမြောက်နဲ့ လေးငါး ဆယ်ချက်၊ ဆယ့်နှစ်ချက်၊ အချက် သုံးရာခြောက်ဆယ့် ခြောက်ချက် လောက်ကလေး ပစ်တာကို။

ရုက္ခစိုး။ ။ နေပါဦး … နေပါဦး … ဘယ်နားက ဘယ်သူတွေနဲ့ ရင်ကြားစေ့တာတုန်း။

ဖောင်ပြင်။ ။ ဆွေမျိုးပေါက်ဖော်တွေနဲ့ ရင်ကြားစေ့ရေးလေ။ တရုတ်အမျိုးသားနဲ့ ကျနော်တို့ မြန်မာအမျိုးသားတွေ ရင်ကြားစေ့ရေးမှာ ဒီ ကချင်တွေက ကန့်လန့်ကန့်လန့်နဲ့။

ဘန်။ ။ မဖြစ်သေးဘူး ဦးဝဏ္ဏဖောင်ပြင် … ခင်ဗျားတို့ဟာက ဘာကိုမှ အလျှော့မပေးဘဲ ဒဏ်ခတ်ပိတ်ဆို့တာကျ ရုတ်သိမ်းခိုင်းနေတယ်။

ဖောင်ပြင်။ ။ သမ္မတကြီးကော … ဒုသမ္မတကြီးကောက ခိုင်းလိုက်လို့ပါ တွင်းချုပ်ကြီးရယ်။ ဆန်ရှင်ကို အပြုတ်ဖြုတ်ခဲ့ရမယ်၊ မပြုတ်ရင် ကျနော့်ကို ဖြုတ်မယ်လို့ မှာလိုက်လို့ပါ။ ကျနော့်ကို ကယ်ပါနော်၊ သနားကြပါနော်။ အောင်မလေး သနားကြပါ ခင်ဗျာ့ သနားကြပါခင်ဗျာ …။

ရုက္ခစိုး။ ။ ဘယ်နေရာကို ဖြုတ်မယ်ပြောလဲ။

ဖောင်ပြင်။ ။ ဖြုတ်လို့ရမယ့်နေရာ … ဟာ … ဦးရုက္ခစိုးလုပ်တာနဲ့ ဖီလင်တောင် အောက်သွားပြီ။ ရာထူးက နားမှာဗျ။ သနားကြပါခင်ဗျ။ ကျုပ်ဘဝက တွင်းချုပ်ကြီးတို့မှ မသနားရင် ရေတိမ်နစ်တော့မှာပါ။ လူက ဝသာ ဝနေတာ တရက်မှ စားလို့သောက်လို့ ကောင်းတာမဟုတ်ဘူး။ အိပ်မပျော်တဲ့ ညတွေ များလွန်းလို့ နေ့ခင်းဘက် ပြောင်းအိပ်နေရတာပါ …။ အသားတွေလည်း တနေ့ထက် တနေ့ ပိုပို မည်းလာပြီ ... အဟင့် ရွှတ် ...။

ဦးဝဏ္ဏဖောင်ပြင်က ပြန်ကြားရေးဝန်ကြီးကို အားကျသည့်အလား မျက်ရည်လည်ရွှဲ ပြောနေပြန်သည်။

ဘန်။ ။ ဟာ လူကြားလို့မကောင်းပါဘူး။ ခင်ဗျားလို ကျားကိုးစီး စားမကုန်တဲ့ ပုံကြီးနဲ့ နွဲ့မနေစမ်းပါနဲ့။ ဘယ်မှာလဲ ခင်ဗျားတို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး။ ဘယ်နေရာမှာများ ထင်သာမြင်သာ ရှိလို့လဲ။ ပြစမ်းပါဦး။

ဖောင်ပြင်။ ။ ရှိတယ်လေ … မယုံရင် လာကြည့်ပါလား။ အခုဆိုရင် ကျုပ်တို့လူကြီးတွေ အားလုံး ဒီစကားလုံးတွေကို အလွတ်ရနေပြီ။ ဒီတခါ တွင်းချုပ်ကြီးလာရင် ပြောပြလိမ့်မယ်။ ဒီမိုကရေစီတို့၊ အသွင်ကူးပြောင်းရေးတို့၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတို့ … ဒိုင်ယာလော့ခ် တို့ ...။

ရုက္ခစိုး။ ။ နည်းနည်း နောက်ဆုတ်ပြောပါ … ။ တံတွေးစဉ်လို့။

ဖောင်ပြင်။ ။ ဘာကျန်သေးလဲ မသိဘူး။ ဘာပဲကျန်ကျန်ဗျာ … ဒီမှာ တွင်းချုပ်ကြီး မြန်မာနိုင်ငံမှာ သိသာထင်သာ မြင်သာတဲ့ အပြောင်းအလဲက ချိုကုတ်တွေ ဘောင်းဘီကနေ ပုဆိုးပြောင်းဝတ်တာပဲ။ ဒါမျိုး ဘယ်နိုင်ငံ ပြောင်းဖူးလဲ။ ဒီ့ထက်ပြောင်းတာတောင် ဒီလောက် မပြောင်းဘူးဗျ။

ရုက္ခစိုး။ ။ ကျုပ်ကြားဖူးတာတော့ မြန်မာနိုင်ငံမှာ တရက်စစ်သားဖြစ်ရင် တသက်လုံးစစ်သားပဲတဲ့။

ဖောင်ပြင်။ ။ ဦးရုက္ခစိုး … အချွန်နဲ့ မမနဲ့ဗျာ။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ရဲ့ အုပ်ချုပ်သူ အစိုးရတွေ ပျော့သွားတာတော့ အသိအမှတ်ပြုပေး သင့်ပါတယ်။

ရုက္ခစိုး။ ။ ဘယ်နားက ပျော့သွားတာလဲဗျ။

ဖောင်ပြင်။ ။ ပေါက်ကရတွေ မတွေးနဲ့ … အရင်က အာဏာပိုင်ဆိုတဲ့ အသုံးအနှုန်းကို အခု နိုင်ငံ့ဝန်ထမ်းလို့ လွှတ်တော်မှာ ပြင်လိုက်ပြီဗျ။ ဒါ ပျော့သွားတာမဟုတ်လို့ ဘာလဲ။

ဘန်။ ။ နောက်ထပ် ဘာတွေ ပျော့သေး … အဲ ပြောင်းသေးလဲ။ ပြောပါဦး။

ဖောင်ပြင်။ ။ ရှိသေးတယ်။ ကျုပ်တို့ လူကြီးတွေက အရင်က ဒီလို စကားမျိုးတွေကို စာရွက်ပေါ်မှာ အကြီးကြီး ရေးပေး ရင်တောင် ဖတ်တတ်တာ မဟုတ်ဘူး၊ အခုဆို ဒိုင်ယာလော့ခ် ဆိုတဲ့စကား၊ ပေါ်လက်တစ်ကယ် ရီဖောင်း ဆိုတဲ့စကားမျိုးကို အလွတ်ရနေပြီဗျ ဟားဟားဟား။ လာသမျှ ဧည့်သည် အံ့သြသွားအောင် ပြောပြတတ်နေပြီ။

ရုက္ခစိုး။ ။ သြော် … တော်တော် ပြောင်သွား … အဲ ပြောင်းသွားပြီပဲ။

ဖောင်ပြင်။ ။ ဦးရုက္ခစိုး … မနောက်နဲ့နော်။ ကျုပ် တကယ်ပြောနေတာဗျ။ အခုဆိုရင် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို သေချာပေါက် ရတော့မှာ။ ဒီလို နိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ရင် ဘာဖြစ်သွားမယ်ထင်သလဲ။

ဘန်။ ။ နေပါဦး နေပါဦး။ အာဆီယံဥက္ကဋ္ဌရာထူး ရတော့မယ်လို့ ဘယ်သူပြောတာလဲ။

ဖောင်ပြင်။ ။ ကျုပ် အိပ်မက်မက်တာဗျ။ အတိတ်ကောက်ပြီး ထီတောင်ထိုးလိုက်သေးတယ်။ အဲဒါထားပါ … ပြောင်းနေပြီလို့ ပြောချင်တာ။

ရုက္ခစိုး။ ။ လူတွေပါ ပြောင်းရင် ကောင်းမယ်။

ဖောင်ပြင်။ ။ လူတွေ မပြောင်းသေးတာက ပြည်သူလူထုအတွက် စိုးရိမ်လို့ပါ။ ပြည်သူလူထုက အစိုးရသစ်မှာ လူသစ်တွေနဲ့ အသားမကျဘဲ ဒုက္ခရောက်မှာ စိုးရိမ်လို့။

ဘန်။ ။ ဟေ့လူ … ဟေ့လူ … အဲဒါ ကျုပ်စကား။ ဒီမှာ ဦးဖောင်ပြင် … ခင်ဗျားကို ကျုပ် ရှင်းရှင်းပဲ ပြောမယ်။ ခင်ဗျားဘာသာ ပြောင်းချင်ရာပြောင်း …၊ ယောက်ျားဘဝက မိန်းမဘဝကို ပြောင်းပြောင်း၊ ဖြတ်ဖောက်ချုပ်ပဲ လုပ်လုပ် … ကျုပ်ဂရုမစိုက်ဘူး။ အရေးအကြီးဆုံးက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါ … ဒါပဲ။

ဖောင်ပြင်။ ။ ကဲ … ဒီလောက်တောင် ဖြစ်လှတာ လွှတ်မယ်ဗျာ။

ဘန်။ ။ ဟင် … တကယ်ကြီး ပြောတာလား။ အဲဒီလောက် လွယ်လွန်းတော့လည်း တခုခု ညာတော့မလားလို့တောင် ထင်မိတယ်။

ဖောင်ပြင်။ ။ ဟာဗျာ ... ကျုပ်က နိုင်ငံခြားရေးဝန်ကြီး … နိုင်ငံတကာကို ပြောင်ညာနေကျ … အဲ … ညာပြောပါ့မလား။ အကျဉ်းသား တချို့ကို သင့်တော်တဲ့ တချိန်တခါမှာ လွှတ်ပါ့မယ်လို့ ကတိပေးပါတယ်။

ရုက္ခစိုး။ ။ သင့်တော်တဲ့ တချိန်တခါ … ဟုတ်လား။

ဘန်။ ။ ကောင်းပါပြီဗျာ … အခုလို ရှင်းရှင်းလင်းလင်း သိရတာ ဝမ်းသာပါတယ်။

ဖောင်ပြင်။ ။ ဒါဆို ဖြုတ်ပေးတော့။

ဘန်။ ။ ဟုတ်ကဲ့ … ခင်ဗျားက သင့်တော်တဲ့ တချိန်တခါမှာ လွှတ်ပေးမယ် ဆိုမှတော့ ကျုပ်ကလည်း သင့်တော်တဲ့ တချိန်တခါမှ ဆန်ရှင်ဖြုတ်ပေးဖို့ ကတိပေးပါတယ်။

ဖောင်ပြင်။ ။ ဟာ … ဝမ်းသာလိုက်တာ … ကျေးဇူးပဲဗျာ။

ဦးရုက္ခစိုးက စိတ်ထဲမှနေ၍ “အင်း … မြန်မာနိုင်ငံကြီးလဲ သင့်တော်တဲ့ တချိန်တခါမှာ တကယ်ပြောင်းမှာပါ” ဟု တွေးလိုက်သည်။

ဖောင်ပြင်။ ။ ဒါဆို ကျုပ်တို့ရဲ့ ဆွေးနွေးညှိနှိုင်းပွဲကြီး အောင်မြင်တယ် ဆိုတဲ့သဘော ပေါ့နော်။

ဘန်။ ။ ဒါပေါ့ ဒါပေါ့ … ကျုပ်တို့ရဲ့ တိုးတက်အောင်မြင်တဲ့ ဆွေးနွေးပွဲကြီးအကြောင်း ခင်ဗျားရဲ့ သမ္မတကြီးဆီကို အစီအရင် ခံလို့ရပါပြီ။

မစ္စတာ ဘန်ကီမွန်းနှင့် ဦးဝဏ္ဏဖောင်ပြင်တို့ လက်ဆွဲနှုတ်ဆက်လိုက် ကြသည်။

ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ဦးရုက္ခစိုးကြီး မှာမူ … တပါးတည်းခေါင်းခါရင်း “စိုးရိမ်တယ်” ဆိုသည့် စကားကို အကြိမ်တသောင်း ရေရွတ်၍ ထိုနေရာမှ ထွက်ခွာလာခဲ့တော့သတည်း။ ။

No comments: