Monday, October 10, 2011

အသည်း​ကင်ဆာ​ဝေဒနာခံစား​နေရသည့်​ နိုင်ငံ​ရေး​အကျဉ်း​သား​ ကို​ဇော်လင်း​ထွန်း​ ​ဆေး​မရ​သေး

နော်နိုရင်း

အသည်း​ကင်ဆာ​ဝေဒနာခံစား​နေရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ကို​ဇော်လင်း​ထွန်း​ကို ပြန်လွှတ်​ပေး​ဖို့​ မိသား​စုက ​မေတ္တာရပ်ခံတဲ့​အ​ပေါ် အင်း​စိန်​ထောင်အာဏာပိုင်​တွေက လျစ်လျူရှူလိုက်ပြီး​ ​ဆေး​ကုသ ​ပေး​မယ်ဆိုတဲ့​ ကတိစကား​ကိုလည်း​ မတည်ဘူး​လို့​ မိသား​စုနဲ့​ နီး​စပ်သူတဦး​က ​ပြောပါတယ်။

ထောင်နှစ်၂ဝကျ​နေတဲ့​ ကို​ဇော်လင်း​ထွန်း​ဟာ ပြီး​ခဲ့​တဲ့​တလ​ကျော်ကတည်း​က နာမကျန်း​ ဖြစ်ရာက အပြင်​ဆေး​ရုံထွက်ပြီး​ ကုသရာမှာ အသည်း​ကင်ဆာနဲ့​ အစာအိမ်​ရောဂါ​တွေ​ကြောင့်​ သုံး​လ က​နေ ​ခြောက်လအတွင်း​သာ အသက်ရှင်နိုင်မယ် လို့​ ဆရာဝန်က မှတ်ချက်​ပေး​ခဲ့​ပါတယ်။

ဒါ​ကြောင့်​ မိသား​စုဝင်​တွေက လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​ဖို့​ ​ထောင်အာဏာပိုင်ဆီ စာတင်ခဲ့​ပါတယ်။ ​ထောင်ဒဏ် ၁၁ နှစ်ကျန်​နေ​သေး​တဲ့​အတွက် မလွှတ်​ပေး​နိုင်​သေး​ဘူး​လို့​ ​ထောင် အာဏာပိုင်​တွေက တုံ့​ပြန်ခဲ့​သလို အသည်း​အထူး​ကုဆရာဝန်က ​ခေတ်မီကင်ဆာ​ဆေး​စား​ရင် ​နောက်ထပ် တနှစ်​ကျော်​လောက် အသက်ရှင်မယ်လို့​ အခုလ ၃ ရက်​နေ့​က မှတ်ချက်​ပေး​ခဲ့​ပါတယ်။

ဆရာဝန်မှတ်ချက်အရ ကုန်ကျစရိတ်ကို ​ထောင်ကကျခံမယ်လို့​ ​ပြောဆို ​ပေမယ့်​ အခုချိန်ထိ ကို​ဇော်လင်း​ထွန်း​ကို ​ခေတ်မီကင်ဆာ​ဆေး​မ​ပေး​သေး​ဘူး​လို့​ ကို​ဇော်လင်း​ထွန်း​ကို ​စောင့်​ရှောက်​နေသူ ဦး​ဌေး​က ​ပြောပါတယ်။

“ပြီး​ခဲ့​တဲ့​ တနင်္လာ​နေ့​က ​နောက်ဆုံး​အသည်း​အထူး​ကု ဆရာဝန်ကြီး​က သူ့​ကို အသည်း​ကင်ဆာ​ဆေး​ပေး​ဖို့​ ညွှန်ထား​တယ်။ အဲဒီတုန်း​က​တော့​ အိန္ဒိယ​ဆေး​ပေါ့​။ အသည်း​နဲ့

ပတ်သက်တဲ့​ဆေး​က တ​နေ့​ကို ၇၅၀၀ ကျမယ် အဲဒါကို ​နေ့​တိုင်း​စား​ရမယ်။ အဲဒါကိုစား​ရင် တနှစ်​ကျော်​လောက် အနည်း​ဆုံး​ရှင်သန်နိုင်တယ်။ အဲလိုမှမဟုတ်ရင် ပုံမှန် သုံး​လနဲ့​ ​ခြောက်လအတွင်း​မှာပဲ ဆုံး​ရှုံး​နိုင်တယ်လို့​ ဆိုတယ်။

“အဲဒီလို ​ဆေး​ကျွေး​ဖို့​ကိစ္စကို ကျ​နော်တို့​မိသား​စုနဲ့​ ​မေး​တယ်။ အဲဒီအချိန်မှာ ​ထောင်မှူး​ကရှိတယ်။ ကျ​နော်တို့​က​တော့​ အုပ်ထိန်း​သူလည်း​ဖြစ်​တော့​ ဘာဖြစ်ဖြစ် အကုန်ကျခံရမှာ​ပေါ့​။ ဒါ​ပေမယ့်​ အဲဒီတုန်း​က ​ထောင်မှူး​က တာဝန်ယူသွား​တယ်။ ထောင်ကတာဝန်ယူပါမယ် မှာလိုက်တယ်လို့​ ​ပြောတယ်။ ဒါ​ပေမယ့်​ ​ဆေး​ရုံတက်တာ တလနဲ့​ ဆယ်ရက်ရှိပြီ ကင်ဆာ​ဆေး​က ကုရတဲ့​အဆင့်​ကို မ​ရောက်​သေး​ဘူး​။ ​ထောင်ဘက်က တာဝန်ယူမယ်ဆိုတာ ​ထောင်ဘက်က အခုထိ ဘာမှတုံ့​ပြန်တာမရှိ​သေး​ဘူး​။ ​ဆေး​ရုံက​တော့​ ​ထောင်ကို အ​ကြောင်း​ကြား​ပြီး​ပြီလို့​ဆိုပါတယ်။”

လတ်တ​လောမှာ လွတ်ငြိမ်း​ချမ်း​သာခွင့်​ထုတ်ပြန်မယ့်​ သတင်း​အ​ပေါ် ကို​ဇော်လင်း​ထွန်း​ ကလည်း​ ​မျှော်လင့်​နေတယ်လို့​လည်း​ ဦး​ဌေး​က ​ပြောပါတယ်။

“သူကလည်း​ ဆရာဝန်​တွေကိုယ်တိုင်က ​သေမယ်ဆိုတဲ့​ကိစ္စ​ပြောထား​တယ်။ ​နောက်ဆုံး​ ​ဆေး​စား​လည်း​ ​သေမှာပဲ​ပြောထား​တယ်။ စိတ်ဓာတ်​တော့​ ကျသွား​တယ်​ပေါ့​။ မ​သေခင်​တော့​ လူ့​သဘာဝ လွတ်ချင်တာ​ပေါ့​။ လွတ်ငြိမ်း​ချမ်း​သာခွင့်​ဆိုတာ ​ပြော​တော့​ပြော​နေတာ လွတ်ဖို့​က ဘယ်​နေ့​မှန်း​မသိ​သေး​ဘူး​ ဖြစ်​နေတယ် လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​မျှော်ရင်း​နဲ့​ပဲ ​သေမလား​၊​ ​သေပြီး​တော့​မှ လွတ်ငြိမ်း​ချမ်း​သာခွင့်​ရမလား​ အ​ခြေအ​နေက အဲလိုဖြစ်​နေတယ်။”

ကို​ဇော်လင်း​ထွန်း​ဟာ ၂၀၀၃ခု ဗကသ ပြန်လည်ဖွဲ့​စည်း​ရေး​ လှုပ်ရှား​မှုမှာပါဝင်တဲ့​အတွက် ဖမ်း​ခံရပြီး​ မတရား​ အသင်း​ဆက်သွယ်မှု ပုဒ်မ ၁၇/၁၊​ အ​ရေး​ပေါ်လုံခြုံ​ရေး​ ဥပ​ဒေ ၅ (ည)၊​ လဝက အမှု ၁၃/၁ နဲ့​ တရား​စွဲဆိုပြီး​ ​ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထား​ရတာဖြစ်ပါတယ်။

No comments: