ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ကို ဘူးသီးတောင်က မြို့နယ်ဆေးရုံကိုထုတ်ပြီး ကျန်းမာရေး စစ်ဆေးနေရပါတယ်။ကိုဌေးကြွယ်ဟာ တလနီးပါးဖျားနာခဲ့ပြီး မသက်သာတဲ့အတွက် ဘူးသီးတောင် အကျဉ်းထောင်ကနေထုတ်ပြီး အပြင်မြို့နယ်ဆေးရုံကိုထုတ်ပြီး ဆေးစစ်ခဲ့ရတယ်လို့ သူ့ယောက်ဖ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
“ဌေးကြွယ်က ညနေပိုင်း ဖျားနေတာ တလကျော်လောက်ရှိပြီ။ အဲဒီအတွက် ကိုဌေးကြွယ်ကို ဓာတ်မှန်ရိုက်တယ်။ အီးစီဂျီရိုက်တယ်။ အဲဒါကို ဘူးသီးတောင်ဆေးရုံမှာ ထွက်ပြီးလုပ်ရတယ်။ ထောင်ဆေးရုံမှာ မရှိတော့။ ကိုဌေးကြွယ် ကျန်းမာရေး အခြေအနေက နှလုံးနည်းနည်းကြီးတယ်။ ညနေပိုင်းဖျားတာတော့ ဓာတ်မှန်ရိုက်တာနဲ့ ဘာမှထူးခြားမှု မရှိဘူး။ နောက်ထပ်သွေးတို့၊ ဆီးတို့စစ်ဖို့အတွက် ကြိုးစားနေပါတယ်။ ရန်ကုန်ကနေ ဆေးဝါးတွေပို့ပေးဖို့ လုပ်နေတယ်။ ဟိုမှာ ဓာတ်မှန်တို့၊ အီးစီဂျီရိုက်ထားတာကို ရန်ကုန်မှာ သမားတော်တွေနဲ့ ပြသမှာပါ။ သမားတော်တွေက သွေးတို့ဆီးစစ်ဖို့ ပြောလို့ ထောင်ကိုတင်ပြထားပါတယ်။”
ကိုဌေးကြွယ်ဟာ ပထမအကြိမ်ထောင်ကျတုန်းကလည်း သာယာဝတီထောင်ထဲမှာ အူလမ်းကြောင်းပိတ်တဲ့ရောဂါဖြစ်ခဲ့ပြီး သာယာဝတီဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူဖူးပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (့မြန်မာနိုင်ငံ) က ပြောခွင့်ရသူ ကိုဌေးအောင်က ကိုဌေးကြွယ်ကို ထောင်ပြင်မှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်ပြုဖို့ အစိုးရကို တိုက်တွန်းပြောဆိုပါတယ်။
“မြန်မာပြည်အကျဉ်းထောင်တွေမှာ ထောင်ဆရာဝန်မရှိတာ ရှိသလို၊ ထောင်ဆေးရုံမရှိတာတွေလည်း ရှိပါတယ်။ တချို့ထောင်တွေက ထောင်ဆေးရုံ၊ ထောင်ဆရာဝန်ရှိပေမယ့် ဆေးဝါးကုသမှုက အင်မတန်မှ နည်းပါတယ်။ အေအေပီပီ အနေနဲ့ကတော့ အကျဉ်းသားအားလုံးကို စိုးရိမ်သလို၊ ကိုဌေးကြွယ်အတွက်လည်း စိုးရိမ်ပါတယ်။ အရင်တုန်းကလည်း သာယာဝတီ မြို့နယ်ဆေးရုံမှာ ခွဲစိတ်ကုသတာ မရလို့ အင်းစိန်ပြည်သူ့ဆေးရုံကြီးကို ရွှေ့ပေးရတယ်။ အခုလည်း ကျနော်တို့ အေအေပီပီအနေနဲ့ တောင်းဆိုချင်တာတော့ ဆေးဝါးဆရာဝန် ပြည့်စုံတဲ့ဆေးရုံကြီးကို ပြောင်းရွှေ့ကုသပေးသင့်ပါတယ်။”
ကိုဌေးကြွယ်ဟာ ၂၀၀၇ ခုနှစ် က လောင်စာဆီဈေးနှုန်း မြင့်တက်မှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ လမ်းလျှောက်ခဲ့ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသူပါ။
မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေအတွင်းမှာ လက်ရှိ ကျန်းမာရေးမကောင်းတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅၄ ယောက် ရှိနေပြီး ဆေးဝါးကုသခွင့်လုံလောက်စွာမရရှိဘဲ ကွယ်လွန်ခဲ့ရသူ နိုင်ငံရေးအကျဉ်းသား ၁၄၇ ယောက် ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။
No comments:
Post a Comment