Friday, October 7, 2011

မြန်မာအစိုးရ ဆီးရီးယားနှင့် မတူ၊ သဘောထားကြီးဟု အမေရိကန်ပြော

ဧရာဝတီ Friday, 07 October 2011

လုပ်ဆောင် စရာ များစွာ ရှိနေ သေးသည့် တိုင် မြန်မာ အစိုးရ အဖွဲ့သည် ပြုပြင် ပြောင်းလဲ ရေး သမား များနှင့် သဘောထား ကြီးသူများ ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမား အစိုးရက အသိ အမှတ်ပြု ပြောဆို လိုက်သည်။

မြန်မာ အစိုးရ ဟာ ပြုပြင်ပြောင်းလဲရေး သမားတွေ၊ စိတ်သဘော ထား ကြီးကြီးထား သူတွေ ပိုမိုပါဝင် လာပြီး ကျမတို့နဲ့ အလုပ်တွဲ လုပ်နိုင် တဲ့အတွက် ကျေနပ် ဝမ်းမြောက်စရာ ဖြစ်ပါတယ်။ တကယ် လို့သာ ဆီးရီးယား နိုင်ငံလို အခြေ အနေ မျိုးသာ ဆိုရင် တမျိုး တမည်ဖြစ် ကုန်မှာပါ” ဟု အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဌာနမှ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နုလန်းက ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ဆီးရီးယား နိုင်ငံတွင် သမ္မတ ဘာရှား အာဆတ်က လူထု အုံကြွမှုကို အကြမ်းဖက် နှိမ်နင်း နေပြီး သေဆုံး သူပေါင်း ၂၆၀၀ ကျော် ရှိနေ ပြီဖြစ် ကြောင်း၊ သမ္မတ ဘာရှားအာ ဆတ် အစိုးရက နိုင်ငံ တကာ၏ ပြစ်တင် ဝေဖန်မှု များကို လျစ်လျူရှု လျက်ရှိကြောင်း သတင်း များ အရ သိရသည်။

“မြန်မာ ပြည်မှာ ပြောင်းလဲ လာတဲ့ ပထမဆုံး တချက်ကတော့ အတိုက်အခံ တွေနဲ့ လက်တွဲ လုပ်ဆောင်ဖို့ ဆန္ဒရှိ နေတဲ့ အစိုးရ ခေါင်းဆောင် တွေ တက်လာ တာပါပဲ” ဟု ဗစ်တိုးရီးယား နုလန်းက သတင်း ထောက်များ၏ အမေးကို ဖြေကြားသည်။

သို့သော် မြန်မာပြည်တွင် ဆက်လက်လုပ်ဆောင်စရာ များစွာ ကျန်နေဆဲဖြစ်ကြောင်း၊ အစိုးရသစ်သည် ယခင်စစ်အစိုးနှင့်စာလျှင် ဒေါ်အောင်ဆန်းစုကြည်၊ လူမှုအဖွဲ့အစည်းများနှင့် ထိတွေ့လုပ်ဆောင်ရန် ပိုမိုအခြေအနေ ပေးလာကြောင်း၊ ပြည်သူများက သဘော မတူသောကြောင့် မြစ်ဆုံဆည် စီမံကိန်း ဆိုင်းငံ့ထားလိုက်ခြင်းကဲ့သို့သော အစိုးရ၏ လုပ်ဆောင်မှုကို အားပေးကြောင်း ဆက်လက် ပြောသည်။

နယူးယောက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်းနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ခရစ်ရှနာတို့နှင့်လည်း မြန်မာ့အရေး ပြောဆိုဆွေးနွေးခဲ့ကြောင်းလည်း ဗစ်တိုးရီးယား နုလန်းကဆိုသည်။

ရပ်ဆိုင်းလိုက်သော မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ မကြာသေးမီကလည်း အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မြန်မာအစိုးရကို ချီးကျူးပြောဆိုခဲ့သေးသည်။

မြန်မာပြည်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ်က နယူးယောက်တိုင်းမ်သတင်းစာသို့ “မြန်မာအစိုးရက လုပ်ကိုင်ဆောင်ရွက်လာရင် ကျနော်တို့ဘက်ကလည်း ပြန်လည် တုန့်ပြန် လုပ်ဆောင်မှာပါ။ ပြုပြင်ပြောင်းလဲရေးကို သူတို့က ခြေတလှမ်းလှမ်းရင် ကျနော်တို့ဘက်ကလည်း ထောက်ခံအားပေးပါမယ်” ပြောထားသည်။

မစ္စတာ ဒဲရက် မစ်ချယ်သည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ ၅ ရက်ကြာ သွားရောက်လည်ပတ်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ် အတွင်းကလည်း နယူးယောက်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

No comments: