Monday, October 17, 2011

အစိုးရစစ်ကြောင်းကို ကရင်ပူးပေါင်းတပ်ဖွဲ့က ချုံခိုတိုက်

နော်နိုရင်း

ကရင်ပြည် နယ် ကော့က ရိတ်မြို့နယ် တောအုပ် ရွာမှာ ကရင် ပူးပေါင်း တပ်ဖွဲ့နဲ့ အစိုးရ ခမရ ၂၀၃၊ ၂၀၄ တပ်တို့ အောက်တိုဘာ ၁၅ ရက်နေ့ မနက်က တိုက်ပွဲ ဖြစ်ပွား ခဲ့ပါတယ်။

တိုက်ပွဲ အတွင်း အစိုးရ တပ်ဘက်က တဦး ကျဆုံး ခဲ့တယ်လို့ ကရင် တပ်ဖွဲ့က ဗိုလ်ကြီး တဦးက ပြောပါတယ်။

ကရင် ပူးပေါင်း တပ်ဖွဲ့က သူတို့ နယ်မြေ အတွင်း လှုပ်ရှား လာတဲ့ အစိုးရ တပ်ဖွဲ့ကို သွားရောက် တိုက်ခိုက် တာလို့ ဒီကေဘီအေ ကလိုထူး ၀ါးတပ်က ဗိုလ်ကြီး စောသရီးတူးက ပြောပါတယ်။

“ခမရ ၂၀၃၊ ခမရ ၂၀၄ ဘက်က တပ်မ ၂၂ လက်အောက်ခံ နည်းဗျူဟာ ၁ စစ်ကြောင်း နှစ်ကြောင်းကို ကျနော်တို့ ဒီနေ့ ၁၀ နာရီ ၃ မိနစ် အချိန်မှာ ချုံခိုတိုက်ပွဲ တပွဲ ဖြစ်တယ်။ သူတို့ဘက်က တယောက်ကျတယ်။ ကျနော်တို့တပ်ရင်းက ကျောင်းသား တပ်မတော်အဖွဲ့နဲ့ ရခိုင် အဖွဲ့နဲ့ ပေါင်းပြီးတော့ တိုက်တယ်။ ကျနော်တို့ဘက်မှာတော့ ထိခိုက်မှု မရှိဘူး။ ကျနော်တို့ကတော့ ကျနော်တို့ နေရာမှာပဲ ကျနော်တို့ နေတယ်။ သူတို့ တက်လာ တဲ့အတွက် ကျနော်တို့ ကလည်း ပစ်ရမှာ ပဲလေ။”

ဒီတိုက်ပွဲအတွင်း တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ ပါဝင် တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

၁၅ ရက်နေ့ နေ့ခင်းလောက်မှာ ကောကရိတ်မြို့နယ် သေဘောဘိုး ကျေးရွာနီးမှာ အစိုးရတပ်က ထော်လာဂျီ ၂ စီးနဲ့သယ်ဆောင်လာတဲ့ တပ်ရိက္ခာကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဗိုလ်ကြီးသရီးတူးက ပြောပါတယ်။

လက်ရှိတက်လာတဲ့ ဦးသိန်းစိန် အစိုးရအနေနဲ့ တိုင်းရင်းသားလူမျိုးတွေကို ငြိမ်းချမ်းရေး ခေါ်ဆိုနေပေမယ့် စစ်ဘက်မှာတော့ တိုက်ရင်သားတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲပါ။

ပြီးခဲ့တဲ့ရက်သတ္တပတ်ခန့်ကလည်း ကရင်ပြည်နယ် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တခုက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းပြီး သူတို့တပ်ကို ဒီလ ၁၅ ရက်နေ့မှာ ဆုတ်ခွာပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် တပ်တွေ ဆုတ်ခွာသွားတာမရှိဘဲ ဆက်လှုပ်ရှားနေဆဲ ဖြစ်တဲ့အတွက် အစိုးရပေါ် မယုံကြည်ဘူးလို့လည်း ဗိုလ်ကြီးစောသရီးတူးက ပြောပါတယ်။

“ဦးသိန်းစိန်ကတော့ ငြိမ်းချမ်းရေး ကမ်းလှမ်းတယ်လို့ ငြိမ်းချမ်းရေး လုပ်မယ်လို့ ပြောတာပဲ။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကတော့ စစ်ဆင်ရေးတွေ ထိုးနေတာပဲ။ အခုလည်း သူတို့ကို ဘယ်လို ယုံမလဲ မသိဘူး။ အဲဒါကြောင့် ယုံကြည်ချက် တချက်မှ မရှိဘူး။ ဒီကမ်းလှမ်းမှုကို လက်ခံလို့ မရဘူးဆိုပြီး ရပ်တည်ခဲ့တာပေါ့နော်။ အဲဒီ ၁၅ ရက်နေ့က ပြောတယ်။ သူတို့တပ်ရုပ်မယ်လို့ ပြောတယ်။ အဲဒီ ၁၅ ရက်နေ့မှာပဲ မရုပ်တဲ့အပြင် ထပ်တောင် ပို့လိုက်သေးတယ်။ အဲတော့ ဘယ်လိုယုံရမလဲ။”

No comments: