Tuesday, October 18, 2011

ကေအိုင်အိုနှင့် အစိုးရတပ် တိုက်ပွဲများ ယခင်လထက် နှစ်ဆတိုး

webteam

ကချင်ပြည် နယ်မှာ ကေအိုင်အို (ကချင် လွတ်လပ်ရေး အဖွဲ့) နဲ့ အစိုးရ အကြား နှစ်ဖက် ကိုယ်စား လှယ်အဖွဲ့ တွေ့ဆုံမှုဟာ မပြေ လည်ဘဲ တိုက်ပွဲတွေ များသထက် များလာ နေပါတယ်။

ဒီလ အတွင်း တိုက်ပွဲဖြစ် နှုန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ နှိုင်းယှဉ်ရင် နှစ်ဆ နီးပါး တိုးလာ တယ်လို့ ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်။

“တိုက်ပွဲ ကတော့ အခု ခပ်စိပ်စိပ် ဖြစ်လာတယ်။ ကျနော် တို့ရဲ့ စာရင်း ဇယားအရ စက်တင်ဘာလ တလလုံးမှာ တိုက်ပွဲ ပေါင်းက စုစုပေါင်း ၈၆ ကြိမ်လောက် ဖြစ်တယ်။ ဒါပေမယ့် အောက်တိုဘာလ ၁ရက်နေ့ကနေ ၁၆ ရက် နေ့ထိ တိုက်ပွဲက ၈၄ ကြိမ်လောက် ဖြစ်တယ်။ ဒါကိုကြည့်ခြင်း အားဖြင့် တဖြည်း ဖြည်းနဲ့ တိုက်ပွဲ အကြိမ်ပေါင်း များများ လာတယ်။”

ဝိုင်းမော်မြို့ ကအ ထွက်မှာ အစိုးရ ဘက်က စိုးမိုးကုန်း တခုကို တိုက်ခိုက်တာ ၄ ရက်ခန့် ကြာမြင့်ပြီဖြစ်ပြီး တိုက်ပွဲပြင်း ထန်တယ်လို့ ကေအိုင်အိုက ပြောပါတယ်။

“စစ်ရေးအရ အချက်အချာကျတဲ့နေရာလေးပါ။ အဲဒီမှာ ရှုခင်းသာရဲ့ တဖက်မှာ တပ်ရင်း ၃ ကနေပြီးတော့ နေရာယူထားတာ ရှိတယ်။ အဲဒီနေရာကတော့ ၀ိုင်းမော်နဲ့ လိုင်ဇာလမ်းကြောင်းမှာရှိတဲ့ ကားလမ်းကို အဲဒီတောင်ကုန်းကနေ စိုးမိုးထားတာဆိုတော့ အစိုးရတပ်တွေက သူတို့အတွက် နောက်ကြောင်းမလုံဘူးပေါ့။ အဲဒါကြောင့် သူတို့အဲဒီနေရာကို တိုက်နေတာ။”

အစိုးရနဲ့ ကေအိုင်အိုအကြား အဆက်အသွယ် ပြတ်တောက်နေပေမယ့် ဆွေးနွေးမှုတွေကိုတော့ ဖိတ်ခေါ်ကြိုဆိုပါတယ်လို့ ပြောပါတယ်။

ဒုက္ခသည်တွေအခြေအနေကိုလည်း ဦးလနန်းက “ဒုက္ခသည်တွေကတော့ တော်တော်များများက ဒီလိုပဲ။ သူတို့က ရွာပြန် လို့လည်း မရတော့ဘူး။ ရွာထဲမှာကလည်း အားလုံးက စစ်သားတွေက စစ်ကြောင်းတွေက စီးပြီးတော့ သူတို့လိုချင်တဲ့ ပစ္စည်းတွေကို ယူတာမျိုး ဒါက အမြဲတမ်းလုပ်နေကြပါ။ ဒီနေ့မနက် နမ့်ဆမ်ယမ် ကျေးရွာမှာ ရှိတဲ့အိမ်တချို့ကို မီးရှို့ခံရတာမျိုးရှိတယ်။ ဒါပေမယ့် အဲဒီမှာ ရွာသူရွာသားတွေ ဘယ်သူမှ မရှိကြတော့ဘူး” လို့ ပြောပါတယ်။

အပစ်အခတ်ရပ်စဲထားတဲ့ ကေအိုင်အိုဟာ အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံ ငြင်းဆန်ပြီးတဲ့နောက် ဒီနှစ် ဇွန် ၉ ရက်ကတည်းက တိုက်ပွဲတွေ ပြန်ဖြစ်နေတာဖြစ်ပြီး စစ်ပြေးဒုက္ခသည် ၂၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြပါတယ်။

No comments: