Monday, October 10, 2011

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမူကြမ်း ပြင်ဆင်မှုများပါရှိ

မျိုးသန့်

'နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ' ကို အထက်လွှတ်တော် ဥပဒေမူကြမ်း ကော်မတီမှ ပြန်လည် ပြင်ဆင်ပြီး ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်သို့ ဥပဒေကြမ်း အဖြစ် တင်သွင်းရာ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ပတ်သက်သော ပြင်ဆင်ထားသည့် အချက်တချက် အပါအဝင် အခြားအချက် နှစ်ချက်ကို ပြင်ဆင်ထားသည်ဟု လွှတ်တော် အမတ်များက ပြောသည်။

စစ်အစိုးရ လက်ထက် ၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် 'နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း
ဥပဒေ' အခန်း (၂)၊ အပိုဒ် (၆)၊ အပိုဒ်ခွဲ (ဂ) ပါ "ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ကို ထိန်းသိမ်းစောင့်ရှောက်ရေး" ဟု ပါရှိရာ 'ထိန်းသိမ်းစောင့်ရှောက်' ဟူသည့် စကားရပ်အစား 'လေးစားလိုက်နာ'
ဟု အထက်လွှတ်တော် ဥပဒေမူကြမ်း ကော်မတီမှ ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် 'နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ' အခန်း (၃) အပိုဒ် (၁၂)၊ အပိုဒ်ခွဲ (၁)တွင် အထွေထွေရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်၊ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်များ အနက် အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် မိမိပါတီမှ လွှတ်တော် ကိုယ်စားလှယ် လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ပါက နိုင်ငံရေး ပါတီအဖြစ် ဆက်လက် ရပ်တည်နိုင်ခွင့် မရှိဟု ဖေါ်ပြထားရာ အထက်လွှတ်တော်မှ 'အထွေထွေ ရွေးကောက်ပွဲ၌' စကားရပ် အစား၊ 'ရွေးကောက်ပွဲ များတွင်' ဟု ပြင်ဆင်လိုက်သည်။

ယင်းအပြင် အခန်း (၂)၊ အပိုဒ် (၁၀)၊ အပိုဒ်ခွဲ (င) တွင် ပါရှိသည့် ပါတီဝင်များသည် ထောင်ဒဏ်ကျခံနေရသူများ မဖြစ်စေရဟု ကန့်သတ်ထားသည့် အချက်ကိုလည်း ပယ်ဖျက်ထားကြောင်း သိရသည်။

No comments: