Friday, October 21, 2011

လွတ်လာသူများ နိုင်ငံရေးဆက်လုပ်ရန် NLD တိုက်တွန်း

မြတ်မိုး on October 21, 2011

ယုံကြည်ချက်ကြောင့် ထိန်းသိမ်းခံခဲ့ရပြီး မကြာသေးမီက ပြန်လည် လွတ်မြောက်လာသူများကို နိုင်ငံရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များက ယနေ့ တိုက်တွန်းလိုက်သည်။

ပြန်လည်လွတ်မြောက်လာသူ တရာခန့်နှင့် ရန်ကုန်မြို့ NLD ရုံးချုပ်တွင် တွေ့ဆုံစဉ် NLD ခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်း စုကြည်၊ ဦးတင်ဦးက ထိုသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“ရှေ့က ဦးတင်ဦးကတော့ ကြိုဆိုပြီးသွားပြီ ဆိုတော့ နိုင်ငံရေးပြန်လုပ်ဖို့နဲ့ ကျွန်မက ကြိုဆိုချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထောင် အသီး သီးမှ ပြန်လည် လွတ်မြောက် လာသူ များအား ဂုဏ်ပြု ပွဲသို့ တက်ရောက် လာသူ များထဲတွင် ကာလ ကြာရှည်စွာ ထိန်းသိမ်း ခံခဲ့ရသည့် လူရွှင်တော် ဇာဂနာ၊ မစုစုနွေး စသည့် ထင်ရှား သူများ လည်း ပါဝင်သည်။

“နိုင်ငံရေးလုပ်လို့ ထောင်ကျတယ်ဆိုတဲ့ အစဉ်အလာ ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ထွန်းနေတယ်၊ နိုင်ငံရေးလုပ်တိုင်း ထောင် မကျတဲ့ အစဉ်အလာ ကျနော်တို့ တည်ဆောက်သွားမယ်” ဟု မကြာသေးမီက မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ ဇာဂနာက ပြောသည်။

ပြန်လည်လွတ်မြောက်လာသူ အများအပြားကလည်း ၎င်းတို့ ယုံကြည်ချက်များအတိုင်း ဒီမိုကရေစီ ရရှိရေးအတွက် ဆက်လက် ဆောင်ရွက်သွားကြမည်ဟု ဆိုသည်။

“မလွတ်မြောက်သေးတဲ့ နိုင်ငံရေးသမားတွေအတွက် ကျွန်မတို့ ဆက်လက် လုပ်ဆောင်သွားမယ်၊ နိုင်ငံရေးကို ဆက်လက် လုပ်ကိုင်မှာပါ” ဟု ခန္တီးအကျဉ်းထောင်မှ လွတ်မြောက်လာသော မစုစုနွေးက ပြောသည်။

“လွတ်မြောက်လာကြသည့် နိုင်ငံရေးရဲဘော်ရဲဘက်များ အားလုံးကို လှိုက်လှဲစွာ ကြိုဆို ဂုဏ်ပြုပါသည်” ဟူသော စာတန်းကို NLD ရုံးချုပ်ရှိ အခမ်းအနားတွင် ထင်ထင်ရှားရှား ရေးသားချိတ်ဆွဲထားသည်။

NLD က ပြန်လည်လွတ်မြောက်လာသူများကို ထောက်ပံ့ကြေး ပေးအပ်ခဲ့သည်။

လူရွှင်တော် ဇာဂနာကလည်း ယုံကြည်ချက်ကြောင့် အကျဉ်းထောင်အသီးသီးတွင် ထိန်းသိမ်းခံနေရသူများကို သွားရောက် ကူညီထောက်ပံ့ရန် စတင် ဆောင်ရွက်နေကြောင်း သိရသည်။ သူ၏ အစီအစဉ်အတွက် ထင်ရှားသည့် အနုပညာရှင် အများအပြားကို စည်းရုံးထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် အကျဉ်းသား ခြောက်ထောင်ကျော်တွင် ယုံကြည်ချက်ကြောင့် ထိန်းသိမ်းခံခဲ့ရသူ အရေအတွက် နှစ်ရာကျော် ပါဝင်ကြောင်း သိရသည်။

အစိုးရက ပြန်လွှတ်ပေးသူများထဲတွင် ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပါဝင်ခြင်း မရှိပေ။

No comments: