Monday, December 12, 2011

လောပိတရေအားလျှပ်စစ်စက်ရုံ ပြန်လည်မွမ်းမံပါက ကရင်နီလူထုအရေးကို ဂျပန်အစိုးရမှ ဖိအားပေးဆောင်ရွက်စေလို

နှောင်းလှိုင်

ကရင်နီပြည်နယ်ရှိ လောပိတအမှတ်-၂ ရေအားလျှပ်စစ်စက်ရုံကို ပြန်လည်မွမ်းမံပါက စက်ရုံအနီးတ၀ိုက်တွင် နေထိုင်သည့် ကရင် နီပြည် သူများ၏ အကျိုးဖြစ်ထွန်းမှုလုံလောက်စွာ ရရှိခံစားနိုင်စေရန်အတွက် ဂျပန် အစိုးရမှ မြန်မာ အစိုးရအား တွန်းအား ဆောင်ရွက် ပေးသွားရန် လိုအပ်သည်ဟု KNPP က ဆိုသည်။

“အထူးသဖြင့် ဒီဒေသတ၀ိုက်မှာနေထိုင်တဲ့ လူထုတွေဟာ စက်ရုံတည်ဆောက်တုန်းက အဓိက ဆိုးကျိုးခံခဲ့ရတဲ့လူတွေဖြစ်တယ်။ ထွက်လာတဲ့ရလဒ်ကလည်းပဲ သူတို့က အဓိက ခံစားရမယ့်လူ ဖြစ်သင့်တာပေါ့။ ဒါပေမယ့် အဲသလို မဟုတ်ဘူးဗျ။ ကျနော်တို့ ကရင်နီပြည်သူတရပ်လုံးကလည်းပဲ မီးအလုံအလောက်ရတဲ့ အဆင့်မှာ မရှိဘူးဆိုတော့ ကျနော်တို့ အကျိုးခံစားခွင့်ဟာ ဒေသခံတွေမှာ ဘာမှ မရှိဘူး ဆိုတာကို ဂျပန်အစိုးရကိုပြန်ပြီး စဉ်းစားစေချင်တယ်” ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP မှ အတွင်းရေးမှူး-၁ ခူဦးရယ်က ပြောသည်။

လွန်ခဲ့သည့် ၂၀၀၃-၄၊ ၂၀၀၆ ခုနှစ်များက ဂျပန်အစိုးရမှ လူမှုရေးစာနာထောက်ထားသည့် အကူအညီဖြင့် လောပိတရေအားလျှပ်စစ် စက်ရုံကို ပြန်လည်မွမ်းမံခဲ့ပြီးဖြစ်သော်လည်း ယခုအခါတွင် စက်ရုံတခုလုံးအား ပြန်လည်မွမ်းမံရန် လိုအပ်နေပြီဖြစ်သည်။ သို့သော် ယခုတခါ ဂျပန်အစိုးရအနေဖြင့် လောပိတရေအားလျှပ်စစ်အား ပင်လယ်ရပ်ခြားဖွံ့ဖြိုးရေးအကူအညီ - Oversea Development Assistance အထောက်အပံ့ဖြင့် ပြန်လည်မွမ်းမံရန် ထောက်ပံ့ကူညီသွားမည်ဆိုပါက အကျိုးခံစားခွင့်ရှိသူများအရေးကို ထည့်သွင်းစဉ်းစားပေးရန် လိုသည်ဟု ဆိုသည်။

“စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ဦးစွာ ခံစားရမည့်သူများ ဖြစ်သကဲ့သို့ အကျိုးရလဒ်ကို ဦးစားပေးစံစားရမည့်သူများ ဖြစ်သည်ကို ဂျပန်အစိုးရနှင့် ဗမာအစိုးရတို့အနေဖြင့် သိရှိထားသင့်ပြီး ကူညီပံ့ပိုးမှုကို အလေးပေးစဉ်းစားပေးသင့်ပါကြောင်း မိမိတို့မှ အလေးအနက်ထား တောင်းဆိုအပ်ပါသည်” ဟု KNPP မှ ဒီဇင်ဘာလ ၆ ရက်နေ့ဖြင့် ထုတ်ပြန်လိုက်သော ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ဂျပန်အစိုးရမှ လောပိတရေအားလျှပ်စစ်စက်ရုံအား ပြန်လည်ပြုပြင်မွမ်းမံသွားမည့် လုပ်ငန်းစဉ်ကို မကန့်ကွက်သော်လည်း ရရှိလာသည့် အကျိုးကျေးဇူးများကို ကရင်နီပြည်သူများအနေနှင့် မျှဝေခံစားခွင့်ရရှိရန် မြန်မာအစိုးရကို ဖိအားပေးသည့်သဘောသာဖြစ်သည်ဟု ပြောသည်။

လောပိတ ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းစတင်တည်ဆောက်ခဲ့စဉ်က ဒေသခံကရင်နီပြည်သူ ၁၂၀၀၀ ကျော်တို့သည် မိမိတို့ နေရပ် ရင်းမှ အတင်း အဓမ္မ ပြောင်းရွှေ့ ခြင်း ခံခဲ့ကြ ရသည်။ မြန်မာ အစိုးရမှ စီမံကိန်းလုံခြုံရေးကို အကြောင်းပြချက်ဖြင့် တပ်အင်အားများ တိုးချဲ့ချထားခဲ့ပြီး ရေအားလျှပ်စစ်စက်ရုံနှင့် မြန်မာပြည်သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓါတ်အားတာဝါတိုင်များ၏ လုံခြုံရေးတို့အတွက် မြေမြှုပ်မိုင်း အလုံးပေါင်း ၁၈၀၀၀ ခန့် ထောင်ထားခဲ့သည်ဟု နိုဝင်ဘာလ-၂ ရက်နေ့က ကရင်နီဖွံ့ဖြိုးတိုးတက်ရေး သုတေသနအဖွဲ့ KDRG မှ ထုတ်ပြန်လိုက်သည့် ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

“ဒီနေ့အထိ လောပိတ အနီးတ၀ိုက်မှာ မြေမြုပ်မိုင်းတွေ ရှိနေတုန်းပါပဲ” ဟု KDRG တာဝန်ခံ ခူတော်ရယ်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့က ဂျပန်အစိုးရနှင့် မြန်မာအစိုးရတို့၏ နှစ်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံခဲ့ကြစဉ်က ကရင်နီပြည်နယ် လောပိတအရပ်တွင် တည်ဆောက်ထားသည့် အဆိုပါ ရေအားလျှပ်စစ်စက်ရုံအား အိုဒီအေ အကူအညီဖြင့် ပြန်လည် ပြုပြင်တည်ဆောက်ရန် သဘောတူခဲ့ကြသည်။

မြန်မာပြည်၏ ဆိုးဝါးလှသော လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်နေခဲ့သည့်အတွက် ဂျပန်အစိုးရမှ မြန်မာပြည်အား ပေးနေသည့် အိုဒီအေအထောက်အပံ့ကို ၁၂နှစ်ခန့် ရပ်တန့်ထားပြီးမှ ယခုတခါ ပြန်လည်ပေးသွားရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

လောပိတ ရေအားလျှပ်စစ် စက်ရုံကို ၁၉၆၀ ခုနှစ်အနှောင်းပိုင်းတွင် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်အပေါ် တင်ရှိနေသည့် စစ်လျော် ကြေးဖြင့် ဂျပန် အစိုးရ၏ အကူ အညီနှင့် စတင် တည်ဆောက် လုပ်ခဲ့ခြင်း ဖြစ်ပြီး ၁၆၈ မီဂါဝပ်ရှိ လျှပ်စစ် ဓါတ်အားကို ထုတ်လုပ်ပေး လျက်ရှိ သည်။

ကရင်နီပြည်နယ်တွင် လောပိတ ရေအားလျှပ်စစ် စက်ရုံ အမှတ်-၁နှင့် အမှတ်-၂ ဟူ၍ရှိသော်လည်း အဆိုပါစက်ရုံမှ ထွက်ရှိသော လျှပ်စစ် ဓါတ်အား အများစုကို မြန်မာ ပြည်ရှိ ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပြင် အစိုးရလုပ်ငန်း စက်မှုဇုံ နယ်များတွင်သာ အဓိက ပို့ဆောင် အသုံးပြု နေပြီး ဒေသခံ ကရင်နီပြည်သူ ၈၀ ရာခိုင် နှုန်းမှာ ယနေ့တိုင် လျှပ်စစ်မီးများ ရရှိခံစား ရခြင်း မရှိကြ သေးကြောင်း သိရသည်။



No comments: