Thursday, December 8, 2011

၁၁ ကြိမ်မြောက် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကျင်းပ

သျှမ်းသံတော်ဆင့်

ဒီဇင်ဘာ လ ၈ ရက် နေ့မှ ၁၀ ရက်နေ့ အထိ ၃ ရက်တာ ပြသမည့် ၁၁ ကြိမ်မြောက် တရုတ် - မြန်မာ နယ်စပ် ကုန်သွယ် ရေး ကုန်စည်ပြ ပွဲကို တရုတ် ဘက်ခြမ်း ကျယ်ဂေါဝ်မြို့ နိုင်ငံ တကာ ကုန်သွယ်ရေး စင်တာ၌ ယနေ့ နံနက် တရုတ် စံတော် ချိန် ၉ နာရီခွဲ ခန့်တွင် စတင် ဖွင့်လှစ် ပြသ နေသည်။

မြန်မာ နိုင်ငံ ဘက်မှ စီးပွား ကူးသန်း ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဒေါက်တာ ပွင့်စန်းနှင့် ယူနန်ပြည်နယ် တယ်ဟုန်တိုင်း နိုင်ငံ ရေး အတိုင် ပင်ခံ ဥက္ကဋ္ဌ တို့က ယခု ကုန်စည်ပြပွဲ သို့ ဦးဆောင် တက်ရောက်ကာ အခမ်း အနားကို ဖဲကြိုး ဖြတ်ဖွင့်လှစ် ခဲ့ခြင်း ဖြစ် သည်။

နှစ်နိုင်ငံ ပြသသည့် ကုန်စည်ပြ ခန်းပေါင်း ၂၀၀ ကျော်ခန့် ရှိသည့် အနက် မြန်မာ ပြခန်း ၅၀ ခန့် ပါဝင်ပြီး အများစု မှာ တရုတ် ဘက်မှ ပြခန်း များဖြစ်သည်။

မြန်မာပြ ခန်းများတွင် ပဲမျိုးစုံ၊ ရာဘာ၊ စားသောက် ကုန်များ၊ လက်မှု အနုပညာ ပစ္စည်းများ၊ ပရိဘောဂများ၊ ရေထွက် ပစ္စည်း များနှင့် တိုင်းရင်း ဆေးများ ပြသ ထားပြီး တရုတ်ပြ ခန်းများတွင် စက်မှု ထုတ်ကုန်များ၊ ပရိဘောဂ ပစ္စည်းများ၊ အဝတ် အထည်များ ၊ လျှပ်စစ် ပစ္စည်း များနှင့် လူသုံး အိမ်သုံး ပစ္စည်း အမျိုး အမည် များစွာ ခင်းကျင်း ပြသ ထားသည်။

၎င်းအပြင် အဆိုပါ ပြခန်းဝန်းအတွင်း၌ ရွှေလီရောက် မြန်မာကုန်သယ်များ၏ ကျောက်မျက်ရတနာများ အပါအဝင် တရုတ်ဘက်မှ စက်မှုပစ္စည်းများ၊ လယ်ထွန်စက်များ၊ မြေထိုးစက်များ၊ ဝန်ချီစက်များ၊စားသောက် ကုန်ပစ္စည်းမျိုးစုံများ ခင်းကျင်းပြသထားသည်။

တရုတ် - မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု နှစ်စဉ်တိုးတက်နေရာ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ် ၇ လတာကာလ အတွင်း တရုတ် - မြန်မာကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံရှိသည့် အနက် ထက်ဝက်ကျော်မှာ နယ်စပ်ကုန် သွယ်မှုမှ ရရှိသည့် ၀င်ငွေဖြစ်ကြောင်း မြန်မာဒုဝန်ကြီးက ဖွင့်ပွဲမိန့်ခွန်းတွင် ထည့်သွင်းပြော ကြားသည်ဟု ၎င်းအခမ်း အနား တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

“မိန့်ခွန်းပြောတဲ့အထဲမှာ တရုတ်ဘက်က ကိန်းဂဏန်းတွေ မပြောသွားဘူး မြန်မာဒုဝန်ကြီးပြောတာက ၂၀၁၀ - ၂၀၁၁ ဘဏ္ဍာရေးနှစ်အတွင်းမှာ ကုန်သွယ်မှု ပမာဏ ၂ ဘီလျံရှိတယ် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ် အခု ၇ လတာကာလမှာ ဒေါ်လာ ၁.၄ ဘီလျံရှိတယ်လို့ ပြောတယ် ” ဟု သူက ဆိုသည်။

၂၀၀၁ ခုနှစ်မှစ၍ အဆိုပါကုန်စည်ပြပွဲကို တရုတ်နှင့်မြန်မာ နယ်စပ်မြို့များဖြစ်သော ကျယ်ဂေါင် နှင့် မူစယ်မြို့များ တွင် တလှည့်စီ ကျင်းပလာရာ ယခု ၁၁ ကြိမ်မြောက်ပြပွဲကို တရုတ်ခြမ်း ကျယ်ဂေါဝ်မြို့၌ ကျင်းပခြင်းဖြစ်သည်။

No comments: