ပီတာအောင်
မြန်မာ နိုင်ငံ နေပြည်တော် မှာကျင်းပတဲ့ ဂျီအမ် အက်စ်ခေါ် မဟာ မဲခေါင် ဒေသခွဲ နိုင်ငံတွေရဲ့ ထိပ်သီး အစည်းအဝေး မနေ့က ပြီးစီး သွားပြီဖြစ်ပြီး အရေး ပါတဲ့ သဘောတူ ညီချက် ၃ ခု လက်မှတ် ရေးထိုး နိုင်ခဲ့ ပါတယ်။
သဘောတူညီချက်တွေကတော့ လူတွေရွှေ့ပြောင်းသွားလာမှုကြောင့် ဖြစ်ရတဲ့ အိပ်ခ်ျအိုင်ဗွီကူးစက်မှုလျှော့ချရေးဆိုင်ရာ သဘောတူ ညီချက်၊ သတင်းအချက်အလက်အမြန်ဆက်ကြောင်း ကွန်ရက်တည်ဆောက်မှု ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သဘောတူညီချက်နဲ့ သယ်ယူပို့ဆောင်သူများအသင်း ဖွဲ့စည်းခြင်းဆိုင်ရာ သဘောတူညီချက်တွေပဲဖြစ်ပါတယ်။
အိပ်ခ်ျအိုင်ဗွီဆိုင်ရာ သဘောတူညီချက်ကတော့ မဲခေါင်ဒေသနိုင်ငံတွေက ရွှေ့ပြောင်းသွားလာသူတွေအကြား ရောဂါကူးစက်မှုလျှော့ချရေး၊ ကာကွယ်တားဆီးရေး၊ ကုသရေးနဲ့ စောင့်ရှောက်ကူညီပံ့ပိုးပေးမှုတို့တိုးမြှင့်ဆောင်ရွက်ဖို့ရည်ရွယ်ပါတယ်။
သတင်းအချက်အလက် အမြန်ဆက်ကြောင်းကွန်ရက်ဆိုင်ရာ သဘောတူညီချက်ကတော့ အသံ သတင်းအချက်အလက်နဲ့ အင်တာနက်ကို အသုံးပြုပြီး ဖွံ့ဖြိုးရေးစီမံကိန်း ကျေးလက်ဒေသ ပညာသင်ကြားရေး ကျန်းမာရေးနဲ့ အခြားဝန်ဆောင်မှု ကိစ္စတွေဆောင်ရွက်ရာမှာ ပိုမို လွယ်ကူစေဖို့ရည်ရွယ်တာဖြစ်ပါတယ်။
မဲခေါင်ဒေသ ၆ နိုင်ငံ သယ်ယူပို့ဆောင်သူများအသင်းဖွဲ့စည်းရခြင်းနဲ့ပတ်သက်ပြီး ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကိုတော့ အစည်းအဝေးမှာ ပါဝင်တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးအောင်ခင်မြင့်က ခုလိုပြောပါတယ်။
“ကျနော်တို့ရဲ့ သယ်ယူပို့ဆောင်ရေးမှာ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရာမှာ ကုန်ကားတွေကို တနိုင်ငံနဲ့ တနိုင်ငံ ဖြတ်သန်းမောင်းနှင်ဖို့ အတွက်ကို လျင်လျင်မြန်မြန် လွယ်လွယ်ကူကူ မောင်းနှင်လို့ ရအောင်လို့၊ အဲဒီလိုမောင်းနှင်နိုင်ခြင်းအားဖြင့် ကုန်စည်ကူးသန်းမှုတွေ ပိုပြီးတော့ လွယ်ကူလျင်မြန်လာပြီးတော့ ကုန်သွယ်မှု တွေ တိုးတက်မယ်လို့ သူတို့က ယူဆတာပေါ့နော်။
“ဘာပဲပြောပြော နယ်စပ်ဖြတ်ကျော်တဲ့နေရာမှာ နိုင်ငံ တနိုင်ငံနဲ့ တနိုင်ငံ ဖြတ်ကျော်ပြီးတော့ ကုန်စည်ဖြတ်ကျော်ပြီး သွားဖို့အတွက်ကို အထူးသဖြင့် မော်တော်ကားနဲ့ပေါ့နော် နယ်စပ်ဖြတ်ကျော် သွားတယ်ဆိုရင် နယ်စပ်တွေမှာ အမြဲတမ်း ကြန့်ကြာတတ်တယ်ခင်ဗျ။ နှစ်ဖက် အကောက်ခွန်။ တဘက်ကစစ် ဟိုဘက်ကစစ်၊ တဖက်အဝင်အထွက်ရဲ့ သွင်းကုန်ထုတ်ကုန်နည်းလမ်းတွေကလည်း ညှိနှိုင်းရနဲ့ အဲဒီလို ကြာတဲ့အတွက် ကျနော်တို့က ကုန်စည်တွေကို မြန်မြန်ဆန်ဆန် မကူးပြောင်းဆက်သွယ်နိုင်ဘူးလို့ သူတို့က ယူဆတာလေ။ အဲဒီတော့ အဲဒါကိုသာ အကယ်၍ ကျနော်တို့က တနိုင်ငံနဲ့ တနိုင်ငံ ၂ နိုင်ငံတည်းဖြစ်ပါစေ ညှိနှိုင်းဆောင်ရွက် နိုင်မယ်ဆိုရင် နယ်စပ်မှာ ကုန်ကားတွေက လွယ်လွယ်ကူကူ ဖြတ်ကျော်သွားနိုင်တဲ့အတွက် ကုန်စည်ကူးသန်းမှု မြန်ဆန်လိမ့်မယ်လို့ပဲ ကျနော်က ယူဆပါတယ်ခင်ဗျ။”
ထိပ်သီးအစည်းအဝေးကို နေပြည်တော်မှာ ဒီဇင်ဘာ ၁၉နဲ့ ၂ဝရက်တွေမှာ ကျင်းပရာမှာ မြန်မာသမ္မတ ဦးသိန်းစိန် တက်ရောက်ပြီး ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့က ဝန်ကြီးချုပ်တွေနဲ့ တရုတ်နိုင်ငံတော် ကောင်စီဝင်အဆင့် ပုဂ္ဂိုလ်တဦး တက်ရောက်ခဲ့ကြပါတယ်။
No comments:
Post a Comment