နော်နိုရင်း
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့ဝင်တချို့နဲ့ အစိုးရကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့တို့ ဒီနေ့ မနက်ပိုင်း မဲဆောက်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
ကေအန်ယူအနေနဲ့ လာမယ့် ဇန်နဝါရီလ ဒုတိယအပတ်မှာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးဆွေးနွေးဖို့ ဘားအံမြို့ကိုသွားရောက်မှာဖြစ်ပြီး အဲဒီကိစ္စနဲ့ပတ်သက်ပြီး အလွတ်သဘော ထပ်မံတွေ့ဆုံတာလို့ ကေအန်ယူငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအတွင်းရေးမှူး ပဒိုစောဒေးဗစ်ထောက ပြောပါတယ်။
မနက် ၉ နာရီကနေ ၁၁ နာရီခွဲအထိ တွေ့ဆုံပွဲမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမယ့်ရက်ကို ဇန်ဝါရီ ၁၂ ရက်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး အခြား အလွတ်သဘာဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ပဒိုစောဒေးဗစ်ထောက အခုလို ပြောပါတယ်။
အပစ်ခတ်ရပ်စဲရေး ကိစ္စဖြစ်တော့ တချို့ တပ်ကိစ္စတွေကိုလည်း ကျနော်တို့ ပြောဖြစ်ပါတယ်။ အဲဒါကျတော့ အတည်ပြုချက်တော့ မဟုတ်ပေမယ့် တဦးနဲ့တဦး သိထားဖို့အတွက်တော့ ကျနော်တို့ အလွတ်သဘောမှာ ဆွေးနွေးပြောဆိုတာတွေ ရှိပါတယ်။ အပစ်ခတ်ရပ်စဲရေး ဖြစ်နိုင်ဖို့၊ နောက်ပြီးတော့ ဆက်သွယ်ရေးရုံးတွေ ထားရှိနိုင်ဖို့ ဆိုတဲ့ဟာကတော့ ပါတာပေါ့ဗျာ။ ဒါပေမယ့် အပစ်ခတ်ရပ်စဲရေးကို ကျနော်တို့ သွားတဲ့အခါမှာ သိပ်ပြီးတော့လည်း မလောဖို့ပေါ့နော်။ နောက်တခုကလည်း သိပ်ပြီးတော့လည်း မနှေးကြဖို့ပေါ့။”
ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ တွေ့ဆုံမှုဟာ တတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံမှုအပြီး နိုဝင်ဘာလ ၈ ရက်ကနေ ၁၁ ရက်နေ့အထိ ကေအန်ယူက အရေးပေါ် အစည်းအဝေးတခု ပြုလုပ်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးဖို့ အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။
ဇန်နဝါရီလ ၁၂ ရက် အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုမှာ အကောင်းဆုံး ရလဒ်တွေထွက်လာမယ်လို့ ယူဆကြောင်းလည်း ပဒိုဒေးဗစ်ထောက ပြောပါတယ်။
“နှစ်ဖက်သဘောကတော့ ဒီအပစ်အခတ်ရပ်စဲရေးက ငြိမ်းချမ်းရေးကို သွားမယ့် ပထမ လှေကားပေါ့လေ။ အုတ်မြစ် ဖြစ်တဲ့အတွက်သေသေချာချာ တယောက်နဲ့တယောက် ဆွေးနွေးပြောဆိုပြီးတော့ လက်မှတ်ထိုးနိုင်တဲ့အဆင့်ကိုတော့ ရောက်မယ်လို့တော့ ကျနော်တို့တော့ ယုံပါတယ်။ မထိုးဖြစ်သေးတောင်မှ နားလည်မှု အများကြီး ရနိုင်ဖို့အတွက် ကျနော်တို့ ပြောဆိုကြမယ်လို့လည်း ရည်ရွယ်ထားပါတယ်။
ငြိမ်းချမ်းရေးကို နှစ်ဖက်စလုံးက မြတ်နိုးတယ်၊ နောက် လိုလည်း လိုလားကြတဲ့အချိန်မှာ တယောက်နဲ့တယောက် နားလည်မှု ယုံကြည်မှုတွေ များများ တည်ဆောက်နိုင်ရင် ငြိမ်းချမ်းရေးက အကောင်အထည်ပေါ်လာမယ်လို့ပဲ ကျနော်တို့ ယုံပါတယ်။ တရားဝင် နိုင်ငံတော်အစိုးရက ဖိတ်ခေါ်ထားတဲ့အပေါ်မှာ ကျနော်တို့က သွားပြီးတော့ တွေ့ဆုံပြောဆိုမှာ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ကလည်း ကောင်းတဲ့အလားလာကိုပဲ ကျနော်တို့က မျှော်လင့်ပါတယ်လို့ ပြောချင်ပါတယ်။”
No comments:
Post a Comment