ကရင်နီ ပြည် ဖရူ ဆိုမြို့ နယ်တွင် မြန်မာ အစိုးရ တပ်မှ စစ်သင် တန်းကွင်း တည်ဆောက် နေ၍ ဒေသခံ ရွာသား များက တောင်ယာသို့ အလုပ် သွားလျှင် သွားခွင့် လက်မှတ်ကို တစောင် ၁၀၀၀ ကျပ်ဖြင့် အစိုးရ တပ်ထံ ၀ယ်ယူကြ ရသည်။ အစိုးရ တပ်သည် ဖရူဆိုမြို့ နယ် မာခ ရိုရှေး၊ လောဂျာနှင့် ဒေါလောခူ ကျေးရွာတို့ အကြား တွင် အမှတ် ၁၄ တပ်မတော် တန်းမြင့် စစ်လေ့ ကျင့်ရေး ကွင်းကို တည်ဆောက် နေပြီး လုံခြုံရေး အတွက် စိုးရိမ် သောကြောင့် ထိုဒေသရှိ ကျေးရွာ များမှ ရွာသား များအား ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့မှ စ၍ တောင်ယာ သွားခွင့် လက်မှတ် ပြုလုပ်ခိုင်း ခြင်း ဖြစ်သည်ဟု ကရင်နီ ပြည်ထဲရေး ဌာနမှ ဒု-တာဝန်ခံ ဗားမား နိုင်က ပြောသည်။
၎င်းက “ကရင်နီ တပ်တွေက အဲဒီ ဂွင်မှာ သွားလာ လှုပ်ရှား နိုင်တယ်ပေါ့။ သင်တန်းကွင်း ဆောက်ဖို့ အတွက် စက်တွေကို ကရင်နီ တပ်တို့က ၀င်ခွဲ မှာကို စိုးရိမ် တယ်ပေါ့။ နောက်ပြီး သူတို့ (စစ်တပ်) ကိုယ်တိုင် လုံခြုံရေး အတွက်လည်း လိုတယ်ပေါ့။ အဲလိုမျိုး လိုတဲ့ အတွက် ပြဿနာ တခုခု ဖြစ်ရင် ဘယ်သူက တောင်ယာ သွားလဲ ဆိုတာ သူတို့ သိမှာပေါ့။ ပြဿနာ ဆိုတာက တိုက်ပွဲတို့ တခုခု ဖြစ်လာ ရင် အနီး စပ်ဆုံး တောင်ယာ ခင်း ရှိတဲ့ တောင်ယာ ပိုင်ရှင်လား၊ သွားလာ လှုပ်ရှား တဲ့ လူလား သူတို့ ဖမ်းဆီး ချုပ်နှောင် နိုင်တယ်ပေါ့” ဟု ပြောသည်။
ရွာသားများသည် တောင်ယာ သွားခွင့် လက်မှတ်ကို မာခရိုရှေး ကျေးရွာ၌ အခြေစိုက်ထားသော အစိုးရတပ် ခြေမြန်တပ်ရင်း (ခမရ) ၄၂၈မှ တပ်ရင်း ဗိုလ်ကြီးထံ ၀ယ်ယူရပြီး လက်မှတ် တစောင်ကို တလကြာ အသုံးပြုနိုင်သည်ဟု ဗားမားနိုင်က ပြောသည်။
စစ်သင်တန်းကွင်း တည်ဆောက်ရေးအတွက် လုံခြုံရေးကို အစိုးရတပ်က မာခရိုရှေးတွင် ခမရ ၄၂၈မှ စစ်ကြောင်း တကြောင်း၊ လောဂျာတွင် ခမရ ၅၇၅မှ စစ်ကြောင်း တကြောင်းနှင့် ဒေါလောခူတွင် ခမရ ၅၃၀မှ စစ်ကြောင်း တကြောင်း ချထားလျက်ရှိသည်။
အစိုးရ စစ်တပ်များ တိုးချဲ့လာမှုကြောင့် ရွာသားများက တောင်ယာနှင့် ယာခင်းများသို့ အလုပ်အကိုင်များ သွားရောက်လုပ်ကိုင်ရန်နှင့် အခြားနေရာများသို့ လွတ်လွတ်လပ်လပ် သွားလာရန်အတွက် ကန့်သတ်မှုများ ရှိလာသည်ဟု ဖရူဆိုမြို့နယ်မှ ဒေသခံတဦးက ပြောသည်။
“အလုပ်သွားလုပ်နေတဲ့ အချိန်မှာ အရင်တုန်းကတော့ စောစောသွား ညနေစောင်းမှ ပြန်လို့ ရတယ်ပေါ့နော်။ အခုကျတော့ စောစောသွား ညနေစောင်းမှ ပြန်လာလို့ မရတော့ဘူးပေါ့နော်။ ကြောက်သွားတယ်ပေါ့။ ဘာလို့လဲဆိုတော့ သူတို့က အဲလိုစစ်ဆေးမေးမြန်းတယ်။ အကယ်၍ ညနေစောင်းမှ ပြန်လာရင် ဒါမှမဟုတ် စောစောသွားရင် အန္တရာယ် ရှိတယ်။ သူတို့က အထင်လွဲပြီး ပစ်နိုင်တယ်။ နောက်ပြီး ဖမ်းဆီးချုပ်နှောင်ခံရနိုင်တယ်” ဟု ၎င်းက ပြောသည်။
ကျေးရွာများ အနီး၌ အစိုးရတပ်များ လာရောက်အခြေစိုက်သည့်အတွက် အမျိုးသမီးများက လိင်ပိုင်းဆိုင်ရာ စော်ကားခံရမည်ကို စိုးရိမ်ရကြောင်း ဖရူဆိုမြို့နယ်မှ ဒေသခံအမျိုးသမီးတဦးက ပြောသည်။
“သူတို့ (စစ်တပ်)က ကောင်းတာ မဟုတ်ဘူး။ သားပျိုသမီးပျိုတွေ တောင်ယာ သွားတဲ့ အချိန်မှာ ဖမ်းဆီးနှိက်စက်ခံရမှာလား၊ မတော် မရား လုပ်ခံရမှာလား၊ အိမ်ပေါ်မှာ ဟိုယူဒီယူမယ်လား အမြဲပဲ စိုးရိမ်ရတယ်” ဟု သူမက ပြောသည်။
စစ်သင်တန်းကွင်း တည်ဆောက်ရန်အတွက် အစိုးရတပ် ခမရ ၅၇၅က ဖရူဆိုမြို့နယ် မာခရိုရှေး၊ လောဂျာနှင့် ဒေါလောခူ ကျေးရွာတို့ အကြားတွင် လေးမိုင် ပတ်လည်ရှိ ရွာသားများပိုင် ခြံမြေများကို ပြီးခဲ့သည့် ဇန်န၀ါရီလက နေရာ တိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး ဇူလိုင်လ တွင် မြေကွက် ဧကပေါင်း ၂၇၀၀ ခန့်ကို သိမ်းဆည်းခဲ့သည်။
ပြီးခဲ့သည့် နှစ်များကလည်း လွိုင်ကော်မြို့မြောက်ဘက်ရှိ နွားလ၀ိုး စုစည်းကျေးရွာနှင့် ရှားတောမြို့ရှိ စုစည်းကျေးရွာတို့မှ ရွာသားများ သည် တောင်ယာသို့ အလုပ်သွားလျှင် သွားခွင့် လက်မှတ်ကို အစိုးရတပ်ထံ ၀ယ်ယူကြရသည်။
No comments:
Post a Comment