နော်နိုရင်း
တောင်ဒဂုံစက်မှုဇုန်-၁ မှာ တည်ရှိတဲ့ အောင်စိန်လင်း သစ်အချောအထည်စက်ရုံမှာ ဒီကနေ့ မနက်ပိုင်းက အလုပ်သမား ၂၀ ကျော်ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြမှုနဲ့ပတ်သက်ပြီး အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ဦးကြည်လင်းကို ဆက်သွယ်မေးကြည့်ထားပါတယ်။
တောင်ဒဂုံ စက်မှုဇုန်မှာ ဆန္ဒပြတယ်ကြားလို့။ ဘယ်လိုဖြစ်တယ်ဆိုတာ ပြောပြပါဦး။
“တောင်ဒဂုံ စက်မှုဇုန်မှာ အလုပ်သမား ၂၂ ယောက်ကို အလုပ်ကနေ ရပ်စဲပစ်တယ်။ သူတို့လုပ်သက်က အနည်းဆုံး ၇ နှစ်ကနေ ၁၅ နှစ်ထိ ရှိတယ်။ သူတို့တွေကို ၅ လစာပဲပေးပြီး အလုပ်က ထုတ်ပစ်လိုက်တာ။ သူတို့လုပ်ငန်း လိုအပ်ချက်အရတဲ့။ အဲဒါကြောင့် အလုပ်သမားတွေက သူတို့ရဲ့ နစ်နာကြေး၊ ကရုဏာကြေးတွေနဲ့ သူတို့က တနှစ်ကို ၁ ထောင်ပဲပေးတာ။ နစ်နာပါတယ်ဆိုပြီး အလုပ်သမားတွေက ဆန္ဒပြ တောင်းဆိုတယ်။”
ဘယ်သူက ထုတ်တာလဲ။
“အလုပ်ရှင်က ထုတ်ပယ်တယ်။ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနနဲ့ ညှိနှိုင်းပြီးတော့ ထုတ်ပယ်တာတဲ့။”
ဒီနေ့ ဘယ်အချိန်တုန်းက ဆန္ဒပြတာလဲ။ ဆန္ဒပြမှုက ဘယ်လိုပြီးစီးသွားလဲ။
“သူတို့ မနက် ၈ နာရီခွဲက စပြီးဆန္ဒပြတယ်။ ညနေက ညှိနှိုင်းတော့ ကျနော်တို့ ရောက်သွားတယ်။ အဲဒီအချိန်ထိ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက မြို့နယ်ဦးစီး အရာရှိလာတယ်။ သမဝါယမ ဦးစီးဌာနက အရာရှိလာတယ်။ ဒါပေမယ့် သူတို့က အလုပ်သမားဘက်က မရပ်တည်ကြဘူး။ အလုပ်ရှင်ဘက်က တဖက်သတ် ရပ်တည်ပြီးတော့ မကျေနပ်လျှင် ကြိုက်တဲ့နေရာ တိုင်နိုင်တယ်လို့ ပြောတယ်။”
အခုညနေပိုင်းအထိ ဘယ်လိုဆက်ဖြစ်သေးလဲ။
“ကျနော်ပြန်လာတဲ့ ၃ နာရီအချိန်ထိတော့ တိုင်းဦးစီး အရာရှိနဲ့ တိုင်းရုံးကနေ လာညှိမယ်လို့ ပြောတယ်။ ကျနော်တို့လည်း အာဏာပိုင်တို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ အိုင်အယ်လ်အို တို့ကို သတင်းပို့ပါတယ်။”
အလုပ်သမားတွေက ဘယ်လိုပုံစံနဲ့ ဆန္ဒပြတာလဲ။ အော်ပြီးဆန္ဒပြတာလား။
“အလုပ်သမားတွေက ငြိမ်းချမ်းစွာ ဆန္ဒပြတာပါ။ သူတို့အလုပ်ရုံထဲလာတယ် အလုပ် မလုပ်ဘူး။ ငြိမ်းချမ်းစွာပဲ အေးအေးချမ်းချမ်းနဲ့ ထိုင်နေကြတာပါ။”
အောင်စိန်လင်းသစ်အချောထည် စက်ရုံဟာအရင်က အလုပ်သမား ၁၅၀ ဝန်းကျင်နဲ့ လည်ပတ်ခဲ့ပြီး လုပ်ငန်း မအောင်မြင်တော့တာကြောင့် အလုပ်သမားတွေကို တဖြည်းဖြည်း လျှော့ချခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ လုပ်ငန်းအား အပြီးရပ်ဆိုင်းတော့မယ်လို့ မြစ်မခသတင်းအင်ဂျင်စီမှာ ဖော်ပြထားပါတယ်။
No comments:
Post a Comment