Thursday, December 8, 2011

သတင်းသမားထောင်ချထားသည့် ကမ္ဘာအဆိုးဆုံး အစိုးရများထဲတွင် မြန်မာအစိုးရသစ်ပါဝင်

နေသွင်

သတင်း သမား တွေကို ထောင်ချတဲ့ ကမ္ဘာ့ အဆိုးဆုံး အစိုးရ တွေထဲမှာ မြန်မာ အစိုးရ သစ်လည်း ပါဝင် တယ်လို့ သတင်း သမား ကာကွယ်ရေး အဖွဲ့ (စီပီဂျေ) က သတင်း ထုတ်ပြန် ပါတယ်။

ကမ္ဘာပေါ်မှာ သတင်း သမားတွေကို ဖမ်းဆီး ထောင်ချတဲ့ အဆိုးဆုံး နိုင်ငံ ကတော့ အီရန် နိုင်ငံ ဖြစ်ပြီး သတင်း သမား ၄၂ ယောက်ကို ဖမ်းဆီးထား တယ်လို့ ဆိုပါတယ်။ အီရန် နောက်က အီရီထရီးယား၊ တရုတ်၊ မြန်မာ၊ ဗီယက်နမ်၊ ဆီးရီးယား၊ တူရကီ တို့ကလည်း အဆိုး ဆုံး နိုင်ငံ တွေထဲမှာ ပါဝင် ပါတယ်။

မြန်မာ နိုင်ငံမှာ အစိုးရ သစ်က ပြုပြင် ပြောင်းလဲ ရေးတွေ လုပ်နေ တယ်လို့ အမှတ်ပေး ကြပေမယ့် သတင်း မီဒီ ယာကို ဖိနှိပ်တဲ့ အဆိုးဆုံး နိုင်ငံ စာရင်းမှာ အဆင့် ၄ နေရာ မှာရှိပြီး အနည်းဆုံး သတင်း သမား ၁၂ ယောက်ကို ဖမ်းဆီး ထောင်ချ ထာဆဲ ပဲလို့ နယူးယောက် အခြေစိုက် စီပီဂျေ အဖွဲ့က ဆိုပါတယ်။

စီပီဂျေရဲ့ အစီရင်ခံစာအရ ဒီနှစ် ဒီဇင်ဘာ ၁ ရက်နေ့အထိ ကမ္ဘာတလွှာမှာ အကျဉ်းကျခံနေရတဲ့ သတင်းသမား ၁၇၉ ယောက်ရှိပြီး မနှစ်တုန်းကထက် ၃၄ ယောက် ပိုလာတယ်လို့ စီပီဂျေအဖွဲ့က ဆိုပါတယ်။

အဲဒီထဲမှာ အွန်လိုင်းသတင်း သမား ၈၆ ဦး၊ သတင်းစာ၊ ဂျာနယ် သတင်းသမား ၅၁ ဦးနဲ့ ကျန်တဲ့လူတွေကတော့ ရေဒီယို၊ တယ်လီ ဗေးရှင်း၊ သတင်းမှတ် တမ်းရိုက်ကူးတဲ့ သတင်းသမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ထိုင်းဗျူရိုရဲ့ တာဝန်ခံ ကိုတိုးဇော်လတ်က အခုချိန်ထိ ဒီဗွီဘီသတင်းထောက် ၁၃ ယောက် အကျဉ်းကျခံ နေရတယ်လို့ ပြောပါတယ်။

“အဓိက သူတို့ပေးချင်တဲ့ သတင်းကတော့ သတင်းထောက်တွေ ဒီဟာကို သတင်းယူတဲ့နေရာမှာ သူတို့ပေးထားတဲ့ စည်းမကျော်နဲ့ အဲဒါ ကျော်ရင်တော့ အခုလို ပြင်းထန်တဲ့ အရေးယူမှု လုပ်မယ်ဆိုပြီး ခြောက်ထားတာပေါ့နော်။ တကယ်တမ်း အခုဆိုရင် မီဒီယာ ဥပဒေ အသစ် ကို ဆွဲတာတို့၊ မီဒီယာကို ပြန်ပြီးတော့ လျှော့ပေးတာတို့၊ စာပေစိစစ်ရေးကို ပြင်မယ်ဆိုရင်တော့ စောတုန်းက ထောင်ထဲမှာ ကျနေတဲ့ သတင်းထောက်တွေကို အရင်ဆုံး ပြန်လွှတ်ပေးသင့်ပါတယ်။ ပြီးတော့မှ သူတို့ကိစ္စကိုလည်း အစောတုန်းကလိုမျိုး ပြင်းပြင်းထန်ထန် အရေး ယူမှုတွေကိုလည်း မလုပ်သင့်တော့ပါဘူး။ တကယ်တမ်း အဲဒီလို မရှိဘူးဆိုရင်တော့ ဗမာပြည်ရဲ့ သတင်းလွတ်လပ်ခွင့်က အရင် အတိုင်းပဲ ဆိုရင်တော့။ အသွင်ကူးပြောင်းတယ် ဆိုတာကို ဘယ်သူမှ ယုံမှာ မဟုတ်ဘူးပေါ့နော်။”

ရန်ကုန်မီဒီယာဂရု(ပ်) ၏ အမှုဆောင်အရာရှိချုပ် ကိုကို (စက်မှုတက္ကသိုလ်) က တော့ အစိုးရသစ်လက်ထက်မှာ အရင်ထက်စာရင် အများကြီး တိုးတက်လာတယ်လို့ ပြောပါတယ်။

“ကျနော် ခြုံပြီးပြောရမယ်ဆိုရင်တော့ အရင်ကထက်စာရင် ပိုတိုးတက်လာတယ်။ တိုးတက်မှုမရှိဘူး ဆိုတာတော့ မဟုတ်ဘူး။ သို့သော် စံနှုန်းစံထားတွေနဲ့ သွားမယ်ဆိုရင် ကျနော်တို့ လုပ်ရမှာတွေ အများကြီး ရှိနေပါသေးတယ်။ ၀န်ကြီးဌာနတွေနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်း ပါဝင်မှုကတော့ ၀န်ကြီးဌာန ၃၀ ကျော်မှာ အနည်းအကျဉ်းလောက်ပဲ ပါဝင်မှု ရှိနေပါသေးတယ်။ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ သစ်တရပ် တက်လာပြီးနောက်ပိုင်းမှာတော့ သတင်းဂျာနယ်တွေ၊ သတင်းသမားတွေကို ဖမ်းဆီးခြင်း မတွေ့ရဘူး။ အခုပြော နေတဲ့ ဟာတွေကလည်း အရင် အစိုးရအဆက်ဆက် လက်ထက်က ဖမ်းဆီးထားတာတွေ ဖြစ်ပါလိမ့်မယ်။ အခုလက်ထက်မှာ မရှိဘူး။ အရင် ကတော့ သတင်းသမားတွေ ဖမ်းခံရတာမျိုး ရှိပါလိမ့်မယ်။ သို့သော် သူတို့ကို ဘယ်လို ဥပဒေမျိုးနဲ့ အရေးယူထားတယ် ဆိုတာတော့ ကျနော်မသိဘူး။ သတင်းနဲ့ ဆက်စပ်နေတဲ့လူတွေ ဖမ်းခံထားရတာ တချို့လည်း ရှိပါတယ်။”

နယူးယောက်အခြေစိုက် သတင်းသမားကာကွယ်ရေးအဖွဲ့ (စီပီဂျေ) အဖွဲ့ဟာ ၁၉၉၀ ခုနှစ်ကတည်းက ကမ္ဘာတလွှားက သတင်း လွတ်လပ် ခွင့် အခြေ အနေ တွေကို စောင့်ကြည့် အစီရင်ခံနေတာဖြစ်ပါတယ်။

No comments: