
ရေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ဦးဆောင်သော တနှစ် အတွင်း သုံးကြိမ် မြောက် ဗမာ အဆင့်မြင့် စစ်ဘက် ကိုယ်စား လှယ် အဖွဲ့သည် ဘင်္ဂလာ ဒေခ်ျ့သို့ လည်ပတ်ရန် ယမန်နေ့ (ဒီဇင်္ဘာလ ၁၂ ရက်) က ဒက္ကားမြို့ တော်သို့ ရောက်ရှိ လာခဲ့သည်။
သူ၏ ခရီးစဉ်မှာ ချစ်ကြည်ရေး ခရီးစဉ် ဖြစ်သော်လည်း နှစ်နိုင်ငံ အကြား တည်ရှိ နေသော စစ်ရေး ဆိုင်ရာ ကိစ္စရပ် များကို သူ၏ ခရီး စဉ်တွင် အလေးပေး ဆွေးနွေး ဖွယ်ရှိကြောင်း သုံးသပ် သူများက ပြောသည်။
ဗမာ ရေတပ် ဦးစီး ချုပ်သည် ယမန်နေ့က ဘင်္ဂလာ ဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာ ဆီးနာနှင့် တွေ့ဆုံ ခဲ့ပြီး ဘင်္ဂလာ ဒေခ်ျ့ ရေတပ် ဦးစီချုပ် Z U Ahmed နှင့်လည်း တွေ့ဆုံ ခဲ့သည်။
ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းမှ ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် စစ်ရေး ဆိုင်ရာ ကိစ္စရပ်များကို သာမက စီးပွားရေး ကိစ္စရပ်များ ဖြစ်ကြသော နှစ်နိုင်ငံ လေကြောင်းပျံသန်းရေး၊ ချစ်ကြည်ရေး လမ်းဖောက်လုပ်ရေးနှင့် ရေကြောင်းလမ်း တိုးချဲ့ ပြေးဆွဲရေး စသည့် ကိစ္စရပ်များ ကိုလည်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြားတွင် နယ်စပ် တလျှောက် အကြမ်းဖက် အုပ်စုများ နှိမ်နှင်းရေး၊ မူးယစ်ဆေးဝါးနှင့် လူမှောင်ခို နှိမ်နှင်းရေး ကိစ္စရပ်များအပေါ် သဘောတူ ညီမူ ရရှိထားသည့် အပြင် နှစ်ဘက် စစ်တပ်များ အနေဖြင့် အပြန်အလှန် သင်တန်းများ ပူးပေါင်း လုပ်ဆောင်ရေး၊ စေလွှတ် ရေးနှင့် စစ်ရေးပူးပေါင်း လေ့ကျင့်ရေးများကိုလည်း အကောင်အထည် ဖေါ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ဗမာ စစ်တပ်မှ အဆင့်မြင့် အရာရှိများ တစ်ဦးပြီး တစ်ဦး ဘင်္ဂလာဒေခ်ျ့သို့ လာရောက် လည်ပတ်နေခြင်း အပေါ် မြန်မာ အရေးကို လေ့လာနေသူ ဒက္ကားမြို့မှ ဦးကျော်မြသာက ယခုလို သုံးသပ် ပြောဆိုသည်။
" ဗမာပြည်က အဆင့်မြင့် စစ်အရာရှိတွေ ခဏခဏလာနေတာက ဘင်္ဂလားနဲ့ မြန်မာ ရေပြင် နယ်နိမိတ် သတ်မှတ် ရေးကိစ္စ၊ ပြီးတော့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့ဘဇား ( ဖလောင်းချိတ်) မှာ ဘင်္ဂလာဘက်က လေတပ်စခန်း တည်ဆောက် နေတဲ့ ကိစ္စ၊ အာရှလမ်းမ ဖောက်လုပ်ရေး ကိစ္စနဲ့ အခုအချိန်ထိ မပြီးပြတ်နိုင်သေးတဲ့ မွတ်ဆလင် ဒုက္ခသည် ကိစ္စနဲ့ မွတ်ဆလင် သောင်းကျန်းသူ လက်နက်ကိုင် တပ်ဖွဲ့တွေ ခိုအောင်းနေတဲ့ ကိစ္စတွေကို ဆွေးနွေးလိုတဲ့ အတွက် ခုလို ခဏခဏ လာနေတာ ဖြစ်တယ်လို့ကျွန်တော်က သုံးသပ်ပါတယ် " ဟု ပြောသည်။
ယခုရောက်ရှိလာသည့် ကိုယ်စားလှယ်အဖွဲ့တွင် ကျောက်ဖြူ အခြေစိုက် ဓည၀တီရေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်ချုပ် တင်အောင်စန်းလည်း လိုက်ပါလာခဲ့သည်။
ယခု့ကဲ့သို့ ဓည၀တီ ရေတပ် စခန်း ဌာနချုပ်မှူးလည်း ယခု ခရီးစဉ်တွင် လိုက်ပါလာသဖြင့် နှစ်နိုင်ငံ ရေတပ် အချင်းချင်း စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများရှိနေကြောင်း သူက လေ့လာသုံးသပ်သူများက ပြောဆိုသည်။
"UNFC ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ က အနောက်ဘက်ဒေသမှာ စစ်ရေး တိုးချဲ့မဲ့ အလားအလာတွေ ရှိနေတယ်လို့ သိရတယ်။ ဒါကြောင့် ဘင်္ဂလာအစိုးရနဲ့ ရင်းနှီးမှု ယူပြီး ဒီဘက် အပိုင်းကို ထိမ်းချုပ်ဖို့ အတွက် ခုလို လုပ်တာ ဖြစ်တယ်လို့ ထင်ရပါတယ်" ဟု AIO တွင် နှစ်ပေါင်းများစွာ ဗဟို ကော်မီတီ အဖွဲ့ဝင် တစ်ဦး အဖြစ် ပါဝင် လူပ်ရှားခဲ့သူ ဦးသာသာမောင်က ပြောသည်။
ဗမာ ရေတပ်ဦးစီးချုပ် ခရီးစဉ်တွင် ဘင်္ဂလာဒေ့ခ်ျ အစိုးရမှ ဒက္ကားမြို့တွင် မြန်မာသံရုံး ဆောက်လုပ်ရန် အတွက် မြေနေရာ ပေးအပ်သွား မည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ယခု ဗမာ ရေတပ်ဦးစီးချုပ် ခရီးစဉ်မှာ ယခု နှစ်အတွင်း တတိယ အကြိမ်မြောက် မြန်မာ စစ်ဘက် ဆိုင်ရာ အဆင့်မြင့် ကိုယ် စားလှယ်အဖွဲ့ ခရီးစဉ် ဖြစ်ပြီး ယခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ဗမာ့တပ်မတော် ဒု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဦး ဆောင်သည့် ၁၄ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလာသို့ လာရောက် လည်ပတ်ခဲ့သည်။ ယခုနှစ် ဧပြီလ အတွင်းကလည်း ဗမာ့ လေတပ် ဦးစီးချုပ် မြတ်ဟိန်း ဘင်္ဂလာသို့ လာရောက် လည်ပတ်ခဲ့သည်။
No comments:
Post a Comment