Wednesday, December 14, 2011

စစ်သားအဖြစ်မှ ထွက်ခွင့်ရရေး အိုင်အယ်လ်အိုကို တိုင်ကြား

နော်နိုရင်း

စစ်တပ်က ထွက်ပြေး လာတဲ့ ကလေး စစ်သား တဦး ပြန် အဖမ်း ခံရမှ စိုးရိမ် နေရပြီး တပ်က ထွက်ခွင့် ရဖို့ အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (အိုင်အယ်အို) ကို တိုင်ကြား လိုက်ပါတယ်။

မကွေးတိုင်း မကွေးမြို့နယ် ငါးဆောင်ကျေးရွာအုပ်စု ပန်းညိုစမ်း​ ​ကျေးရွာမှာနေတဲ့​ ​မောင်နေအောင်ဟာ​ ​ပြီးခဲ့တဲ့မေလက ရွာကနေ မန္တလေးမြို့ကို အလုပ်သွားလုပ်ရင်း စစ်သားအဖြစ် စုဆောင်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာက ထွက်ပြေးတိမ်းရှောင်ပြီး တပ်ကနေ ထွက်ခွင့်ရရေးအတွက် အခုလ ၅ ရက်နေ့မှာ အိုင်အယ်လ်အိုကို တိုင်ကြား လိုက်ပါတယ်။

မောင်နေအောင်ဟာ ပြန်အဖမ်းခံရမှာကို စိုးရိမ်လို့ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မောင်နေအောင်အမှုကို ကူညီ တိုင်ကြား ပေးတဲ့ လယ်သမားနဲ့ ကလေးစစ်သားအရေးဆောင်ရွက်သူ ဦးသန်းစိုးက ပြောပါတယ်။

“တရားဝင် တပ်ထွက်လက်မှတ်ကို သူလိုချင်ပါတယ်။ ထောင်ကျမှာ စိုးတယ်ဆိုပြီး ကျနော့်ကို အကူအညီလာတောင်းတယ်။ ကြည့်ရတာ တော်တော် ကြောက်လန့်နေတယ်။ ကလေးက စိတ်ကျရောဂါဖြစ်နေတယ်။ ဘယ်ကိုမှလည်း မထွက်ရဲဘူး။ အခုတော့ တောစွန်တောဖျားမှာ ကားလမ်း၊ ရထားလမ်းနဲ့ မနီးတဲ့နေရာမှာ သူထွက်ပြေးနေရတယ်။ ကျနော့်ကိုလည်း ခဏပဲလာတွေ့တယ်။ သူ့လက်မှတ်တွေနဲ့ သူ့ဖြစ်စဉ်တွေကို မေးပြီးတော့မှ အခု အိုင်အယ်လ်အိုရုံးကို တင်ပြပါမယ်။ ကလေးရဲ့ အခက်အခဲကတော့ သူ့မိဘရပ်ထံမှာ နေရမယ်ဆိုရင် သက်ဆိုင်ရာကနေ စစ်ပြေးနဲ့ ဖမ်းမှာကိုကြောက်တယ်။ အိုင်အယ်လ်အိုကို မတိုင်ကြားရသေးခင်မှာ ကလေးစစ်သားတွေ အဖမ်းခံရတယ်ဆိုရင် ထောင်ကျတာက များတယ်။ ဒါကြောင့်မို့ ကလေးက အိုင်အယ်လ်အိုကို မတိုင်ကြားရသေးခင်မှာ ရှောင်နေတဲ့သဘောပါပဲ။”

မောင်နေအောင်ဟာ ရွာမှာ စီးပွားရေး မပြေလည်လို့ သူ့အစ်ကို ၀င်းဇော်ဌေးနဲ့အတူ မန္တလေးဘူတာရုံက ဘီယာဆိုင်တခုမှာ အလုပ်ရလို့ ညီအစ်ကိုနှစ်ဦး အလုပ်လုပ်ရင်း အစ်ကိုဖြစ်သူ ၀င်းဇော်ဌေးက ပျောက်သွားခဲ့ပါတယ်။

မောင်နေအောင် တယောက်တည်း အလုပ်လုပ်ရင်း အခုနှစ်မေလမှာ တပ်သားတယောက်က ဖမ်းပြီး အမှတ် ၂ ရွှေဘို စစ်သားစုဆောင်းရေးတပ်က ဆရာမြသိန်းဆိုသူဆီကို ပို့ပြီး တပ်ထဲအတင်းသွင်းခဲ့တာလို့ ဆိုပါတယ်။

အဲဒီ အမှတ် ၂ စုဆောင်းရေးတပ်ကနေ တဆင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ရှိ လေ့ကျင့်ရေးတပ် အမှတ်၎မှာ ပုံဆောင်ပြီး အခြေခံစစ်ပညာ ၄လခွဲ သင်ကြားခဲ့ရပါတယ်။

သင်တန်းဆင်းပြီးနောက် ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကချင်ပြည်နယ် ဟိုပင်မြို့ အခြေစိုက် ခလရ ၄၀ က လာခေါ်လို့ တခြား တပ်သားသစ် ၆၀ နဲ့ အတူလိုက်သွားရာ မန္တလေးဘူတာကြီးမှာ ခေတ္တနားခိုနေတုန်း ထွက်ပြေးလာတာလို့ မောင်နေအောင်က ပြောကြောင်း ဦးသန်းစိုးက ပြောပါတယ်။ ပျောက်သွားခဲ့တဲ့ သူ့အစ်ကို ၀င်းဇော်ဌေးကိုလည်း အမှတ် ၂ ရွှေဘို စစ်သား စုဆောင်းရေးတပ်ကပဲ ခေါ်ထားတယ်ဆိုတာ သိရပေမယ့် ဘယ်တပ်ကို ရောက်နေမှန်း မသိဘူးလို့ ဆိုပါတယ်။

မောင်နေအောင်ဟာ အသက် ၁၆နှစ်သာရှိပြီး ကိုယ်ပိုင် နံပါတ် တ-၄၅၃ ၆၀၈ ဖြစ်ပါတယ်။

မြန်မာအစိုးရက အရွယ်မရောက်သေးတဲ့ ကလေးသူငယ် စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေး ကော်မတီကို ၂၀၀၄ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့တွင် စစ်ဘက်အရာရှိများဖြင့် ဖွဲ့စည်းခဲ့ပေမယ့် ကလေးစစ်သား အဓမ္မစုဆောင်းမှုတွေ ရှိနေပြီး အိုင်အယ်လ်အိုရုံးကို တိုင်ကြားမှုတွေ တနှစ်ထက်တနှစ် မြင့်တက်နေဆဲဖြစ်ပါတယ်။

အိုင်အယ်လ်အိုနဲ့ အစိုးရ ပူပေါင်းပြီး အဓမ္မ စုဆောင်းခံရတဲ့ ကလေးစစ်သားတွေ ပြန်လွှတ်ပေးအောင် ဆောင်ရွက်ပေးပေမယ့် စုဆောင်းသူတွေကို အရေးယူဆောင်ရွက်သင့်တယ်လို့ ဦးသန်းစိုးက ဝေဖန်ပါတယ်။

“အိုင်အယ်လ်အိုကို တိုင်ကြားတယ်။ အိုင်အယ်လ်အိုနဲ့ အစိုးရနဲ့ ပူးပေါင်းပြီး ဒီကလေးတွေကို တပ်ထွက်လက်မှတ်ရအောင် လုပ်ပေးတာ ကတော့ ၀မ်းသာပါတယ်။ ပြန်ထွက်လာနိုင်တဲ့ကလေးတွေ အများကြီးရှိပါတယ်။ သို့သော်လည်း ဒီလိုကလေးစစ်သား အဓမ္မ စုဆောင်းတဲ့ တပ်မှူးတပ်သားတွေကို အရေးယူ အပြစ်ပေး ဆောင်ရွက်တာမျိုး မရှိဘဲနဲ့တော့ ကျနော်တို့ တိုင်းပြည်မှာရှိတဲ့ ကလေးတွေ၊ ကလေး မိဘ တွေ ဒုက္ခရောက်တာကတော့ တကယ်တမ်း ပြီးပြတ်အောင် ကုစားဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ပဲ ဝေဖန်ချင်ပါတယ်။”

No comments: