
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက ပြည်ပလွှမ်းမိုးမှု ရှိသော ပါတီတခုကြောင့်မြန်မာနိုင်ငံအပေါ် ပြည်ပက လွှမ်းမိုးလာမည်ကို အထူးစိုးရိမ်သည်ဟု ပြောလိုက်ကြောင်း သတင်း ရရှိသည်။
ဦးအောင်သိန်းလင်းက ရန်ကုန် အခြေစိုက် ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီနှင့် ဒီဇင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့ အင်းလျားကန် မြကျွန်းသာ စားသောက်ဆိုင် တွင် တွေ့ဆုံ၍ အထက်ပါ အတိုင်း ပြောဆို ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းနှင့် တွေ့ဆုံခဲ့သည့် နိုင်ငံရေး ပါတီ ခေါင်းဆောင် တဦးက ပြောသည်။
“သူပြောသွား တာက သူတို့က စာမဖတ်ဘူး၊ နိုင်ငံရေး အတွေ့အကြုံ မရှိဘူး၊ အထက် အမိန့်ပဲ နားထောင် တတ်တဲ့ ဗိုလ်ချုပ် ဟောင်း တွေဖြစ်တယ်၊ ညွှန်ကြားတာကိုပဲ လုပ်တတ်တယ်တဲ့၊ အဲဒီတော့ သူတို့အနေနဲ့ တခြားနိုင်ငံရေး ပါတီတွေနဲ့ ပူးပေါင်းလိုတယ်၊ လိုအပ်တဲ့ အကူအညီတွေ ပေးမယ်ပေါ့။ လောလောဆယ် မြန်မာ့ နိုင်ငံ ရေးကို ပြည်ပက လွှမ်းမိုးမှု ရှိလာမယ့် အရိပ် အရောင်တွေ မြင်နေ ရတယ်လို့လည်း ပြောတယ်” ဟု သူက ဆိုသည်။
ဦးအောင်သိန်းလင်း ပြောသည့် ပြည်ပ လွှမ်းမိုးမှု ရှိနေသော ပါတီ ဆိုသည်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ဆိုလိုခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီနှင့် တွေ့ဆုံပြီး ကမ်းလမ်း မှုများ ပြုလုပ် လာခြင်းမှာ တကျော့ပြန် နိုင်ငံရေး တွင် NLD ပါဝင် လာမှုကို တန်ပြန်သည့် သဘောဖြစ်ကြောင်း ပြည်တွင်း နိုင်ငံရေး အသိုင်း အ၀န်းက ပြောဆိုနေကြသည်။
“ကြံ့ဖွံ့ အနေနဲ့ အခု အခြေ အနေမှာ ပါတီ လှုပ်ရှားမှု မရှိ သလောက် ဖြစ်နေတယ်။ ဂျာနယ်တွေ မှာကလည်း တနေ့ တနေ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD သတင်း တွေကိုပဲ အဓိက ဦးစားပေး ကြတော့ ဦးဌေးဦးတို့၊ ဦးအောင်သိန်းလင်းတို့ ကိုယ်တိုင်စိတ်မ သက် မသာ ဖြစ်နေတယ် ဆိုတာ သူတို့ ကိုယ်တိုင် ထုတ်ဖော် ပြောခဲ့တာ မျိုးရှိတယ်။ သူတို့ အနေနဲ့ NLD သာ ရွေးကောက်ပွဲ ၀င် လာရင် ယှဉ်နိုင်ပါ့ မလား ဆိုတဲ့ စိုးရိမ်မှု ကလည်း အတော်ကြီး လာတယ်။ ဒါကြောင့် သူတို့ ဘက်မှာ ခိုင်မာအောင် မဟာ မိတ်ဖွဲ့ဖို့ ပါတီ တွေကို စပြီး တွေ့တဲ့ သဘောလို့ ထင်ပါတယ်။ NLD က ၉၀ ရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်၊ လူထုထောက် ခံခဲ့တယ်။ အခုလည်း ထောက်ခံမှု ရှိနေ တာတွေ့နေရ ဆဲပဲ” ဟု ၂၀၁၀ ပြည့်နှစ် ရွေးကောက် ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် ခဲ့သူ နိုင်ငံရေးသမား တဦးက ဆိုသည်။
ပြည်တွင်း သတင်းဂျာနယ်များတွင် ကြံ့ဖွံ့ပါတီနှင့် ဒီမိုကရေစီမိတ်ဆွေပါတီများ ပူးပေါင်းမည်ဆိုသော ဦးအောင်သိန်းလင်း၏ အဆိုကို ကိုးကား ရေးသားခဲ့သော်လည်း အဆိုပါသတင်းများ မမှန်ကြောင်း၊ အလွတ်သဘော တွေ့ဆုံခြင်းသာ ဖြစ်ကြောင်း ဒီမိုကရေစီ ပါတီများက သတင်းစာ ရှင်းလင်းပွဲ ကျင်းပ၍ ပြန်လည် ရှင်းလင်း ခဲ့ကြရသည်။
ကြံ့ဖွံ့ပါတီက လာမည့်ရွေးကောက်ပွဲများတွင် တခြားသော အင်အားနည်း ပါတီများကို ငွေကြေးအရ ကူညီခြင်းများ ရှိလာနိုင်ပြီး တရားဝင် မဟာမိတ်ပုံစံဖြင့် NLD ပါတီကို ယှဉ်ပြိုင်လာနိုင်ကြောင်း သုံးသပ်မှုများကလည်း နိုင်ငံရး အသိုင်းအ၀န်းတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လျက် ရှိသည်။
“တချို့ပါတီတွေ ဘက်က ရုံးတွေဖွင့်ဖို့ နေရာ အကူအညီတောင်းတာမျိုး၊ ကားသွင်းခွင့်ရဖို့ တောင်းတာမျိုး တွေလည်း ရှိနေတယ်လို့ သိရပါတယ်။ နောက်ပိုင်း ရွေးကောက်ပွဲမှာ ပြိုင်ဖို့ ငွေရေးကြေးရေး ကူညီတာမျိုးလည်း လုပ်လာနိုင်ပါတယ်။ အင်အားနည်းတဲ့ ပါတီတွေနဲ့ ကြံ့ဖွံ့ပါတီက တရားဝင်မဟာမိတ်ဖွဲ့တာမျိုး လုပ်နိုင်ပါတယ်” ဟု ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီအဖွဲ့ဝင် နိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူ တဦးက ဆိုသည်။
ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီတွင် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ မွန်ဒေသ လုံးဆိုင်ရာ ဒိမိုကရက် တစ်ပါတီ၊ ဒီမို ကရက်တစ် ပါတီ (မြန်မာ)၊ ပြည်ထောင်စု ဒီမို ကရေစီ ပါတီ၊ ညီညွှတ်ရေးနှင့် ငြိမ်းချမ်း ရေး ပါတီ၊ ဒီမိုက ရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ ချင်း အမျိုးသား ပါတီ၊ ရှမ်း တိုင်းရင်း သားများ ဒီမို ကရက်တစ် ပါတီ၊ ဖလုံစဝေါ် ဒီမို ကရက်တစ် ပါတီတို့ ပါဝင်သည်။
No comments:
Post a Comment