Monday, February 20, 2012

ချင်းပြည်နယ် စိုက်ပျိုးမွေးမြူရေးဝန်ကြီး ထန်တလန်မြို့နယ်အတွင်း နယ်လှည့်

KHONUMTHUNG NEWS

ချင်းပြည်နယ် စိုက်ပျိုးမွေးမြူရေး ၀န်ကြီး ပူး ဗန်ထောင်းသည် ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူးအပါအ၀င် ဌာနဆိုင်ရာ အရာရှိများ လိုက်ပါလျက် ထန်တလန်မြို့နယ်အတွင်း နယ်လှည့်ပြီး ဒေသအတွင်း လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေစေ ရေးအတွက် လူထု နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သည်ဟု ကြားသိရသည်။

ထန်တလန်မြို့နယ် ထင်ဟွာလ်နှင့် ဖလမ်းမြို့နယ်အကြား မပေါက်သေးသည့် ၆ မိုင်အကွာ ကားလမ်း ဖောက် လုပ်ရေး အတွက် ဒေသခံ ၁၂ ရွာမှ ပြည်သူများနှင့် ဖေဖေါ်ဝါရီ ၁၇ ရက်နေ့က ဆွေးနွေးမှုပြု လုပ်ခဲ့ သည်ဟု သိရသည်။

“ ၀န်ကြီးက ၆ မိုင်အကွာလမ်းကို မြေထိုးစက်ဖြင့် ဖောက်လုပ်ပေးမှာဖြစ်ပြီး ပြည်သူများမှ မြေထိုးစက်ဖြင့် မလုပ်နိုင်သည့် ကျောက်တုံး ကြီးများ၊ သစ်ပင်ကြီးများကို ရှင်းပေးရန် ဆွေးနွေးတယ်၊ ဒေသတွင်း စိုက်ပျိုး မွေးမြူရေးဘယ်လိုပဲ ကောင်းကောင်း လမ်းပန်း ဆက် သွယ် ရေးကောင်းမှ ရောင်းကွက်ဝင်မှာဖြစ်တယ်လို့ ပြောတယ်” ဟု ပါဝင်သူတဦးက ပြောသည်။

ကားလမ်းကိစ္စနှင့် ပါတ်သက်ပြီး ပြည်သူများသည် မိမိ ပြည်သူလူထုနှင့် ပြန်လည်ဆွေးနွေးပြီးမှ ၀န်ကြီးထံ ပြန်လည်တင်ပြ မှာ ဖြစ် ကြောင်း ထပ်မံသိရသည်။

အဆိုပါလမ်းသည် တဖက် မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်မှ ချင်းပြည်နယ် ထန်တလန်မြို့နယ် ထင်ဟွားလ်- ၄င်းမှ ဖလမ်း နှင့် ထန်တ လန်မြို့များအထိ တရက်တည်းနဲ့ဆက်သွယ်သွားလာနိုင်မည့် ကားလမ်းဖြစ်သည်။

ယခု လက်ရှိ ချင်းပြည်နယ်ဝန်ကြီးများသည် ဒေသအတွင်း ကိုယ်ထူကိုယ်ထ ဖောက်လုပ်နေသော ကားလမ်း များကို အဓိက အားဖြင့် အားပေးလမ်းညွန်မှုများပြုလုပ်ကြသည်။

No comments: