၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်း ကိုနိုင်နဲ့ အဖွဲ့ဟာ ဟင်္သာ တ မြို့ကို ဒီနေ့ ရောက်ရှိ ရာမှာ လမ်းတလျှောက် လူရာ ထောင်ချီ ကြိုဆိုကြပြီး မြို့ခံ ဒီမို ကရေစီ လိုလားသူ တွေနဲ့ ဆွေးနွေးပွဲ တခုကို ပြုလုပ် ပါတယ်။မွန်းလွဲ ၁ နာရီက ဟင်္သာတ မြို့နယ် ဦးအောင်မြတ်ကျော် ပြည်လုံး ချမ်းသာ ခန်းမမှာ မြို့ခံ လူထုနဲ့ တွေ့ဆုံရာ လူငါးထောင် ကျော်ဆန့်တဲ့ ခန်းမ တခုလုံး ပြည့်လျှံ သွားရုံ တင်မကဘဲ အပြင် မှာလည်း လူတွေ စောင့်ဆိုင်း နားထောင် နေကြတယ်လို့ အခမ်း အနား စီစဉ်သူ တွေက ပြောပါ တယ်။
ဒီပွဲမှာ ကိုမင်းကိုနိုင်က “ဒီလို ကျက်သရေ မင်္ဂလာ ရှိတဲ့ ခန်းမကြီး ထဲမှာ၊ မီးရောင်စုံ အောက်မှာ၊ ဒီကင်မရာ မီးရောင်တွေ တဖျပ်ဖျပ်ရှေ့မှာ မတ်တပ် ရပ်ပြီးတော့ ပြောနိုင် တယ်ဆိုတာ တကယ်လို့ ကျနော် တို့က အဖူး အပွင့် တွေဆိုရင် ကျနော် တို့မှာ ပင်စည် ရှိပါတယ်။ ရေသောက်မြစ် တွေ ရှိပါ တယ်။
ဘယ်ပန်းမှ အမြစ်မရှိဘဲ ပွင့်လို့မရပါဘူး။ အဲဒီတော့ နောက်ဆုံး ဂုဏ်ပြုခံနေရတဲ့ ဘဝ။ ပန်းတွေနဲ့ ဝေနေတဲ့ ဒီပုဂ္ဂိုလ်တွေရဲ့ တကယ့် အ ရင်း အမြစ်ကို ကြည့်လိုက်ရင် ပြည်သူလူထုပါ။ ပြည်သူလူထု မရှိဘဲနဲ့ ဘယ်အောင်ပွဲမှလည်း မရှိဘူး။ ပြည်သူလူထု လက်မခံရင်လည်း ဘယ်အာဏာရှင်မှ ကြာကြာမခံဘူးဆိုတာ သမိုင်းမှာ သက်သေများစွာ ပြခဲ့ပါပြီ” လို့ ပြောပါတယ်။
ကိုမင်းကိုနိုင် မိန့်ခွန်းအပြီးမှာ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့လည်း မိန့်ခွန်းအသီးသီး ပြောကြားခဲ့ကြပါတယ်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုဌေးကြွယ်တို့ဟာ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီတောင်းဆိုတဲ့ သမိုင်းဝင် လူထုအုံကြွမှုကို အကြမ်းဖက် ဖြိုခွင်းခံရပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရပြီး ဒီနှစ်ဆန်းကမှ ပြန်လွတ်လာကြတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ပြီးရင် ဒီခရီးစဉ်ဟာ လူထုအများဆုံး လာရောက်အားပေးတဲ့ ခရီးစဉ်ဖြစ်တယ်လို့ မျက်မြင်တွေနဲ့ အကဲ ခတ်သူတွေက ပြောပါတယ်။
ဟင်္သာတကို အသွား လမ်းတလျှောက် ကြိုဆိုပုံကို ယာဉ်တန်းနဲ့ လိုက်ပါလာသူ မျက်မြင်တဦးက “ကျနော်က မြို့ကနေ သွားကြိုတာ။ ဇလွန် မြို့နယ်၊ ဟင်္သာတမြို့နယ်၊ ကျုံပျော်မြို့နယ်က အန်အယ်လ်ဒီ လူငယ်တွေရော၊ ဒီမိုကရေစီကို မြတ်နိုးတဲ့သူတွေရော၊ ၈၈ အရေးတော်ပုံမှာ အားတက်သရော ပါဝင်ခဲ့တဲ့ လူကြီးတွေ၊ လူငယ်တွေ သွားကြိုတယ်။ ကားအစီးရေ ၂၀ ကျော်ပေါ့။ လောလောဆယ် ဗိုလ်မြတ်ထွန်းလမ်းပေါ်မှာပါ” လို့ ပြောပါတယ်။
၈၈ မျိုးဆက်ကျောင်းသားတွေဟာ ပရဟိတဆောင်ရွက်တဲ့ ဘုန်းတော်ကြီး၊ လူပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ ခရီးစဉ်မှာပါတဲ့ အကြောင်းနဲ့ ညနေကျရင် သရက်မြို့နဲ့ ဇလွန်ဘက်တွေကလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
No comments:
Post a Comment