Sunday, February 12, 2012

အရှုံးမပေး

မဇ္ဈိမသတင်းဌာန

နွေးထွေးမေတ္တာ လိုနေပါသည်

ကျမရဲ့နာမည်က မတူးတူးပါ။ ကျမတို့က အောင်ပန်းမြို့မှာ အခြေချနေထိုင်တဲ့ ပျော်ရွင်ဖွယ်ရာမိသားစုလေးပေါ့။ ကျမခင်ပွန်းရယ် ကျမ ရယ် ကျမတို့ရဲ့သမီးကလေးရယ် အတူတူနေကြပါတယ်။ ဒီလိုနဲ့တနေ့ ကျမအမျိုးသားမှာ HIV ပိုးရှိနေတယ်ဆိုတာ သိလိုက်ရတော့ ကျမ အရမ်း တုန်လှုပ်သွားခဲ့တယ်။ ဒါပေမယ့် HIV ပိုးက ကျမကိုလည်း ချမ်းသာမပေးခဲ့ပါဘူး။ စစ်ဆေးကြည့်လိုက်တော့ ကျမ မှာလည်း ရှိနေ ခဲ့တယ်။

ရောဂါဖြစ်တယ်လို့ သိကာစတုန်းကတော့ သူများတွေသိမှာလည်း စိုးရိမ်တော့ ဘယ်သူ့မှမပြောဘဲ ကြိတ်ကုခဲ့တယ်။ ဘာမှမကျန်တော့မှ သူ့မိဘကိုဖွင့်ပြောပြီး သူ့မိဘ အိမ်ကိုပြောင်းနေခဲ့တယ်။ အဲဒီမှာလည်း ဟိုဆရာကောင်းနိုး ဒီဆရာကောင်းနိုးနဲ့ သိပ်တောင်မကြာလိုက်ဘူး အမျိုးသားဆုံးတာပဲ။

သူဆုံးတော့ သမီးလေးရယ် ကျမရယ် ကျမမိဘတွေရှိတဲ့ ဇာတိဖြစ်တဲ့ ကျောက်ပန်းတောင်းမြို့ကို ပြန်လာခဲ့ကြ တယ်။ ကျမရဲ့မိသားစုနဲ့ အိမ်ကလေးက မပြောင်းလဲဘဲ အရင်တုန်းက အတိုင်း နွေးနွေးထွေးထွေးနဲ့ပါပဲ။ ကျမ အဖြစ်အပျက်တွေကို အမှန် အတိုင်း ဖွင့်ပြော ပြ တယ်လေ အချို့မိသားစုဝင်တွေရဲ့ဆက်ဆံရေးက ရုတ်တရက်ကြီး ထွေးမှုတွေ နည်းပါးကုန်ကြတယ်။ စကားတောင် မပြောတော့ တဲ့သူ တွေ ရှိလာတယ်။ အဖေကတော့ အရင်တုန်း ကထက်တောင်ပိုပြီး ဂရုစိုက် နွေးထွေးလာပါသေးတယ်။

ဒါပေမယ့်အဖေလည်း နားမလည်တော့ ဘာစားချင်လဲ၊ အနားယူ ဆိုတာလောက်ပဲ ကူညီပေးတတ်တယ်လေ။ အဲဒီ အချိန်တွေတုန်းက သမီးလေးသာမရှိရင် ကျမလည်း HIV ပိုးကို အရှုံးပေးလိုက်ချင်စိတ် အကြိမ်ကြိမ်ပေါက်မိတယ်။ နောက်ဆုံးတော့ သမီး အတွက် ကျမရှိ နေမှဖြစ်မယ်လို့ သေသေချာချာ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ဘယ်လို စပြီး ဘာတွေ လုပ်ရမလဲ ဘာမှမသိဘူး။ ကံကောင်းချင်တော့ တနေ့အဖေက သူ့တူတယောက်နဲ့စကားစပ်မိလို့ သူက Padonmar အဖွဲ့ဆိုတာရှိတယ် ဆက်သွယ်ချင်ရင် သူကူညီပေးမယ်ဆိုပြီး အဖေနဲ့သူနဲ့အဲဒီ အဖွဲ့ရဲ့ ဆရာဝန်ဆီကို သွားစကားပြောတယ်။

ဆရာကြီးက လူနာကိုယ်တိုင်လာစေချင်တယ်ဆိုလို့ ယားနာတွေပေါက်နေတာပြရင်းနဲ့ ဆေးခန်းကိုသွားပြဖြစ်တယ်။ အဲဒီမှာ စကား ပြော ကြရ င်းကနေဆရာကြီးက Padonmar အဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ချင်လားမေးတော့ ကျမ ကလည်းတွေ့ချင်ပါတယ်လို့ ပြောလိုက် တယ်။ အဲဒီမှာ အဖွဲ့ခေါင်းဆောင် ဦးအောင်ဌေးရယ် စီမံချက်မန်နေဂျာ ကိုစောနိုင်ဦးရယ် နဲ့မိတ်ဆက်ပေးခဲ့တယ်။ အဲဒီအချိန်က စပြီး Padonmar အဖွဲ့နဲ့ စတင်ဆက်သွယ်မိသွားတာပါ။

Padonmar အဖွဲ့နဲ့မဆက်သွယ်ခင်တုန်းကဆိုရင် ဒီရောဂါအတွက်ဘာလုပ်ရမယ်လဲ မသိဘူး။ အမျိုးသားကလည်း ကုရင်းမျက်စိရှေ့မှာ သေသွားတာဆိုတော့ ကုလို့ရတယ်ဆိုတာလည်း မယုံဘူးလေ။ ကုရာဆေးမရှိလို့လည်း ကြားဖူးတာလေ။ အိပ်လို့တောင်မပျော်ဘူး။ အဲဒါ ပဲတွေးမိနေတယ်။ ကျမအတွက်ရော သမီးလေးအတွက်ရော ဘာစလုပ်ရမှန်းလည်းမသိဘူး ဝမ်းလည်းနည်းတယ် ကြောက်လည်း ကြောက် တယ်။ အိမ်က မိသားစုဝင်အချို့ကပါ စိမ်းတော့ပိုဆိုးတာပေါ့။ အဖေရှိနေလို့ တော်သေးတယ်။

ခုတော့ ဘယ်လိုကျန်းမာအောင်နေရမလဲဆိုတာလည်း သိလာပြီ။ ART ဆေးဆိုတာကိုလည်း သိလာရတယ်။ ဘယ်မှာဘယ်လိုရလဲ ဆို တာလည်းသိလာတယ်။ အသိပညာတွေရလာတာလေ။ ပြီးတော့ မကျန်းမာတာတို့၊ ထူးထူးခြားခြား ခံစားရတာတို့၊ အဆင်မပြေတာတို့၊ စိတ်ညစ်တာတို့၊ စတာတွေကြုံလာရင်လည်း အကြံပေးမယ့် တိုင်ပင်ရမယ့် ဘဝတူ သူငယ်ချင်းတွေလည်း ရှိနေပြီ။ အထောက် အပံ့ လေး တွေလည်း ရတယ်။ ခုကျမ ကျန်းမာနေပြီ သက်တမ်းစေ့ နေနိုင်နေပြီလေ။

ART ဆေးသောက်နေပြီ။ အလုပ်လည်းလုပ်နေပြီ။ သမီးလေးလည်း ကျောင်းတက်နေပြီ။ မိသားစုကလည်း ရောဂါ အကြောင်းကို သေ သေချာချာ သိသွားတာကြောင့်လား၊ တစိမ်းတွေတောင် လာဂရုစိုက်ကြ ခေါ်ကြပြောကြသေး တာ ကြောင့်လားတော့မသိဘူး ဟိုးအရင် ကလို နွေးထွေးလာပါပြီ။ ညီမတွေကလည်းခုဆို Padonmar အဖွဲ့ဆီ ကိုသွားတာ လိုက်ပို့တာတို့၊ အဲဒီမှာပြောခဲ့ဆွေးနွေးခဲ့တာတွေကို အိမ်ကျရင်ပြန်မေးတာတို့ စိတ်ဝင်တစား ဆွေးနွေး တာတို့ ရှိလာတယ်လေ။ မိသားစုထဲမှာဆို ခုကျန်းမာအောင် ဘယ်လိုနေရမယ်ဆိုတာ ကျမကတောင် ပြန်ပြောပြ လမ်းညွှန်နိုင်ပြီလေ။ ခုတော့လည်း စိတ်ချမ်းသာရပါတယ်။

No comments: