Sunday, February 12, 2012

သံတွဲဈေးကြီး မီးလောင်မူကြောင့် ဆိုင်ခန်းပေါင်း ၇၀၀ ကျော် မီးထဲပါ

နိရဉ္စရာ

ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ နံနက်က လောင်ခဲ့သောမီးကြောင့် သံတွဲ မြို့ မြို့မဈေးတွင် ဆိုင်ခန်းပေါင်း ၇၄၀ ကျော် မီးထဲပါသွားကြောင်း သံတွဲ မီးသတ်ဌာနက အမျိုးသမီး ၀န် ထမ်း တစ်ဦးက ပြောသည်။

" မီးလောင်တဲ့ အထဲမှာ ဆိုင်ခန်း ပေါင်း ၇၄၀ ကျော်မီးထဲ ပါသွား တယ် လို့ လက်ရှိ စာရင်း အရ သိရ ပါတယ်။ ဒါပေမယ့် ဆုံးရှုံးမူ စာ ရင်း အ တိ အကျတော့ မရ သေးဘူး။ ဆုံးရှုံးမူ တန်ဖိုးကတော့ အထူး များပါ တယ်။ ဒါပေမယ့် လောလောဆယ်မှာ အတိအကျ ဘာမှ မပြော နိုင် သေး ပါ" ဟု ပြောသည်။

မီးသည် သံတွဲ ဈေးကြီ၏ ငါးဈေးတန်းမှ နံနက် (၅) နာရီ ကျော်တွင် စတင် လောင်ကျွမ်းခြင်း ဖြစ်သည်ဟု သိရသည်။

" လောင်တာက နံနက် ၅ နာရီ ကျော်ကျော်မှ လောင်တာ ဖြစ်ပါတယ်။ နံနက် ၇ နာရီ ၄၅ မိနစ်မှ မီးကို ငြိမ်းသတ်နိုင်ပါတယ်။ ဈေးထဲက ဗလီက ရေကို ရေပုံးတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်း သယ်ပြီး ငြိမ်းသတ်ကြရပါတယ်။ မီးသတ်ကားတွေလည်း ရောက်ပါတယ်။ အကုန်လုံး ၀ိုင်းသတ်မှ မီးက ငြိမ်းသွားတာပါ" ဟု မျက်မြင် အမျိုးသမီး တစ်ဦးက ပြောသည်။

ဈေးကြီး တစ်ခုလုံး မီးထဲပါသွားသဖြင့် ဆုံးရှုံးမူတန်ဖိုး အထူးများပြားကြောင်းနှင့် လောလောဆယ် ခန့်မှန်းရန် မလွယ်ကူကြောင်း သူမ က ပြောသည်။

" ဈေး ဆိုင်ပိုင်ရှင် တွေက ငိုသူငို၊ ပြေးသူ ပြေးနဲ့ တော်တော့ကို ပူပန် နေကြ တာကို တွေ့ရ ပါတယ်။ တမြို့လုံးက စိတ်မကောင်း ဖြစ်နေကြ ပါတယ်။ ဘာပြောလို့ ပြောရ မှန်းတောင် မသိတော့ ပါဘူး" ဟု သူမက ဆက်ပြော သည်။

ယခုကဲ့သို့ မီးအကြီး အကျယ် လောင်ကျွမ်း ခြင်းမှာ မီးပေါ့ ဆမူ အပြင် မီးဘေး ကာကွယ်ရေး ကြိုတင် ပြင်ဆင် မူများ မရှိခြင်း၊ မီးသတ် ကားများ အလုံ အလောက် မရှိခြင်း နှင့် ဘေးဘေး ကာကွယ်ရေး စနစ် ညံ့ဖျင်းခြင်း တို့ကြောင့် ဖြစ်ကြောင်း တစ်ခြား အမျိုးသား တစ်ဦး ကလည်း ပြောသည်။

သံတွဲမြို့မဈေးကြီး တစ်ခုလုံး မီးလောင်သွားသဖြင့် မြို့သူ မြို့သားများကိုလည်း အထူး ထိခိုက်စေပြီး ကုန်ဈေးနုန်းများလည်း ချက်ချင်း မြင့်တက်သွားကြောင်း သူက ပြောသည်။

သံတွဲမြို့ ဈေးမီး လောင်မူသည် သုံးလ အတွင်း ရခိုင်ပြည် နယ်၌ ဒုတိယ အကြိမ် မြောက် ဈေးကြီး တစ်ဈေး မီးလောင်ခြင်း ဖြစ်ပြီး နိုဝင်္ဘာ လ ၁၂ ရက်နေ့ကလည်း မင်းကြီး ဈေးကြီး မီးလောင် မူကြောင့် ဆိုင်ခန်း ပေါင်း ၅၆၇ ခန်း မီးထဲ ပါသွားကာ သိန်းပေါင်း သောင်းချီ ၍ ဆုံး ရှုံးသွား ခဲ့ကြောင်း သိရ သည်။

No comments: