S.H.A.N
၂၀၁၀ နိုဝင်ဘာလ ၁၃ ရက် ဒေါ်အောင်ဆန်း စုကြည် နေအိမ် အကျယ် ချုပ်ကနေ လွတ်မြောက်လာပြီးနောက် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပမယ်၊ ၂၀၀၈ အခြေခံ ဥပဒေ မူကြမ်းကို ပြင် ဆင် မယ်လို့ ပြည်သူ လူထုကို ကတိ ပေးခဲ့ ပါတယ်။ အဲဒီ အချိန် ကစပြီး မြေပြန့် ဒေသ ကရော တောင်တန်း ဒေသ ပါ မကျန် ပြည်သူတွေဟာ သူမကို ယုံကြည် အားထားပြီး ထောက်ခံ လာခဲ့ကြ ပါတယ်။
ဒီလိုဆိုရင် ပင်လုံညီလာခံ နောက်ထပ်တစ်ကြိမ်ကျင်းပဖို့ လိုအပ်သလားလို့ မေးမယ်ဆိုရင် ဒီအကြောင်းကို နေပြည်တော်အစိုးရကရော အစိုးရအကြံပေးပုဂ္ဂိုလ်တွေရော စဉ်းစားမဲ့ပုံပေါ်ပါတယ်။ ၂၀၁၁ နိုဝင်ဘာ ၁၉ ရက်မှာ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်းနဲ့သျှမ်း ခေါင်းဆောင် တွေကို တွေ့ဆုံတဲ့အခါ ပြည်ထောင်စုရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းက (၁) အပစ်ရပ်မယ် (၂) ဖွံဖြိုးတိုးတက်မှုလုပ်ငန်း တွေ လုပ်ဆောင်မယ် (၃) ပင်လုံလို ညီလာခံကြီးကျင်းပမယ်ဆိုတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဆင့် ၃ ဆင့်အကြောင်း ဖွင့်ဟပြော ဆိုတဲ့ အတွက် လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တွေ အံ့ဩခဲ့ကြပါတယ်။
ဒီတော့ပင်လုံညီလာခံဆိုတာ အသစ်ပြန်လုပ်မှာလား၊ ပင်လုံစာချုပ်ကို စွန့်ပစ်ပြီး အသစ်ပြန်လုပ်မှာလားဆိုတာ စဉ်းစားတဲ့အခါ မြန်မာ ဗိုလ်ချုပ် တစ်ဦးက ကချင်ခေါင်းဆောင်တွေကို ပြောခဲ့တဲ့စကားကို ပြန်ကြားမိပါတယ်။ သူပြောဒါက “ပင်လုံစာချုပ်ဟာ ခေတ်မမှီ တော့ ဘူး။ အသစ်ပြန် လုပ်ဖို့ လိုပြီ” တဲ့။
ဒါဆိုပင်လုံစာချုပ်ကို အသစ်ဖြစ်အောင် ဘယ်လိုပြင်ကြမှာလဲ။ ပင်လုံစာချုပ်ထက်ပိုညံ့နေရင် တိုင်းရင်းသား ပြည်သူအများက လက်ခံကြ မှာလား။ “ရှေ့သွားနောက်ကြည့်” ဆိုတဲ့အတိုင်း ပင်လုံစာချုပ်ကို ပြင်ချင်ရင် စာချုပ်ဟောင်းကို ပြန်လေ့လာသုံးသပ်ကြည့်ရမှာဘဲ။ ဒါမှ လွဲမှားနေတဲ့အချက်တွေ တွေ့နိုင်မှာဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ သျှမ်း၊ ကချင်နဲ့ ချင်းခေါင်းဆောင်တွေ သဘောတူလက်မှတ်ရေးထိုးထားတဲ့ ပင်လုံစာချုပ် ပါအချက် ၉ ချက်ကို ချုပ်လိုက်ရင်
- နယ်စပ်ဒေသကိုယ်စားလှယ်က နယ်စပ်ဒေသအရေးကို တာဝန်ယူရမယ်။ Creation of a Frontier Areas ministry (which can be compared to the Ministry of Border Affairs today) run by a member of the Frontier Areas
- ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ရရှိမယ်။ Full autonomy in internal administration
- ဒီမိုကရေစီနဲ့ အခွင့်အရေးတွေ ရရှိမယ်။ Human Rights and Democracy
- ဘဏ္ဍာရေးစီမံခွင့်ရှိမယ်။ Financial autonomy - ဆိုတာကို တွေ့ရပါမယ်။
ဒီအချက်တွေဟာ နိုင်ငံတစ်နိုင်ငံထူထောင်တဲ့အခါ အုတ်မြစ်တွေပါဘဲ။ ဒီအချက်တွေထဲမှာ လွဲမှားနေတာ တစ်ခုမှ မမြင်ရပါဘူး။ ဒါပေမဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာမှာ ပင်လုံစာချုပ်ကို အခြေမခံဘဲ ရေးဆွဲသွား တာကြောင့် နိုင်ငံရဲ့နာမည်ကတော့ ပြည်ထောင် စုဖြစ်ပေမဲ့ အနှစ်သာရကတော့ တပြည်ထောင်ဖြစ်သွားတယ်။
ဥပမာ လွတ်လပ်ရေးရပြီးနောက် ဦးထွန်းမြင့်(လင်းခေး)ကို သျှမ်းပြည်အမတ်တွေက သျှမ်းပြည်နယ်ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခန့်အပ် ခဲ့ပါတယ်။ ဒါကိုပြည်ထောင်စုအစိုးရ ဝန်ကြီးချုပ် ဦးနုက လက်မခံဘဲ စဝ်ခွန်ချို(မိုးမိတ်)ကို ခန့်အပ်လိုက်ပါတယ်။ ဒါဟာ နယ်စပ် ဒေသ တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိလား/မရှိဘူးလားဆိုတာ သာဓကပါဘဲ။
ဒါ့အပြင် သျှမ်းပြည်နယ်အရေးတွေမှာ နိုင်ငံတော်အစိုးရက ပါဝင်စွတ်ဖက်တယ်။ ဗမာ့တပ်မတော်ကလဲ သျှမ်း ပြည်ထဲရောက်လာပြီး ထပ်မံစွတ်ဖက်ပြန်တော့ ပိုပြီးရှုပ်ကုန်ပါတော့တယ်။ ဗမာ့တပ်မတော်က လူ့အခွင့်အရေး တွေကိုလဲ ချိုးဖောက်လာတယ်။ ဘဏ္ဍာရေး ကိစ္စနဲ့ပတ်သက်ရင် သျှမ်းပြည်နယ်က သံယံဇာတတွေကိုလဲ ယူချင် တာယူသွားပြီး ကူညီထောက်ပံ့ကြေးအဖြစ် ပေးချင်တာတွေ ပြန် ပေးတယ်။
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေက ပင်လုံစာချုပ်ပါ အချက်အလက်တွေကို မလိုက်နာလို့ ဒီလိုဖြစ်ရတာလို့ တိုင်း ရင်းသား ခေါင်းဆောင် တွေက ယုံကြည်ပါတယ်။ ဒါကြောင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ၁၉၆၁ တောင်ကြီးညီလာခံကို ကျင်းပပြီး အချက် ၅ ချက်ကို တိုင်းရင်းသားခေါင်းဆောင်တွေက တင်ပြကြပါတယ်။
- ဗမာပြည်လဲ ချင်း၊ ကချင်၊ သျှမ်းနဲ့တခြားပြည်နယ်တွေလို ပြည်နယ်သပ်သပ်ဖြစ်ရမယ်။
- အထက်လွှတ်တော်နဲ့အောက်လွှတ်တော်ရဲ့အာဏာ တန်းတူညီတူဖြစ်ရမယ်။
- အောက်လွှတ်တော်လို အထက်လွှတ်တော်မှာလဲ ကိုယ်စားလှယ်အရေအတွက် ညီတူညီမျှရှိရမယ်။
- နိုင်ငံခြားဆက်ဆံရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ ငွေကြေးထုတ်လုပ်မှု၊ ကြေးနန်းစာတိုက်၊ ရထားလမ်း- ရေလမ်း-လေကြောင်းပို့ဆောင်ရေး၊ ပြည်ထောင်စုတရားစီရင်ရေး၊ ပင်လယ်ဆိပ်ကမ်းအခွန်အထုတ် တွေကို ပြည်ထောင်စုအစိုးရက ချုပ်ကိုင်ပြီး ကျန်တဲ့ကဏ္ဍအားလုံး ပြည်နယ်ရဲ့လက်ထဲမှာ ရှိရမယ်။
- ရရှိလာတဲ့အခွန်အတုတ်တွေကို ပြည်ထောင်စုအစိုးရက ပြည်နယ်အစိုးရကို တန်းတူညီတူ ခွဲဝေပေးရ မယ်။ (ဥပမာ- ဗမာအယောက် ၅၀ ရှိရင် ၅၀ ကျပ်၊ သျှမ်းအယောက် ၂၀ ရှိရင် ၂၀ ကျပ် ခွဲဝေပေးရမယ်။)
လွှတ်တော်ထဲမှာတင်ပြရင် အချက်အားလုံးသဘောတူမယ်လို့ မထင်ကြပါဘူး။ တချို့အချက်တွေ လက်ခံ သဘောတူသလို တချို့အချက် လဲ လက်ခံသဘောတူမှာ မဟုတ်ဘူးလို့ မြင်ထားတယ်။ ဒါဟာ ဒီမိုကရေစီနည်း လမ်းဖြစ်ပြီး သဘောမတူတဲ့အချက်တွေကို နောက်လွှတ် တော်အစည်းအဝေးမှ ထပ်မံကြိုးစားယူရမှာပဲဆိုတာ သဘောပေါက်ကြပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ ဗမာ့တပ်မတော်က မြန်မာပြည် ရေတိမ်နစ်တော့မယ်။ ဒါဟာပြည်ထောင်စု ကနေခွဲထွက်ဖို့ ရည်ရွယ် တာဘဲလို့ဆိုပြီး အာဏာသိမ်းလိုက်ပါတယ်။ ဗမာ့တပ်မတော်က အာဏာသိမ်းလိုက် တော့ တိုင်းရင်းသားတွေဟာ ဆိုးရွား လှတဲ့ အဖြစ် အပျက်တွေနဲ့ ရင်ဆိုင်ကြုံတွေ့လာခဲ့ရပါတယ်။ ဒါတွေကို ပြန်ပြောဖို့ မလိုတော့ပါဘူး။
အချုပ်အားဖြင့် နောက်ထပ်တစ်ကြိမ် ပင်လုံညီလာခံ ကျင်းပပြီး ၁၉၄၇ ပင်လုံစာချုပ်ကို ပြန်လည်သုံးသပ်အတည် ပြုဖို့ လိုအပ်ပါတယ်။ ပြီးတော့ ၁၉၆၁ တောင်ကြီးညီလာခံ သဘောတူညီချက်ကို အခြေပြုပြီး ဘာတွေလိုအပ် တယ်၊ ဘာတွေပြင်ဆင်သင့်တယ်ဆိုတာကို ဆုံး ဖြတ်ရမယ်။ တဖက်ကလဲ ဗမာ့တပ်မတော်က နောက်ထပ် အာဏာမသိမ်းဘူးဆိုတဲ့ ကတိတော့ရှိရမယ်။ ဒါမှမဟုတ်ရင်တော့ ဆိုးရွား လှ တဲ့ သံသရာထဲမှာဘဲတဝဲဝဲလည် ပြန်ဖြစ်မှာ မြေကြီးလက်ခတ်လွဲမှာ မဟုတ်ပါဘူး။
No comments:
Post a Comment