Monday, April 22, 2013

မစ္စတာ ရော့စ် ဒန်ကလေ ပြည်ပထွက်ခွာခွင့် အကြောင်းမဲ့ ပိတ်ပင်ခံရ

မန်းသားလေး

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က The Myanmar Times ဂျာနယ်၏ မန်နေဂျင်း ဒါရိုက်တာ မစ္စတာ ရော့စ် ဒန်ကလေကို လေဆိပ်ရှိ လူဝင်မှု ကြီးကြပ်ရေးဌာနက တာဝန်ရှိသူများက ပြည်ပထွက်ခွာခွင့် တားမြစ်ခဲ့ကြောင်း သိရသည်။

ပြည်ပထွက်ခွာခွင့် တားမြစ်ရသည့် အကြောင်းရင်းကို ခိုင်လုံစွာ မသိရှိရဘဲ တားမြစ်ခံရခြင်း ဖြစ်ကြောင်း မစ္စတာရော့စ် ဒန်ကလေ၏ ပြောရေးဆိုခွင့်ရှိသူ တရားလွှတ်တော် ရှေ့နေ ဦးဝင်းဌေးက ဧရာဝတီသို့ ပြောသည်။

“ဗီဇာ ရရှိထားပြီးသားပါ။ လေဆိပ်ရောက်မှ လေဆိပ် လ၀က အရာရှိတွေက ပြည်ပ ထွက်ခွာခွင့် မပေးတာပါ။ သူ့ကို တရားရုံးက ပြည်ပ ခေတ္တထွက်ခွာဖို့ ခွင့်ပြုချက် ပေးထားပြီးသား။ သူ့ကို ပြည်ပထွက်ခွာခွင့်ပြုဖို့ အမှုစစ် တရားရုံးမှာ တင်ပြလျှောက်ထားခဲ့ပြီး ပါပြီ။ တရားရုံးကလည်း ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ပထမနေ့မှာ အထောက်ထားမပါလို့ ခွင့်ပြုထားတဲ့စာ ယူခဲ့ဖို့ ပြောလို့ နောက်တနေ့မှာ ဒန်ကလေ ကိုယ်တိုင် တရားရုံးက ခွင့်ပြုထားကြောင်း အထောက်အထား စာကို လေဆိပ် တာဝန်ရှိသူများထံမှာ သွားရောက်တင်ပြခဲ့ပေမယ့် အခုအချိန်အထိ တစုံတရာ အကြောင်းမပြန်ဘဲ ပြည်ပ ထွက်ခွာခွင့်ကို ပိတ်ပင်ထားဆဲပါ” ဟု ၎င်းက ဆိုသည်။

မစ္စတာ ရော့စ် ဒန်ကလေသည် မြန်မာနိုင်ငံတွင် Myanmar Times အပတ်စဉ် ဂျာနယ် အပါဝင် စာစောင်လေးမျိုးကို ထုတ်ဝေနေသော မြန်မာကွန်ဆိုလီဒိတ်တက် မီဒီယာ လီမိတက်၏ မန်နေဂျင်း ဒါရိုက်တာအဖြစ် လက်ရှိတွင် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင် ပို့စ် နေ့စဉ်သတင်းစာ ထုတ်ဝေနေသူလည်း ဖြစ်သည်။

The Myanmar Times ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရော့စ် ဒန်ကလေသည် အမှုဆောင် အရာရှိချုပ် တာဝန် ထမ်းဆောင်ခဲ့ကာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ရုံးတွင်း ပိုင်ဆိုင်မှု ပြသနာတချို့ကြောင့် ရာထူးအပြောင်းအလဲ ဖြစ်ပေါ် ခဲ့သည်။ ယင်းနောက် မစ္စတာ ရော့စ် ဒန်ကလေသည် ဇန်န၀ါရီလ ၂၈ ရက်နေ့က ပုဂ္ဂိုလ်ရေး မကျေနပ်မှုများနှင့် ပတ်သက်ပြီး Myanmar Times ၏ ရှယ်ယာရှင်တဦးဖြစ်သူ ဒေါက်တာ တင်ထွန်းဦး၏ ဇနီး ဒေါ်ခင်မိုးမိုးနှင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသူ ဖြစ်သည်။ ယင်းအမှု ရင်ဆိုင်နေချိန်အတွင်း ပြည်ပသို့ ထွက်ခွာခွင့်ကို တရားရုံးတွင် တရားဝင် လျှောက်ထားပြီး ခွင့်ပြုချက်ဖြင့် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော်က ကျောက်တံတားမြို့နယ် တရားရုံးရဲ့ ခေတ္တ ပြည်ပထွက်ခွာခွင့်ကို တရားဝင် ခွင့်ပြုပေးထား ခံရတဲ့သူပါ။ ဒီလို ခရီးသွားတာကို တဘက်ရှေ့နေကလည်း မကန့်ကွက်ခဲ့ပါဘူး။ ဒါကြောင့် ကျနော့်စီးပွားရေး လုပ်ငန်းတွေရှိတဲ့ ကမ္ဘောဒီးယား နိုင်ငံကို ထိုင်းနိုင်ငံကနေ တဆင့် သွားဖို့ ၁၁ ရက်နေ့က ကျနော်လေဆိပ်ကို ဆင်းခဲ့ပါတယ်။ ရန်ကုန် လေဆိပ်ရောက်တော့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ကျနော့်ကို တားဆီးခဲ့ပါတယ်။ သူတို့ရဲ့ အကြောင်းပြချက် ကတော့ အထက်ဝန်ကြီးရုံးရဲ့ စာအရ အခုလို တားဆီးရတာဖြစ်တယ်လို့ ပြောပါတယ်” ဟု ရော့စ်ဒန်ကလေက Myanmar Times ဂျာနယ်တွင် ပြောကြားထားသည်။

ခရီးသွားလာခွင့်နှင့် ပတ်သက်သည့် တရားရုံး၏ ခွင့်ပြုချက်ကို အထောက်ထားနှင့် တင်ပြရန် ရန်ကုန်လေဆိပ် လ၀က မှ တာဝန်ရှိသူများက တောင်းဆိုခဲ့ကြောင်း၊ ထိုသို့ ခရီးသွားလာခွင့်ကို မည်သည့် ဥပဒေ၊ မည်သည့် အကြောင်းပြချက်နှင့် တားဆီးခဲ့သည်ကို ၎င်းအနေဖြင့် သေချာ မသိရကြောင်း၊ အကျိုး အကြောင်းကို မေးမြန်းသော်လည်း မည်သည့် အကြောင်း ပြန်ချက်မှ မရရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန၏ ခရီးသွားလာခွင့်ကို တားဆီးခဲ့သည့် အတွက် ၎င်းအနေဖြင့် တစ်ဘက်နိုင်ငံရှိ စီးပွားရေးကိစ္စများအတွက် များစွာ နစ်နာမှုများ ရှိခဲ့ကြောင်း ယင်းဂျာနယ်တွင် ပြောကြားခဲ့သေးသည်။

ရော့စ် ဒန်ကလေကို ဧရာဝတီမှ ဆက်သွယ် မေးမြန်းသည့်အခါ ၎င်း၏ ရှေ့နေများဖြစ်သော ဦးဝင်းဌေးနှင့် ဦးမင်းစိန်ကို လွှဲထားသည်ဟု ပြောကြားခဲ့သည်။

ပြည်ပထွက်ခွာခွင့် အထောက်ထားဖြစ်သည့် စာရွက်စာတမ်းမူရင်းများကို နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ၀န်ကြီးရုံးသို့ ဧပြီလ ၁၆ ရက်နေ့က ပေးပို့ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

“ရော့စ် ဒန်ကလေက ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော် စိတ်ခံစားချက် ပြင်းထန်နေတယ်။ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတဲ့ နိုင်ငံတော် ခေါင်းဆောင်ကြီးများ ချမှတ်ထားတဲ့ လမ်းစဉ်နဲ့ လွဲမှားနေပြီလို့ သူက ကျနော့်ကို ပြောတယ်” ဟု မစ္စတာ ရော့စ် ဒန်ကလေ၏ ပြောရေးဆိုခွင့်ရှိသူ တရားလွှတ်တော် ရှေ့နေ ဦးဝင်းဌေးက ဧရာဝတီသို့ ပြောပြခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနရုံးသို့ ဧရာဝတီမှ ဖုန်းဆက် မေးမြန်းသော်လည်း တစုံတရာ ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

မစ္စတာ ရော့စ် ဒန်ကလေသည် လက်ရှိတွင် ဒေါ်ခင်မိုးမိုးနှင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် တရားရုံးတွင် ပြစ်မှုကြီးအမှတ် ၉၁/၂၀၁၃ နှင့် ၉၂/ ၂၀၁၃ အရ ပုဂ္ဂိုလ်ရေးအရ ဖြစ်သော မကျေနပ်မှုများအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄/ ၃၂၃ နှင့် ၄၄၇/ ၂၉၄/ ၅၀၆ တို့ဖြင့် အပြန်အလှန် တရားစွဲဆိုထားကြောင်း သိရသည်။

ကျောက်တံတားမြို့နယ် တရားရုံး၏ ရုံးချိန်းမှာ ဧပြီ ၂၉ ရက်နေ့ ဖြစ်ပြီး ၎င်းအနေဖြင့် ၁၁ ရက်နေ့တွင် ပြည်ပထွက်ခွာကာ ၂၂ ရက်နေ့ အရောက်ပြန်လာရန် စီစဉ်ထားကြောင်း၊ ထိုသို့ တရားရုံးတွင် လျှောက်ထားခဲ့သည့် အတွက် ခွင့်ပြုချက်ရထားခြင်း ဖြစ်ကြောင်း သူ၏ ရှေ့နေများက ဆိုသည်။

မစ္စတာ ရော့စ် ဒန်ကလေသည် ဧပြီ ၁၁ ရက်နေ့တွင် ရန်ကုန် လဝကမှ ပြည်ပထွက်ခွာခွင့် တားမြစ်ခံရပြီးနောက် ယခုအချိန်အထိ ထွက်ခွာခွင့် မရသေးပေ။

No comments: