Thursday, April 11, 2013

စေတနာကြေးနဲ့ သမိုင်းကြောင်း ရှင်းသူများ

ကျော်ခ

ပည်တွင်း ပြည်ပ ခရီးသွားတွေနဲ့ မပြတ်တဲ့ ရှေးဟောင်းပုဂံမြို့တော်ရဲ့ နာမည်ကြီး စေတီတဆူဖြစ်တဲ့ မနူဟာ ဘုရားကြီး ဝင်းထဲက အဝတ်အစား ခပ်နွမ်းနွမ်း၊ ဆံပင်ဖရိုဖရဲ၊ ခြေထောက်မှာ ဖုံအလူးလူနဲ့ ၁၀-၁၂ အရွယ် ကလေးတွေဟာ နိုင်ငံခြားသား ဧည့်သည်တွေ၊ ပြည်တွင်း ဘုရားဖူးတွေ ဝင်လာတာနဲ့ အပြေးအလွှား ချဉ်းကပ်လာကြပါတယ်။

“ဒီဘုရား သမိုင်းကြောင်းကို သမီးတို့ရှင်းပြမယ်လေ၊ ပိုက်ဆံအများကြီး ပေးစရာမလိုပါဘူး၊ အင်္ဂလိပ်လို ရှင်းပြရမလား၊ မြန်မာလို ရှင်းပြရမလား။ ဦးတို့ စေတနာရှိသလောက် မုန့်ဖိုးပေးရင် ရပါတယ်” ဆိုပြီး ဝင်လာတဲ့ ဧည့်သည်တွေကို လိုက်ပြောကြပါတယ်။

ပြည်တွင်း ပြည်ပက လာရောက် လည်ပတ်ကြတဲ့ ခရီးသည်တွေကို ပုဂံမှာရှိတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ခေါင်းရွက်ဗျက်ထိုး ဈေးသည်တွေက အစ၊ ငါးစာရောင်းသူက အဆုံး စီးပွားရေးအရ မှီခို နေကြရပါတယ်။ အဲဒီအထဲမှာ ပုဂံမြို့ပေါ်က နာမည်ကြီး ဘုရားတွေပေါ်မှာ ရောက်လာတဲ့ ခရီးသည်တွေကို တားမြစ်မှုတွေ ရှိနေတဲ့ကြားက အခုလို ခိုးကြောင်၊ ခိုးဝှက် စေတနာကြေးနဲ့ သမိုင်းကြောင်း ရှင်းပြတဲ့ ကလေးတွေလည်း အပါအဝင် ဖြစ်ပါတယ်။

ပုဂံကို ရောက်လာတဲ့ ပြည်တွင်း ပြည်ပ ဘုရားဖူးတွေနဲ့ လေ့လာ သူတွေဟာ ကား၊ မြင်းလှည်း၊ ဆိုင်ကယ်၊ စက်ဘီး စတာတွေကို အသုံး ပြုပြီး ဘုရားတဆူနဲ့ တဆူကို နေပူကျဲကျဲ၊ ဖုန်တလုံးလုံး ကြားမှာပဲ ကူးသန်း သွားလာနေကြတာကို တွေ့မြင်ရပါတယ်။

နိုင်ငံခြားသား တချို့က ဘုရား သမိုင်းကြောင်းတွေ ရှင်းပြဖို့နဲ့ လမ်းညွှန်ဖို့အတွက် မြန်မာနိုင်ငံသား စကားပြန် တွေပါပေမယ့် တချို့က မြေပုံနဲ့ ပုဂံသမိုင်းကြောင်း စာအုပ်တွေဝယ်ပြီး ကိုယ်တိုင် လိုက်လေ့လာကြတာ တွေ့ရပါတယ်။ ပုဂံက တန်ခိုးကြီး ဘုရားတွေရဲ့ ဘုရားသမိုင်းတွေကို ဘုရားလာဖူးနေကြတဲ့ အိမ်ရှင် မြန်မာနိုင်ငံသား အများစုလည်း သိကြတာ မဟုတ်ပါဘူး။

ဘုရားလာဖူးသူတချို့က ဘုရားသမိုင်းရှင်းပြခွင့်ပေးပြီး စေတနာကြေး သမိုင်းရှင်းပြသူ ကလေးတွေကို မုန့်ဖိုးပေးသွားကြပါတယ်။ ဒါပေမယ့် တချို့ဧည့်သည်တွေကတော့ စိတ်ရှုပ်ဟန်နဲ့ ရှင်းပြဖို့ ငြင်းလွှတ်တာတွေလည်း တွေ့ရပါတယ်။ တချို့ ဧည့်သည်တွေကတော့ ဘုရားသမိုင်းကို ရှင်းပြခိုင်းပြီး ပိုက်ဆံပေး မသွားတာလည်း ရှိပါတယ်။

တချို့ ဧည့်သည်တွေကလည်း ကလေးတွေကို မြနန္ဒာ သီချင်းဆိုခိုင်းပြီး အုပ်စုလိုက် ကပြခိုင်း၊ ပြီးတော့ ပိုက်ဆံမပေးဘဲ ပြန်ထွက်သွား၊ အဲဒီလို လုပ်တဲ့လူတွေလည်း တွေ့ရပြန်ပါတယ်။ ကလေးတွေရဲ့ ဦးတည်ချက်ကတော့ ဘုရားသမိုင်းကြောင်း ရှင်းပြပြီး မုန့်ဖိုးရဖို့ပါ။ ဒါပေမယ့် ခပ်နောက်နောက် ဧည့်သည်တချို့နဲ့ တွေ့ရင် ဒီလို နောက်ပြောင်ခံရမှုတွေနဲ့ ကြုံကြရပါတယ်။

ကလေးတွေက ဧည့်သည်တွေကို လိုက်ပြီး ချဉ်းကပ်ရာမှာ ကျိုးကျိုးနွံနွံ ရှိသလို သူတို့ရဲ့ မျက်နှာတွေပေါ်မှာလည်း “ရှင်းပြခွင့် ရပါ့မလား” ဆိုတဲ့ စိုးရိမ်စိတ်တွေက အထင်းသား ပေါ်လွင်နေတာကို တွေ့ရပါတယ်။ ရှင်းပြခွင့် မရခဲ့ရင် “လွတ်သွားပြန်ပြီ တယောက်” ဆိုတဲ့ ပုံစံမျိုးနဲ့ ကျန်ခဲ့ကြပါတယ်။

ရှင်းပြခွင့်ရခဲ့ရင်တော့ မှိုရတဲ့မျက်နှာထားနဲ့ ချက်ချင်းပဲ တက်တက်ကြွကြွ ဖြစ်သွားပြီး ကိုယ်နေကိုယ်ဟန်ကအစ ယုံကြည်မှု ရှိသွားဟန်နဲ့ အင်္ဂလိပ်ဘာသာနဲ့ ဒါမှမဟုတ် မြန်မာဘာသာနဲ့ နှုတ်တိုက် ကျက်ထားတဲ့ ဘုရားသမိုင်းကို ရှင်းပါတော့တယ်။ ပုံမှန်အားဖြင့် ရှင်းပြတာ မြန်ပေမယ့် ဖြည်းဖြည်းပြောခိုင်းလို့လည်း ရပါတယ်။

အဲဒီအခါမှာ သူနဲ့ပါလာတဲ့ သူငယ်ချင်း တသိုက်ကလည်း ဘုရားသမိုင်းကြောင်း ရှင်းပြတဲ့ သူတို့သူငယ်ချင်း မုန့်ဖိုးချီးမြှင့်
ခံရတော့မယ်ဆိုတဲ့ အပြုံးတွေနဲ့ ဝိုင်းအုံနေကြပါတယ်။ စေတနာကောင်းတဲ့ ဧည့်သည်ဆိုရင် သူတို့ကိုပါ ပေးသွားတယ်လို့ ဆိုပါတယ်။ အဲဒီအတွက်လည်း သူတို့က မျှော်လင့်ကြတယ်လို့ ကလေးတွေက ပြောပါတယ်။

“အလုပ်တွေကတော့ ရှိတယ်။ သားတို့ကျတော့ ငယ်သေးလို့ ဆိုပြီး အလုပ်တွေက မခေါ်ကြဘူးလေ။ အဲဒါကြောင့် ကျောင်းအားတဲ့အချိန် မုန့်ဖိုး ၁၀၀ ရရ၊ ၂၀၀ ရရ ဖမ်းနေတဲ့ကြားကနေ လိုက်ပြီး ဂိုက်လုပ်ပေးတာ။ ဒါပေမယ့် ဧည့်သည်က နေ့တိုင်း မရပါဘူး၊ တပတ်ကို ၃၀၀၀ ရဖို့တောင် မလွယ်ဘူး” လို့ ငှက်ပစ်တောင်မှာ သမိုင်းကြောင်း
လိုက်ရှင်းပြနေတဲ့ မောင်အောင်သန်းဖြိုးက ပြောပြပါတယ်။

ပုဂံမှာ အရင်တုန်းကဆိုရင် ဧည့်သည်တွေကို ဘုရားတိုင်းမှာ သူတို့ လိုက်ရှင်းပြခွင့်ရပေမယ့် နောက်ပိုင်းမှာ ဘုရားဂေါပက အဖွဲ့တွေက တားမြစ်မှုတွေ ရှိလာကြောင်း၊ နောက်ပိုင်းမှာ ဧည့်သည်တွေကို ရှင်းပြနေတာတွေ့ရင် ဖမ်းဆီးမှုတွေ ပြုလုပ်ပြီး ဖမ်းမိတဲ့ ကလေးတွေကို ဂေါပကရုံးပို့ကာ နောက်မလုပ်ဖို့ သတိပေးတာ၊ အပြစ်ပေးတာတွေ ရှိတယ်လို့ဆိုပါတယ်။

ဒါကြောင့် ဧည့်သည်တွေကို ဘုရားသမိုင်းရှင်းတဲ့ အခါမှာ ရှင်းပြသူက သတ်သတ်၊ ကင်းစောင့်သူက သတ်သတ် သူတို့ခွဲထားပါတယ်။ ကင်းစောင့်သူက “ဟိုမှာလာပြီ” ဆိုတဲ့ အသံကြားတာနဲ့ သူတို့အုပ်စုလိုက် မျက်ကွယ်ရာကို ပြေးပုန်းကြပါတယ်။ သူတို့ကို လိုက်ဖမ်းတဲ့ ဂေါပကအဖွဲ့တွေ ပြန်ထွက် မသွားမချင်း ပုန်းနေကြပါတယ်။

လိုက်ဖမ်းတဲ့ ဂေါပက အဖွဲ့တွေ မြန်မြန် ပြန်ထွက်သွားရင် ဧည့်သည်ဆီကို သူတို့ ပြန်လာပြီး ဆက်ရှင်းပြကြပါတယ်။ လိုက်ဖမ်းတဲ့ ဂေါပကအဖွဲ့ ပြန်ထွက်သွားတာ နောက်ကျလို့၊ ဒါမှမဟုတ် ဧည်သည်က မစောင့်နိုင်လို့ ပြန်သွားတဲ့အခါ ရပြီးသား ဖောက်သည် ဧည့်သည်ဆီက မုန့်ဖိုးတွေ ဆုံးရှုံးရတာတွေလည်း မနည်းဘူးလို့ ကလေးတွေက ငြီးငြူ ပြောဆိုပါတယ်။

သမိုင်းကြောင်း လိုက်ရှင်းပြနေတဲ့ ကလေးတွေ အများစုက မူလတန်းနဲ့ အလယ်တန်း ကျောင်းသူ ကျောင်းသားတွေ ဖြစ်တဲ့ အတွက် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ ပိုပြီးတွေ့ရမှာ ဖြစ်ပါတယ်။ သူတို့မိဘတွေကလည်း ပုဂံဘုရားတွေနားမှာ ဘုရားပန်းရောင်းသူတွေ၊ အကြော်ရောင်းသူ၊ သစ်သီးဝလံရောင်းသူ၊ ငါးစာရောင်းသူ တွေရှိသလို ပန်းရံနဲ့ တခြား အောက်ခြေလုပ်ငန်းတွေမှာ နေ့စားလုပ်ကြတဲ့သူတွေ ရှိတယ်လို့ သိရပါတယ်။

ကလေးတွေက ဘုရားတွေပေါ်မှာ သူတို့ သမိုင်းကြောင်း လိုက်ရှင်းပြလို့ ရတဲ့ပိုက်ဆံက တပတ်ကို ပျမ်းမျှ ကျပ် ၃၀၀၀ ဝန်းကျင်လောက် ရရှိတယ်လို့ ဆိုပါတယ်။ ရလာတဲ့ ငွေကြေးကို မိသားစုကို ပြန်ထောက်ပံ့သလို ကျောင်းစရိတ် အဖြစ်လည်း အသုံးပြုရတဲ့အတွက် ကျူရှင်တောင် မတက်နိုင်ဘူးလို့ ဆိုပါတယ်။

သူတို့တွေကိုတော့ မနူဟာ၊ ငှက်ပစ်တောင် အပါအဝင် ပုဂံမြို့ပေါ်က တန်ခိုးကြီးဘုရားတွေမှာ ယောကျာ်းလေးတွေရော မိန်းကလေးတွေပါ အစုလိုက်၊ အစုလိုက် တွေ့နိုင်ပါတယ်။ အရင်တုန်းက ပုဂံမြို့ လူစည်ကားရာ ဘုရားတွေပေါ်မှာ သူတို့လို ကလေးအဖွဲ့တွေ အများကြီး ရှိပေမယ့် ဂေါပက အဖွဲ့တွေရဲ့ တားမြစ်မှုတွေကြောင့် တချို့က ပုဂံဘုရားတွေမှာ အမှတ်တရ ဓာတ်ပုံတွေ လိုက်ရောင်းတာ၊ တချို့က မိဘတွေရဲ့ ငါးစာရောင်းတဲ့ အလုပ်တွေနဲ့ တခြားအလုပ်တွေမှာ ကူပြီးလုပ်တာတွေ လုပ်ကြတယ်လို့ ဆိုပါတယ်။

ပြည်တွင်း ပြည်ပ ခရီးသည်တွေ အနေနဲ့ နေ့စဉ်နဲ့အမျှ ဝင်ထွက်နေတဲ့ ပုဂံမြို့မှာ တားမြစ်ကန့်သတ်မှုတွေ ရှိနေပေမယ့် ဝမ်းတထွာအတွက် ဘုရား သမိုင်းကြောင်းတွေကို စေတနာကြေးနဲ့ ရှင်းပြဖို့ ဧည့်သည်တွေကို ကလေးတွေ စောင့်မျှော်နေဆဲ ဖြစ်ပါတယ်။ ။

No comments: