Wednesday, April 17, 2013

မြောက်ဦးမြို့သို့ သင်္ကြန်ကာလ အဖျက် အမှောင့် လုပ်ရန် ၀င်ရောက်လာသူများဟု ယူဆရသူ ၅ ဦး ဖမ်းဆီးမိ


ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ သင်္ကြန်ကာလ အတွင်း အဖျက်အမှောင့်များ လုပ်ရန် ၀င်ရောက်လာသူများဟု ယူဆရသူ မွတ်ဆလင် (၅) ဦးကို ဖမ်းဆီးမိခဲ့သည်ဟု ဒေသခံများက ပြောသည်။


ဧပြီလ ၁၄ ရက်နေ့ နံနက် အစောကြီး (၁) နာရီခန့်တွင် ပထမ နှစ်ဦးကို ဖမ်းမိပြီး များမကြာမီ အနီးအနား တောင်တန်းများတွင် ပုန်းအောင်းနေသော နောက်ထပ် (၃) ဦးကို ဖမ်းဆီးမိခဲ့သည်။

သူတို့ထံမှာ ဓါတ်ဆီပုန်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

“ စုစုပေါင်း ဘင်္ဂလီ လူမျိုး ၅ ဦး ဖြစ်ပါတယ်။ သူတို့က လက်ဆည်ကန် အနီးက တောင်ကိုကျော်ပြီး ဓါတ်ဆီပုန်းတွေနဲ့ ၀င်ရောက်လာတာပါ။ ဘယ်ရွာကဆိုတာတော့ အတိအကျ မပြောနိုင်ဘူး။ အများက ခန့်မှန်းတာကတော့ တောင်တစ်ဘက်မှာ ရှိတဲ့ ပေါင်းတုတ်ရွာကလို့ ခန့်မှန်းကြပါတယ်” ဟု မြောက်ဦး ဒေသခံ ကိုထွန်နေမင်းက ပြောသည်။

ပြည်တွင်း သတင်းဌာန တစ်ခု ဖြစ်သော RSV တွင် ဖေါ်ပြထားသော သတင်းတွင် အဆိုပါ ဘင်္ဂလီ (၅) ဦးမှာ ပေါင်းတုတ်ရွာနေ ရွှေမောင်၊ ဖူတီယာ၊ အူတိန်အာမောက်၊ အဒူခေါ်ရိမ် (ခေါ်) စံမောင်၊ အဒူ ချော်ဘီတို့ ဖြစ်ကြောင်း ဖေါ်ပြသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်အောင် မြောက်ဦးမြို့သို့ ဆက်လက် ဆက်သွယ်မေးမြန်းရာ မွတ်ဆလင် (၅) ဦးအား ဖမ်းဆီးမိခြင်းမှာ မှန်ကန်ကြောင်း တစ်ခြား လူကြီး တစ်ဦးက အတည်ပြု ပြောကြားသည်။ သို့သော်လည်း ဓါတ်ဆီးပုန်း ပါမပါကို ကိုယ်တိုင် မမြင်ရ၍ တိတိကျကျ မပြောနိုင်ကြောင်း သူကဆိုသည်။

သူတို့အား ဒေသခံများက ဖမ်းမိခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် စစ်တပ်လက်ထဲသို့ အပ်လိုက်သည်ဟု ဆိုသည်။ စစ်တပ်မှ စစ်ဆေး မေးမြန်းမူများ ပြုလုပ်ပြီးနောက် မြောက်ဦးရဲစခန်းသို့ လွှဲပြောင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အသေးစိတ် သိရှိနိုင်အောင် မြောက်ဦးရဲစခန်းသို့ ဆက်သွယ်ရာ အဆက်အသွယ် ရရှိခဲ့ခြင်း မရှိခဲ့ပါ။

No comments: