Saturday, April 20, 2013

ခေါင်းဆောင် ၁၀ ဦးကိုတရားစွဲဆိုပြီးနောက် နောက်ထပ် ဆန္ဒမပြရန် ရဲမှူးကြီးက မဒေးကျွန်း ဒေသခံများကို ပြောကြား


ကျောက်ဖြူ ခရိုင်ရဲမှူးကြီးမှ မဒေးကျွန်းတွင် ဆက်လက် ဆန္ဒပြမူများ မပြုလုပ်ကြရန် ဒေသခံ လူကြီးများကို မေတ္တာရပ်ခံလိုက်သည်ဟု သတင်း ရရှိသည်။

ဆန္ဒပြရာတွင် ခေါင်းဆောင်သည်ဟု ယူဆသူ ၁၀ ဦးအား မဒေးကျွန်းရဲစခန်းမှူးမှ အမူဖွင့် တရားစွဲဆိုပြီးနောက် ထိုသို့ ရဲမှူးကြီးက ပြောဆိုခဲ့သည်ဟု ဦးဆောင်ရာတွင် ပါဝင်သူ ဦးထွန်းကြည်က ပြောသည်။

“ ဆန္ဒပြပြီး နောက်တစ်နေ့မှာ ရဲမှူးကြီးနဲ့ ကျောက်ဖြူရဲမင်းကြီးမှာ ရုံးမှာ တွေ့တဲ့ အချိန်မှာ ကျွန်တော်ကို ပြောတာပါ။ အခု တရားစွဲဆိုတာက ဘာမှ မဖြစ်လောက်ဘူး။ ခင်ဗျားတို့ အနေနဲ့ နောက်တပ် ဆန္ဒပြမူတွေ မလုပ်ဖို့ဘဲ လိုတယ်ဆိုပြီး ပြောပါတယ်” ဟု ဆိုသည်။

ဧပြီ လ ၁၈ ရက်နေ့ နေ့လည်က ဒေသခံ ၅၀၀ ကျော်သည် သက်ဆိုင်ရာမှ ခွင့်ပြုချက်မရဘဲ သူတို့၏ လိုလားချက်များကို ဖြည့်ပေးရန် မဒေးကျွန်းရှိ တရုတ်ကုမ္ပဏီ CNPC ရုံးရှေ့ထိ ချီတက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပြီးနောက် မဒေးကျွန်း ရဲစခန်းမှူး ဦးစောဝင်းမှ ဆန္ဒပြရာတွင် ဦးဆောင်သူများဟု သံသယ ဖြစ်ခံရသူ ကျောက်တန်းရွာမှ ၃ ယောက်၊ ပြင်ရွာက ၃ ယောက်၊ ရွာမရွာမှ ၄ ယောက်တို့အား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့သည်။

“ တရားစွဲခံရတာက ကျောက်တန်းရွာက ဦးမောင်မောင်မြင့်၊ မောင်မျိုးနိုင်၊ မောင်ယဉ်လှ၊ ပြင်ရွာက ဦးမောင်မောင်စော၊ ဦးမောင်သန်းအေးနဲ့ နောက်တစ်ဦး ရွာမရွာက ဦးအောင်သိန်းထွန်း၊ ထွန်းခင်နု၊ ဦးမောင်ဖြူသီးနှင့် ကျွန်တော်ထွန်းကြည်တို့ ဖြစ်ကြပါတယ်”ဟု ကိုထွန်းကြည်က ပြောသည်။

တရားစွဲခံရသူ ၁၀ ဦးထဲမှ ၆ ဦးသာ ဧပြီလ ၁၉ ရက်နေ့က ရဲစန်းသို့ သွားရောက်ခဲ့ပြီး နောက်ပိုင်းတွင် သူတို့အား အာမခံ (ခံဝန်) ဖြင့် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း သူတို့အား ရဲစခန်းမှူးက စစ်ဆေး မေးမြန်းမူ တချို့ရှိခဲ့သည်ဟု ဆိုသည်။

“ ရဲစခန်းမှာ ရွာသားတွေကို တီရှပ် အင်္ကျီတွေ ဘယ်ကရသလဲ။ ဆန္ဒပြပွဲအတွက် ငွေတွေကို ဘယ်အဖွဲ့အစည်းက ထောက်ပံ့သလဲ စသဖြင့် မေးတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ လူတွေက ကျွန်တော်တို့ရဲ့ ရံပုံငွေနဲ့ ကျွန်တော်တို့ လုပ်တာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။”
ရဲအဖွဲ့မှ တရားစွဲဆိုသဖြင့် အဆိုပါ အမူကို ပြေလည်အောင် ဖြေရှင်းပါမည်နည်းဟု မေးမြန်းရာ သူက ယခုလို ပြောသည်။

“ ခုလို ခွင့်ပြုချက်မရဘဲ ဆန္ဒပြရင် ဖမ်းဆီး တရားစွဲဆိုနိုင်တယ်ဆိုတာကို ကျွန်တော်တို့ အစကတည်းက သိပါတယ်။ ဒါပေမယ့် ဆန္ဒပြတာက ကျွန်တော် ၁၀ ဦး တည်း မဟုတ်ပါဘူး။ ကျွန်ပေါ်က လူပေါင်း ၈၀၀ လောက်က ပြခဲ့တာ ဖြစ်တဲ့ အတွက် အရေးယူမယ်ဆိုရင် လူအားလုံးကို ယူရပါမယ်” ဟု ဆိုသည်။

ဆန္ဒပြသူများသည် အောက်ပါ အချက်များကို တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

ဥယာဉ်ခြံမြေတွေကို နိုင်ငံတကာ စံနုန်းအတိုင်း ပေးလျော်ရေး၊ ရွာဆက် လမ်းတွေကို ကောင်းမွန်စွာ ပြုလုပ်ပေးရေး၊ ကျွန်းပေါ်က အလုပ်သမားကဒ်ရှိသူတွေကို အလုပ်အကိုင် ခန့်အပ်ပေးရေးနဲ့ တရုတ်ဝန်ထမ်းရတဲ့ လစာအတိုင်း ပေးရေး၊ မဒေးကျွန်းမှာရှိတဲ့ လူနေအိမ်တွေနဲ့ အဆောက်အဦးတွေမှာ လျှပ်စစ်မီး ရရှိရေး၊ ကျွန်းပေါ်မှာ ရာဇ၀တ်မူတွေ မပေါ်ပေါက်ရေး အတွက် ပြင်ပက အလုပ်လာလုပ်တဲ့ လူတွေကို သေချာစွာစိစစ်ရေး၊ ကျွန်းပတ်လည်မှာ လွတ်လပ်စွာ ငါးဖမ်းခွင့် ရရှိရေး၊ ကျွန်းပေါ်မှာရှိတဲ့ မြေတွေကို ရွာသူ ရွာသားတွေကို အသိမပေးဘဲ သိမ်းယူနေတာကို ရှောင်ရှားရေး၊ ပျက်စီးသွားတဲ့ ကျွန်းပေါ်က တာတမံကြီးကိုပြန်လည် တည်ဆောက်ပေးရေးနဲ့ စီမံကိန်းကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ဒေသခံတွေကိ လျော်ကြေးတွေ ထုတ်ပေးရေးတို့ ပါဝင်သည်။

No comments: