Tuesday, April 2, 2013

မန္တလေးတွင် ရမ်းကားဖျက်ဆီးသူများကို ဖမ်းဆီးရုံးတင်

အေး​နိုင်

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ဆူပူရမ်းကားပြီး ကားမှန်ရိုက်ခွဲတဲ့ လူတစုကို ရဲက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီး အမှတ် ၉ ရဲစခန်းက တာဝန်မှူးတဦးက အားလုံးဖမ်းဆီးရမိသူတွေကို ရုံးတင်လိုက်ပြီလို့ ဖြေပါတယ်။

“လူငယ်တွေ အရက်မူးပြီး ရပ်ကွက်ထဲက ပြည်သူတယောက်ရဲ့ ကားကို ခဲနဲ့ထုတာ။ ကျန်တာတော့ စခန်းမှူးကိုယ်တိုင်ဆောင်ရွက်နေပါတယ်။ ကျနော်တို့လည်း မသိပါဘူး။ မနေ့က တာဝန်မှူးသိတယ်။ လက်ရှိတော့ တာဝန်မှူးပြောင်းသွားတယ်။ ၁၂-၁၃ ယောက်လားမသိဘူး။ ကျနော်က ဒီနေ့တာဝန်မှူးပါ။ သူတို့ကို မနက်က ရုံးထုတ်သွားတယ်လေ။”

ဒီဗွီဘီက နယ်မြေခံတွေကို မေးမြန်းချက်အရ မနေ့ညက အရက်သေစာ သောက်စားတဲ့ လူငယ်လူရွယ်တသိုက်ဟာ အိမ်တွေကို ခဲပေါက်၊ ကားကို ဖျက်ဆီးတာကြောင့် ရပ်ကွက်သားတွေက ၀ိုင်းဝန်းဖမ်းဆီးလိုက်တာလို့ ပြောပါတယ်။

မနေ့ည သန်းခေါင်ဝန်းကျင်ခန့်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၇လမ်း၊ ၇၄ လမ်းနဲ့ ၇၅ လမ်းကြားမှာ လူတစုက ရပ်ထားတဲ့ကားကို ရိုက်ခွဲဖျက်ဆီးခဲ့တာ ရပ်ကွက်သားတွေနဲ့ ရဲတွေ ပူးပေါင်းဖမ်းဆီးထားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“၁၁ နာရီလောက်က အိမ်တွေကို ၀င်ရောက်ဖျက်ဆီးတယ်။ သူတို့ထွက်ဆိုချက်အရဆိုရင် ၁၂ နာရီကျော်လောက်မှာ လူပြန်စုတယ်။ ၃၇ လမ်း၊ ၇၄ လမ်းနဲ့ ၇၅ လမ်းကြားမှာရှိတဲ့ အိမ်တွေကို ခဲနဲ့ပေါက်ပြီး ပဒုမ္မာဆိုတဲ့ အထည်ဆိုင်ရှေ့မှာရပ်ထားတဲ့ ကားကို စိတ်တိုင်းကျ ဆင်းရိုက်ကြတယ်။ ရပ်ကွက်ထဲက ပြည်သူလူထုနဲ့ တာဝန်ကျရဲတွေ ပူးပေါင်းဖမ်းလိုက်တယ်။”
ဖမ်းဆီးခံရသူတွေဟာ လူငယ်လူရွယ်တွေဖြစ်ပြီး သူတို့တတွေကို စွဲဆိုတဲ့ပုဒ်မတွေနဲ့ ပတ်သက်လို့တော့ ရဲက တာဝန်ခံဖြေဆိုခြင်း မရှိပါဘူး။

No comments: