Monday, April 1, 2013

မြောက်ဦးမြို့နယ် ဆူပူမှု အတွင်း ဖမ်းဆီးခံရသူ ၄ ဦး လွတ်မြောက်

မောင်အေး

၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက ပေါ်ပေါက်ခဲ့သည့် မြောက်ဦးမြို့နယ် ဆူပူ အကြမ်းဖက် အတွင်း ဖမ်း ဆီးခံခဲ့ရသည့် ရခိုင်အမျိုးသား ၁၇ ဦးထဲမှ ၄ ဦးကို မတ်လ ၂၉ ရက်နေ့က ပြန်လည်လွတ်ပေး လိုက်သည်ဟု သတင်း ရရှိသည်။

လွတ်မြောက်လာသူများမှာ မြောက်ဦးမြို့ ကြက်ဈေးမှ ဦးလှစောအောင်နှင့် ဦးထွန်းကျော်၊ ပရိန်ကုန်းမှ မောင်တင်ဝင်း၊ ဦးစံသိန်းကျော်တို့ ဖြစ်ကြသည်။

ဦးစံသိန်းကျော်မှာ ကျန်းမာရေး မကောင်း သဖြင့် စစ်တွေ ဆေးရုံ တွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။

ကျန် လွတ်မြောက်လာသူ ၃ ဦးကို မြောက်ဦးမြို့ခံများက ကြိုဆိုခဲ့ကြသည်ဟု မြို့ခံ တစ်ဦးက ပြောသည်။

“သူတို့ ညနေ ၄ နာရီခန့်မှာ မြောက်ဦးသင်္ဘောဆိပ်ကိုရောက်ပါတယ်။ မြို့ခံလူထုတွေက သူတို့ကို ရခိုင်စည်တော်တွေနဲ့ ရခိုင် သူရဲကောင်းဆိုပြီး ကြိုဆိုကြပါတယ်။ ကြိုဆိုတဲ့သူတွေက သိပ်များပါ တယ်။ မြို့လုံးကျွတ်လိုလို ကြိုဆိုကြတာပါ” ဟု မြောက်ဦးမြို့ခံတစ်ဦးမှ ပြောသည်။

ယခု လွတ်မြောက်လာသူများမှာ မိမိတို့နေအိမ်များသို့ ရောက်ရှိသွားပြီး သူတို့အားလုံးမှာ မြောက်ဦးမြို့နယ် အတွင်းဖြစ်ပွားခဲ့သည့် ဆူပူမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းကျခံခဲ့ရသူများ ဖြစ် သည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၂ နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဦးမြို့နယ် ပုရိန်ကုန်းရွာ ဆူပူမှုတွင် ဘီလူးရွာ မှ ကိုမိုးကျော်အပါအ၀င် ရခိုင်အမျိုးသား ၅ ဦးသေဆုံးကာ လူနေအိမ်ပေါင်း ၁၀၀ ကျော် ပျက်စီးခဲ့ရပြီး လူပေါင်း ၁၀ ကျော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

No comments: