Monday, April 1, 2013

သတ္တုသန့်စင်စက်ရုံ တည်ဆောက်ထားတဲ့ ဒေသတွင် ချောင်းရေများ သောက်သုံးဖို့ မကိုက်ညီဟု ဒေသခံများပြော

ကန္တာရဝတီတိုင်း(မ်)


ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ် ရာဧပရားကျေးရွာအနီးရှိ ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံမှ စွန့်ပစ်လိုက်တဲ့ အညစ်အကြေးရေဟာ ချောင်းရေထဲ သတ္တုအဆိပ်တွေ ပါမပါသေချာ စမ်းသပ်မသိရှိရပေမဲ့လို့ ၎င်းချောင်းရေကို အသုံးပြုဖို့ မကိုက်ညီဘူးလို့ ရာဧပရားကျေးရွာအုပ်စုမှ ဥက္ကဌဖြစ်သူ ဦးဘောဒူက ပြောပါတယ်။

စွန့်ပစ်လိုက်တဲ့ရေ အညစ်အကြေးရေတွေဟာ ဂူပေါက်ကနေစွန့်ပစ်လိုက်တာဖြစ်ပြီး ၎င်းဂူပေါက်က ဒေသခံတွေ အသုံးပြုနေတဲ့ လောမူလောချောင်း ရေထွက်ပေါက်နဲ့ အနီးအနားမှာ သွားဆုံနေတာဖြစ်တယ်လို့ ပြောပါတယ်။

"အခုသူတို့ သန့်စင်စက်ရုံတည်ဆောက်တဲ့ နေရာကနေ သူတို့ ဆေးလိုက်တဲ့ သတ္တုတွေကတော့ အဲဒီဘက်မှာ ကျနော်တို့ရွာအောက်ကရေ ပြန်ထွက်လာတယ်။ သူတို့လုပ်တာက ဟိုဘက်အပေါ်မှာ နောက်ပြီးတော့မှ သူတို့ရေက ဂူပေါက်ထဲမှာကျတယ်။ ဂူပေါက်ကဟို့ကျနော်တို့ ရေထွက်ပေါက်ရှိတဲ့ နေရာမှာ သွားဆုံတာရှိတယ်။ လောမူလောချောင်း သူကပြန်ဆင်းလာတာ ခါကျတော့ ဟို့ဒီဘက်မှာ ပြန်ထွက်လာတယ်။ အဲဒီတော့ ကျနော်တို့ရွာသားတွေ အနေနဲ့ အသုံးပြုလို့မကိုက်ညီဘူးထင်တယ်လို့ ကျနော်တို့ပြောတယ်" လို့ပြောပါတယ်။

အန္တာရယ်ရှိလာမှာ စိုးရိမ်လာတဲ့အတွက် ရေကို တခြားနေရာကနေ သွယ်ပေးဖို့ တောင်းဆိုထားကြတယ် ဆိုပါတယ်။ ဦးဘောဒူက ယခုလို ဆက်လက်ပြောသွားပါတယ်။

"အန္တာရာယ်တခုခုရှိမယ်ဆိုရင် ကျနော်တို့က စားမိသောက်မိလို့ရှိရင် သူတို့ကလည်း အဲဒီလိုတခါတည်း ဖြစ်လာတာမဟုတ်ဘူး တဖြည်းဖြည်းနည်းနည်း ဖြစ်လာတတ်တယ်လို့သူများပြောတယ် ဒါကြောင့်မို့လို့ အဲဒီရေကို သီးသန့်သုံးလို့ရအောင် ကျနော်တို့ကို ရေသွယ်ပေးပါပြောထားလို့ သွယ်ပေးမယ်ပြောပြီး ခုထိလည်း မသွယ်ပေးသေးဘူး သီးသန့်ရေ သွယ်ပေးမယ် ဆိုရင်တော့ ဒီရေမသုံးတော့ဘူးပေါ့"

ကယောနီ KNPDP အဖွဲ့မှ သိန်းမျက်လုံးကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီတို့ ပူးပေါင်းပြီး ဖရူဆိုမြို့နယ် မူဆိုကျေးရွာအုပ်စုမှာ ခနောက်စိမ်းသန့်စင်စက်ရုံကို တည်ဆောက်ဖို့ ဒေသခံတွေက ကန့်ကွက်ခဲ့ကြလို့ ၎င်းနေရာမှရွှေ့ကာ ရာဧပရားကျေးရွာ အုပ်စုဘက်ကို ပြောင်းလိုက်တာဖြစ်ပါတယ်။

လုပ်ငန်းအနေနဲ့ ယခုမှ စမ်းသပ်တဲ့အနေနဲ့ စတင်လည်ပတ်တာ ဖြစ်တယ်လို့ လုပ်ငန်းကြီးကြပ်ရေး တာဝန်ရှိသူက ယခုလိုရှင်းပြပါတယ်။

"စလည်ပတ်တာကတော့ တလတော့ရှိပြီ နေ့တိုင်းတော့ မလည်နိုင်ဘူး စက်က ခဏခဏပျက်နေတယ်။ စက်စမ်းနေတော့ လိုအပ်တဲ့နေရာမှာ ပစ္စည်းတွေ သေချာမစစ်ရသေးဘူး။ ဒီနေရာမှာ ဘာလိုလဲဆိုတာတွေ တဆင့်ပြီးတဆင့် အခုက ငါးဆင့်ရှိတယ်။ သိန်းမျက်လုံးတခုတည်းပါပဲ"

ခနောက်စမ်းသန့်စင်တဲ့နေရာမှာ အညစ်အကြေးရေတွေကို ပြန်ပြီး အသုံးပြုတဲ့အတွက်ကြောင့် အပြင်ကို ထိခိုက်ခြင်း မရှိနိုင်လောက်ဘူးလို့ တရုတ်ကုမ္ပဏီဘက်မှ ပညာရှင်က ယခုလိုပြောပါတယ်။

"ကန်ထဲကိုပဲ ပြန်ထည့်ပြီးတော့ ကန်ထဲကနေပဲတဆင့် ပြန်စုပ်ထုတ်တယ်။ အပြင်ကို ထိခိုက်မှုတော့မရှိပါဘူး။ ကျလာတဲ့ အညစ်အကြေးရေတွေကို ကန်ထဲကို ပြန်သွင်းပြီးတော့မှ ပေါ်မှာပဲပြန်စုပ်တင်တာပါ။ ရေက ဒီလိုပဲ ပြန်လည်ပတ်တယ်"

ကယားပြည်နယ်အတွင်းတွင် ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ၊ လက်နက်အကိုင်အဖွဲ့အစည်းတွေက နယ်မြေအလိုက် နယ်မြေစိုးမိုးမှုတွေ ရှိနေတဲ့အတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် စီးပွားရေးသမားများမှာ လက်နက်ကိုင် အဖွဲ့အစည်းကနေ ပူးပေါင်းလုပ်ကိုင် လာနေကြတာ ဖြစ်ပါတယ်။

ဒေသခံအနေနဲ့ အဖွဲ့အစည်းတွေအပေါ် ရိုသေသမူပြုရတဲ့ အတွက်ကြောင့်လည်း ယခုလို စက်ရုံတည်ဆောက်နေတဲ့ အခြေအနေကို လက်ခံခဲ့ရတာပါလို့ ဦးဘောဒူက ပြောပါတယ်။

"သူတို့ခေါ်လာတော့ ငါတို့ဒီမှာလာလုပ်မယ်။ လုပ်ခွင့်ပေးမလား မပေးဘူးလားသူပြောတော့ သူတို့ခါကျတော့ အဖွဲ့အစည်းနဲ့ အလုပ်လုပ်ကြတာကိုး အေး ကျနော်တို့ကလည်း လုပ်ခွင့်မပေးတာလည်း မကောင်းပါဘူး အဲဒါခါကျတော့ ကျနော်တို့လည်းနားမလည်ခါကျတော့ လူကြီးမင်းတို့အနေနဲ့ ဆောက်သင့်တယ်ဆို ဆောက်ဖို့ အဓိက ကျနော်တို့ ပြည်သူအတွက် ဘာမှ အန္တာရယ်မဖြစ်ဖို့အတွက်ပါပဲ"

ရာဧပရားကျေးရွာအုပ်စုအတွင်း ခနောက်စိမ်း တူးဖော်ထုတ်နေတာ နှစ်ပေါင်း ဆယ် နှစ်ကျော်လောက်ရှိပြီး ယခင်က ဒေသခံတွေက လက်နဲ့ တူးဖော်ကြတာဖြစ်ပါတယ်။ ယခုနောက်ပိုင်းတွင်မှာတော့ စက်ယန္တာယားနဲ့ လာရောက်တူးဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့မှာတော့ ဖရူဆိုမြို့နယ် လောဂျာကျေးရွာဘက်မှာ ဂျပန်ကုမ္ပဏီ (BUSINESS SOPPORT MYANMAR CO, LTD.) ကနေ သတ္တုသန့်စင်စက်ရုံတရုံ ထပ်မံ ဆောက်ဖို့ ဒေသခံတွေနဲ့ ညှိနိုင်းဆွေးနွေး ထားကြပြီး ဖြစ်ပါတယ်။

ကယားပြည်နယ်အတွင်း ရင်းနှီးမြုပ်နှံမှုနဲ့ စီမံကိန်းများလုပ်ဆောင်ရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံလူထုတို့ကို ထိခိုက်နှစ်နာမှုတွေ ရှိစေလာမည့် လုပ်ငန်းများနဲ့ ပတ်သက်လို့ စောင့်ကြည့်ရေးအဖွဲ့အစည်းများ ခိုင်ခိုင်မာမာ ဖွဲ့စည်းထားခြင်း မရှိသေးပါ။



No comments: