Tuesday, April 16, 2013

အမေရိကန်ပြည်ထောင်စု တွင် ဘုရားရေသပ္ပါယ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ ပထမအကြိမ် ကျင်းပ

မောင်ရမ္မာ

အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်တွင် မြန်မာတိုင်းရင်းသားများမှ စုပေါင်းပြီး နှစ်သစ်ကူး မဟာသင်္ကြန် အတွင်း ဘုရားရေသပ္ပါယ်ပွဲနှင့် သက်ကြီးပူဇော်ပွဲကို ပထမဆုံး အကြိမ် ကျင်းပခဲ့သည်ဟု သတင်းရရှိသည်။

၎င်းပွဲတော်ကို အိုင်အိုဝါပြည်နယ် Des Moines မြို့ရှိ သုခ ဓမ္မ၀ိဟာရ မြန်မာတိုင်း ရင်းသားကျောင်း၌ ဧပြီလ ၁၄ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ နေ့လည် ၂ နာရီထိ ကျင်းပပြုလုပ်ခဲ့သည်ဟု ရခိုင်အမျိုးသားရေး အသင်း ဥက္ကဌ ကိုအေးလွင်က နိရဉ္စရာသို့ ပြောသည်။

“ မြန်မာတိုင်းရင်းသားတွေ များစုပေါင်းပြီး အတာသင်္ကြန်မှာ ဘုရားရေသပ္ပါယ်တာဟာ ကျွန်တော်တို့ နေထိုင် တဲ့ Des Moines မြို့ မှာ ပထမအကြိမ်မြောက်ကျင်းပတာဖြစ်ပါတယ်။ ဒီမှာက အေးတဲ့ ရာသီဆိုတော့ လူတွေ သင်္ကြန် ရေပက်တာကိုတော့ ၅ လပိုင်းလောက်မှာဘဲ ကျင်းပဖို့ စီစဉ်ထား ပါတယ်။ ရေလောင်းပွဲတွေ မလုပ်နိုင် ပေမယ့် နှစ်သစ်ကူးမှာ အခုလို ဘုရားရေသပ်ပယ်တာ၊ သက်ကြီး ပူဇော်ပွဲကိုတော့ ဒီ အိုင်အိုဝါပြည်နယ်ကို ရောက်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ စုပေါင်းပြီးတော့ ပြုလုပ်ကြတာ ဖြစ်ပါတယ်။”
အခမ်းအနားတွင် တက်ရောက်လာသူ ဗုဒ္ဓဘာသာဝင်များက ဘုရားရေသပ္ပါယ်ပြီး ငါးပါးသီလခံယူကာ သုခ ဓမ္မ၀ီဟာရ ဆရာတော် (ဦးသုန္ဓြရ)မှ အနုမောဒနာ တရားဟောကြားခဲပါသည်။

၎င်းအပြင် သုခဓမ္မ ၀ီဟာရကျောင်း ဂေါပကအဖွဲ့ ဝင်များမှ ဘုန်းကြီးကျောင်း ဖြစ်မြောက်ရေး လုပ်ဆောင်ခဲ့ သည့် များနှင့်ပတ်သတ်ပြီး ရှင်းလင်းတင်ပြကြပြီး သက်ကြီးရွယ်အိုများကို ပူဇော် ကန်တော့ ခဲ့ကြသည်ဟု သိရသည်။

ဘုရားရေသပ္ပါယ် ပွဲနှင့် သက်ကြီးပူဇော်ပွဲကို လူပေါင်း ၁၅၀ ခန့်တက်ရောက်ခဲ့ပြီး တက်ရောက်သူများအား ရခိုင်မိသားစုများမှ ရခိုင်မုန့်တီဖြင့် ဧည့်ခံပြီး ကျန် ဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသားများက ရိုးရာအစား အစာများဖြစ်သည့် ရွေရင်အေး၊ မုန့်ဖက်ထုတ်၊ မုန့်လုံးရေပေါ် များဖြင့် တည်ခင်းဧည့်ခံခဲ့သည်ဟု သိရသည်။

အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်တွင် သုခဓမ္မ၀ိဟာရကျောင်းသည် ပထမဆုံး မြန်မာ တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များက စုပေါင်း တည်ထောင် ကိုးကွယ်သည့် ဘုန်းကြီးကျောင်းဖြစ်သည်။

No comments: