Saturday, April 13, 2013

စစ်တွေ ရခိုင်သင်္ကြန်ကို မိဇံရပ်ကွက်တွင် မဏ္ဍပ်ကြီးများ ဆောက်လုပ်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်


စစ်တွေမြို့ ရခိုင်သင်္ကြန်ကို မိဇံရပ်ကွက်တွင် မဏ္ဍပ်ကြီးများကို တစ်နေရာတည်းတွင် တည်ဆောက်ပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရသည်။

စစ်တွေမြို့တော် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ကျင်းပရေး ကော်မီတီမှ ကြီးမှူးပြီး ကျင်းပသွားမည် ဖြစ်ကြောင်း ဦးစံကျော်လှက ပြောသည်။

“ မိဇံရပ်ကွက်မှာ မဏ္ဍပ်ကြီး ၄ ခုကို တစ်နေရာတည်းမှာ တည်ဆောက်ပြီး ရခိုင်ရိုးရာ သင်္ကြန်ကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ အထူးအစီအစဉ်တွေနဲ့ စည်စည်ကားကား ကျင်းပသွားဖို့ စီစဉ်နေတာကိုတွေ့ရပါတယ်။ သင်္ကြန်ကတော့ ဒီအတိုင်းဆိုရင် ထင်ထားတာထက် ပိုစည်ကားနိုင်ပါတယ်” ဟု ပြောသည်။

၎င်းပြင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ မြို့နယ် ရုံးရှေ့တွင်လည်း မဏ္ဍပ်ကြီး တစ်ခု ဆောက်လုပ်ပြီး လောင်းလှေတွင် ရေဖြည့်ကာ ရခိုင်ရိုးရာ သင်္ကြန်ကိုဆင်နွဲသွားမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရမှလည်း ဦးဥတ္တမ ပန်းခြံရှေ့တွင် ဗဟိုမဏ္ဍပ်ကို ဆောက်လုပ်ပြီး ကျင်းပသွားမည်ဟု ဆိုသည်။

“ သင်္ကြန်က မနက်ဖြန် ဧပြီလ ၁၄ ရက်နေ့မှာမှ စစ်တွေမှာ စဖွင့်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အစိုးရ ကနေ နံနက်စောစောမှာ ဗဟိုမဏ္ဍပ်ကို စဖွင့်မှာ ဖြစ်ပါတယ်။ အဲဒီ ဗဟိုမဏ္ဍပ်ဘေးမှာလည်း ရခိုင်ရိုးရာ ရေကစား မဏ္ဍပ် တစ်ခု ပါဝင်မှာ ဖြစ်ပါတယ်။ မဏ္ဍပ်ကတော့ လက်ရှိ (၆) ခုလောက်တွေ့ရပါတယ်” ဟု ဆိုသည်။

ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် နံသာသွေးပွဲ၊ ဘုရားရေသပ္ပါယ် ပွဲများဖြင့် စတင် စည်ကားနေပြီ ဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့တွင်လည်း ယနေ့ (ဧပြီလ ၁၃ ရက်နေ့) နံနက်က မြို့လုံးကျွတ် ဘုရားရေးသပ္ပါယ်ပွဲတော်ကို ကျင်းပခဲ့သည်ဟု သိရသည်။

No comments: