Sunday, April 7, 2013

မတည်ငြိမ်မှုများကြောင့် ပြည်တွင်း ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ထိခိုက်စေနိုင်

နေဇော် (သံတွဲ)

ယခုနှစ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်သည် ဒေသတွင်း ပဋိပက္ခများကြောင့် နှစ်စဉ် ကျင်းပလျှက်ရှိသော ရန်ကုန်နှင့် စစ်တွေမြို့များတွင် ကျင်းပမည့်ရ ခိုင်ရိုးရာသင်္ကြန်ပွဲတော်မှာ ယခင်နှစ်များကဲ့သို့စည်ကားနိုင်မည်မဟုတ်ကြောင်းသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးစီစဉ် သူများက သုံးသပ်ကြသည်။

ရန်ကုန်ရခိုင်သင်္ကြန်မှာ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့်သင်္ကြန်မဏ္ဍာပ်များ ယခင်နှစ်များထက် လျော့နည်းသွားပြီး၊ ဆင်နွှဲသူလည်း နည်းသွားနိုင်ကြောင်း ရခိုင်သင်္ကြန်ဖြစ်မြောက်ရေးကော်မတီနာယက ဒေါ်စောခင်တင့်က ဆိုသည်။

"ဒီနှစ်ရခိုင်သင်္ကြန်ကို စည်ကားဖို့ထက် အစဉ်အလာ မပျက်ရလေအောင် ကျင်းပဖို့ ကြိုးစားနေကြတယ်၊ လုံခြုံရေးပိုင်းကိုလည်း ရခိုင်ရေးရာဝန်ကြီးနဲ့ညှိနှိုင်း ဆောင်ရွက်ထားပါတယ်။ ရေလောင်း မဏ္ဍာပ်တွေကိုတော့ သုဝဏ္ဏကွင်းမှာ လုပ်မယ်။ အရင်နှစ်တွေက မဏ္ဍာပ်(၁၂)ခုထိ ရှိခဲ့တယ်၊ လက်ရှိမှာတော့ မဏ္ဍာပ် (၆)ခုပဲ စာရင်း ရပါသေးတယ်။" ဟု ဒေါ်စောခင်တင့်က ပြောသည်။

စစ်တွေမြို့တွင် ရပ်ကွက် ၃၀ ကျော်ရှိသည့်အနက် ယခုနှစ်တွင် မဏ္ဍာပ် ၁၀ခုသာထွက်နိုင်မည်ဖြစ်ကြောင်းရခိုင်ရိုးရာဖော်ထုတ်ရေးကော်မတီ(မြို့လုံးကျွတ်)၏နာယကဖြစ်သူ စာရေးဆရာ ဗဂျီးကျော်က ဆိုသည်။

ရခိုင်သင်္ကြန်စည်ကားမှု အားနည်းခြင်းမှာ အုပ်ချုပ်သည့် အစိုးရ၏ မူဝါဒနှင့်သက်ဆိုင်ကြောင်းကို "မဆလ ခေတ်တုန်းက ဆိုရင် အာဏာပိုင်တွေကိုယ်တိုင် ဗဟိုမဏ္ဍပ်မှာ ရခိုင်ရိုးရာသင်္ကြန် ဆိုပြီးတော့ ရခိုင့်ဟန်စစ်စစ်နဲ့ ကျင်းပခဲ့တယ်။ စစ်အစိုးရခေတ် အရပ်ဘက် ရခိုင်မဏ္ဍာပ်တွေအားလုံးဖျက်ပစ်တယ်။ ဗဟိုမဏ္ဍာပ်တခုတည်း ထားပြီး မြန်မာ့ရိုးရာမဟာ သင်္ကြန်ကို ပြောင်းပစ်လိုက်တယ်။ အစိုးရသစ်လက်ထက်မှာ ဗဟိုမဏ္ဍာပ်ကို မြန်မာ့ရိုးရာနဲ့ကျင်းပသလို၊ ရပ်ကွက်၃ခု မဏ္ဍာပ်တခုကျ ရခိုင်ရိုးရာအနေနဲ့ထွက်ခွင့်ပြုထားတယ်။ အုပ်ချုပ်တဲ့အစိုးရအပေါ် မူတည်ပြီးတော့ ရိုးရာသင်္ကြန် စည်ကားမှုဟာ ပြောင်းလဲမှုရှိနေတယ်။" ဟု ပြောင်းလဲလာပုံကို ရခိုင် ရိုးရာ ချစ်သူများက ထောက်ပြသည်။

ရခိုင်ပြည်နယ်အစိုးရက"မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်"ကိုဧပြီ၁၂ရက်နေ့မှ၁၆ရက်နေ့ထိလည်းကောင်း၊ စစ်တွေ ရခိုင်ရိုးရာဖော်ထုတ်ရေးကော်မတီ(မြို့လုံးကျွတ်)ကလည်း "ရခိုင်ရိုးရာသင်္ကြန်ပွဲတော်"ကို ဧပြီ၁၃ရက်နေ့မှ ၁၇ ရက်နေ့ထိ လည်းကောင်း စစ်တွေမြို့တွင်ကျင်းပပြုလုပ်သွားကြမည်ဖြစ်ကြောင်းသိရသည်။

No comments: