Friday, April 5, 2013

ကျောင်းသား ခေါင်းဆောင် ကိုရဲမင်းဦးကို ဧပြီ ၂၃ ရက်နေ့ ဒုတိယအကြိမ် ရုံးထုတ်မည်

မောင်အေး

မတရား စွပ်စွဲ ဖမ်းဆီးခံရသည်ဟု သူ့လုပ်ဖေါ်ကိုင်ဘက်များက ခိုင်ခိုင်မာမာ ယုံကြည်ထားသော ကျောင်းသား ခေါင်းဆောင် ကိုရဲမင်းဦးကို ဧပြီလ ၂၃ ရက်နေ့တွင် ဒုတိယ အကြိမ် ရုံးထုတ်သွားမည်ဟု သိရသည်။

ကိုရဲမင်းဦးကို ဧပြီလ ၄ ရက် ယနေ့တွင် ပထမအကြိမ် ရုံးတင် စစ်ဆေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဧပြီလ ၂၃ ရက်နေ့တွင် ရုံးတင် စစ်ဆေးမည်ဖြစ်ကြောင်း သူ၏ လုပ်ဖေါ်ကိုင်ဘက် တစ်ဦးက ပြောသည်။

“သူ့ကို ဒီလ ၂၃ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးတင်စစ်ဆေးမှာ ဖြစ်ပါတယ်။ ရဲမင်းဦးက မတရား ဖမ်းဆီး ခံရတာဖြစ်တယ်လို့ ယုံကြည်ထားတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘက်ကလည်း အတတ် နိုင်ဆုံး ဥပဒေကြောင်း အရ ခုခံကာကွယ်ဖို့ အတွက် ရှေ့နေနှစ်ဦးလည်း ငှားထားပါတယ်”ဟု ပြော သည်။

ကိုရဲမင်းဦးကို ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော် အကြည်ညို ပျက် စေမှုပုဒ်မ ၅၀၅ (ခ) နှင့် ရုံးထုတ်ခဲ့သည်။

ကိုရဲမင်းဦးကို မည်သည့်အကြောင်းနှင့် ယခုကဲ့သို့ ဖမ်းဆီး ထိမ်းသိမ်း ထားသည်ကို အတိအကျ ပြောရန် ခက်ခဲသော်လည်း ၉၆၉ လှုပ်ရှားနှင့် နာမည်ကြီး တရားဟော ဆရာတော် တချို့ကို နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု အာဏာပိုင်များက သံသယ ရှိနေ၍ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သူကဆက်ပြောသည်။

“သူ့ကို ဘာကြောင်း အာဏာပိုင်တွေက ဖမ်းတယ်ဆိုတာကို ကျွန်တော်တို့ အတိအကျ မပြော နိုင်ဘူး။ ဒါပေမဲ့ တစ်ခု ရှိတာက – ကိုရဲမင်းဦးဟာ ရွှေည၀ါဆရာတော်၊ ပဲခူးဆရာတော်၊ မန္တလေး ဆရာတော်နဲ့ မော်လမြိုင်က ဆရာတော်တွေကို ဒီဟာလုပ်၊ ဒီလိုဟော၊ ဒီဟာတွေကိုထုတ် ဆိုပြီး ကြိုးကိုင်တယ် ဆိုပြီး စွပ်စွဲထားတယ်လို့တော့ ကိုရဲမင်းဦး ပြောခဲ့တယ်” ဟု သူက ဆိုသည်။

ကိုရဲမင်းဦးကို မတ်လ၂၅ ရက်နေ့ ည ၉ နာရီ မိနစ် ၃၀ ခန့်က ဗဟန်း မြို့နယ် ဦးသာသနာ့ကျောင်း တိုက်မှ အရပ်ဝတ်နှင့် လူနှစ်ဦးက လာရောက်ခေါ်ဆောင်သွားခဲ့ပြီးနောက် ပျောက်ဆုံးနေခဲံ့သည်။

ယခုကဲ့သို့ ကိုရဲမင်းဦး မတရားဖမ်းဆီးခံရသည့်အတွက် မိသားစုများမှလည်း စိုးရိမ်နေကြပြီး ဖခင် ဖြစ်သူမှာ ကျန်းမာရေး မကောင်းဖြစ်နေကြောင်း သိရသည်။

မိသားစုဝင်များနှင့် ကိုရဲမင်းဦး ရက်အတန်ကြာ အဆက်အသွယ် ပြတ်တောက်ခဲ့သည့်အတွက် မတ်လ ၂၆ ရက်နေ့က ဗဟန်းမြို့နယ် ရဲစခန်းတွင် ၁၃/၂၀၁၃ ဖြင့် လူပျောက်အနေဖြင့် အမှုဖွင့်တိုင်ကြားခဲ့ပြီး မတ် လ ၂၉ ရက်နေ့တွင် ပြည်သူ့လွတ်တော် တရား ဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေး ကော်မီတီ၊ ရခိုင် နိုင်ငံရေး ပါတီများ၊ နိုင်ငံတကာသံရုံးများနှင့်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) သို့ ရခိုင်လူ ငယ်များအဖွဲ့ (AYO) အသိပေး တိုင်ကြားခဲ့သည်။

ကိုရဲမင်းဦးမှာ ကျောင်းသားသမဂ္ဂ (ဖြစ်မြောက်ရေးကော်မီတီ) အတွင်းရေးမှူး တာဝန်ယူထားပြီး ၂၀၀ ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားခဲ့သည့် အတွက် အာဏာပိုင်များမှ ဖမ်းဆီး အကျဉ်း ချခြင်းကို ခံခဲ့ရပြီး ၂၀၁၁ ခုနှစ် မေလတွင် ပြန်လည် လွှတ်မြောက်လာခဲ့သည်။

ဖမ်းဆီး ထောင်ချ မခံရမှီက စီးပွားရေး တက္ကသိုလ် (ရန်ကုန်)တွင် ပညာသင်ကြားနေသူ တစ်ဦး ဖြစ်ပြီး ထောင်မှ လွှတ်လာပြီးနောက် ပညာသင်ကြားခွင့်ကို ပိတ်ပင်ခံထာရသူ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)၏ ထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။

ကိုရဲမင်းဦးသည် အကျဉ်းထောင်မှ ပြန်လည် လွှတ်မြောက်လာပြီးနောက် အမျိုးသားနိုင်ငံရေးတွင် တက်ကြွစွာ ပါဝင် လူပ်ရှားနေသူ တစ်ဦး ဖြစ်ပြီး လက်ရှိ အချိန်တွင်လည်း ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေး ကော်မီတီ)တွင်လည်း အတွင်းရေးမှူး အဖြစ် ဆောင်ရွက်နေသူ တစ်ဦး ဖြစ်ကြောင်း
သိရသည်။

ကိုရဲမင်းဦးအား ဘာသာရေး လူမျိုးရေး ပဋိပက္ခများနှင့် ဆက်စပ်ပြီး မတရား စွပ်စွဲ ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး သူ့၏ လုပ်ဖေါ်ကိုင်ဘက်များ အကြားတွင် စိုးရိမ်မူများ တိုးပွားနေသည်ဟု သိရသည်။

No comments: